မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Manuel Reino Berengui/DeFodi Images via Getty Images

သတိနဲ့ စောင့်နေကြပါ

ကမ္ဘာ့ဖလားပွဲက လူတွေကို တကယ်ပဲ စည်းလုံးစေနိုင်သလား—ကျမ်းစာအဆိုက ဘာလဲ

ကမ္ဘာ့ဖလားပွဲက လူတွေကို တကယ်ပဲ စည်းလုံးစေနိုင်သလား—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပတဲ့ ဖီဖာ (FIFA) ကမ္ဘာ့ဖလားပွဲကို လူပေါင်း သန်းငါးထောင်လောက် ကြည့်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုအားကစားပွဲကို အတူကြည့်ရှုတာက လူတွေကို စည်းလုံးစေမယ်လို့ လူများစွာ ယူမှတ်ကြတယ်။

  •    “အားကစားက ကမ္ဘာကြီးကို ပြောင်းလဲနိုင်စွမ်း ရှိတယ်။ စိတ်လှုပ်ရှား တက်ကြွစေတယ်။ တစ်နည်းနည်းနဲ့ လူတွေကို စည်းလုံးစေတယ်။”—နယ်လ်ဆင် မင်ဒဲလား၊ တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း။

  •    “ဘောလုံးအားကစားက ... လူတွေကို မျှော်လင့်ချက် တူစေတယ်၊ အတူရွှင်လန်းစေတယ်၊ အားမာန်တက်ကြွစေတယ်။ တခြားသူတွေကို မေတ္တာထားလာစေတယ်၊ မတူကွဲပြားသူတွေမှာ တူညီချက် ရှိလာစေတယ်။”—ဂျန်နီ အင်ဖန်တီနို၊ FIFA ဥက္ကဋ္ဌ။ a

 ကမ္ဘာ့ဖလားပွဲ ဒါမှမဟုတ် အားကစားပွဲတွေကနေ အဲဒီလို ရလဒ်ကောင်းမျိုး ရစေနိုင်သလား။ ငြိမ်သက်မှုနဲ့ စည်းလုံးမှုရဖို့ မျှော်လင့်နိုင်ပါဦးမလား။

လူတွေကို တကယ်ပဲ စည်းလုံးစေနိုင်မလား

 ဒီနှစ် ကမ္ဘာ့ဖလားက ဘောလုံးပွဲလောက်ပဲ မဟုတ်ဘူးလို့ လူတွေ ယူဆကြတယ်။ အားကစားပွဲတွေကနေ လူမှုရေး၊ နိုင်ငံရေး ကိစ္စတွေကို လူတွေ ဆွေးနွေးလာကြတယ်။ လူ့အခွင့်အရေး၊ လူမျိုးရေး၊ စီးပွားရေးတန်းတူဖြစ်ရေး စတဲ့ ကိစ္စတွေ ပါဝင်တယ်။

 ဘယ်လိုပဲဖြစ်ပါစေ၊ ကမ္ဘာ့ဖလားလိုမျိုး နိုင်ငံတကာအားကစားပွဲတွေကို ကြည့်ပြီး လူတွေ ပျော်ကြတယ်။ ဒါပေမဲ့ လူတွေ ဆန္ဒရှိသလို ရေရှည်စည်းလုံးမှုကိုတော့ မဖြစ်စေနိုင်ဘူး။ အဲဒီအစား လူတွေရဲ့ သဘောထား၊ လုပ်ရပ် ကွဲလွဲမှုတွေကို တွေ့ရတယ်။ အဲဒါတွေက ကျမ်းစာမှာ ပြောထားတဲ့ “နောက်ဆုံးကာလ” ဖြစ်ကြောင်း သက်သေထူပါတယ်။—၂ တိမောသေ ၃:၁-၅

ကမ္ဘာချီစည်းလုံးမှုအတွက် စစ်မှန်တဲ့မျှော်လင့်ချက်

 ကမ္ဘာတစ်ခွင်လုံး စည်းလုံးမယ်ဆိုတဲ့ စစ်မှန်တဲ့ မျှော်လင့်ချက် ကျမ်းစာမှာ ပါတယ်။ “ဘုရားသခင့်နိုင်ငံတော်” လို့ခေါ်တဲ့ ကောင်းကင်အစိုးရ အုပ်ချုပ်မှုအောက်မှာ ကမ္ဘာသူကမ္ဘာသားအားလုံး စည်းလုံးကြမယ်လို့ ကျမ်းစာ ကတိပြုထားတယ်။—လုကာ ၄:၄၃။ မဿဲ ၆:၁၀

 ဘုရားသခင့် နိုင်ငံတော်ရဲ့ဘုရင် ယေရှုခရစ်က တစ်ကမ္ဘာလုံး ငြိမ်းချမ်းအောင် လုပ်ဆောင်ပေးမယ်။ ကျမ်းစာက ဒီလိုဆိုတယ်–

  •    “မင်းကြီးရဲ့လက်ထက်မှာ ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။ ... ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။”—ဆာလံ ၇၂:၇

  •    “အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေ ... ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။”—ဆာလံ ၇၂:၁၂၊ ၁၄

 ဒီနေ့အချိန်မှာတောင် နိုင်ငံနဲ့နယ်မြေ ၂၃၉ ခုမှာရှိတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ ယေရှုရဲ့သွန်သင်ချက်တွေကို လိုက်နာလို့ စည်းလုံးနေကြပါပြီ။ မုန်းတီးစိတ်တွေကို ဖျောက်နိုင်အောင် သူတို့ သင်ယူခဲ့ကြပြီ။ ဒီအကြောင်း ပိုသိချင်ရင် “အမုန်းသံသရာကို ချေဖျက်ခြင်း” ခေါင်းစဉ်ရှိတဲ့ ဆောင်းပါးတွဲတွေကို ဖတ်ကြည့်ပါ။

a Fédération Internationale de Football Association၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်။