မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွမ်း​ဖိုး​အဖြစ် တိရစ္ဆာန်​တွေ​ကိုလည်း ပေး​နိုင်

သင် သိပါသလား

သင် သိပါသလား

ရှေးခေတ် အစ္စရေး​လူမျိုး​တွေ ဘာကြောင့် ကွမ်း​ဖိုး​ ပေး​ကြသလဲ

ကျမ်းစာ​ခေတ်​တုန်း​က မင်္ဂလာဆောင်​ဖို့ စီစဉ်​တဲ့​အချိန်မှာ သတို့သမီး​ရဲ့ မိသားစုကို ကွမ်း​ဖိုး (သတို့သမီး တင်​တောင်း​ကြေး) ပေးလေ့​ရှိတယ်။ ကွမ်း​ဖိုး​အဖြစ် အဖိုးတန်​ပစ္စည်း၊ တိရစ္ဆာန်၊ ငွေကြေး​တွေ ပေး​နိုင်တယ်။ တစ်ခါ​တ​လေ အလုပ်လုပ်​ပေး​ရတာ​လည်း ဖြစ်​နိုင်တယ်။ ယာကုပ်ဟာ ရာခေလ​ကို ရဖို့ ခု​နစ်​နှစ် အလုပ်လုပ်​ပေး​ခဲ့တယ်။ (က. ၂၉:၁၇၊ ၁၈၊ ၂၀) ဘာ​အတွက် ကွမ်း​ဖိုး ပေး​တာလဲ။

ကျမ်း​ပညာရှင် ကာရိုလ် မေ​ယာ​က “ကွမ်း​ဖိုး​ဆိုတာ မိသားစု​အတွက် အရေးပါတဲ့ သမီးရဲ့ လုပ်အား ဆုံးရှုံး​သွားတာ​ ဖြစ်လို့ လျော်ကြေး​ ပေး​တဲ့ သဘော ဖြစ်​နိုင်တယ်” လို့ ပြောတယ်။ ဆွေမျိုး​တော်စပ်​လာတဲ့ မိသားစု​ နှစ်စု​ဟာ ကွမ်း​ဖိုး​ ပေး​တဲ့​အတွက် ပို​ရင်းနှီး​လာတယ်။ ဒီ​မိသားစု​တွေ​ဟာ ဒုက္ခ​ရောက်ချိန်​မှာ အပြန်အလှန် ကူညီ​ပေး​ကြတယ်။ ဒါ့အပြင် ကွမ်း​ဖိုး​ ပေး​လိုက်တဲ့​အတွက် အမျိုးသမီးဟာ စေ့စပ်​ပြီးပြီ၊ ဖခင်​ ဖြစ်သူ​ရဲ့ ကာကွယ်​စောင့်ရှောက်မှု​အောက်​ကနေ ခင်ပွန်း​ရဲ့ ကာကွယ်​စောင့်ရှောက်မှု​အောက် ရောက်တော့​မယ်​ဆိုတာ​ကို ပြ​တယ်။

ကွမ်း​ဖိုး​ ပေး​လိုက်လို့ ဇနီး​ဖြစ်သူ​ကို ကုန်​ပစ္စည်း​လို အရောင်းအဝယ် လုပ်တဲ့​ သဘော မဟုတ်ဘူး။ “ငွေကြေး ဒါမှ​မဟုတ် အဖိုးတန်အရာ​တွေ ပေး​လိုက်​ရလို့ မင်္ဂလာဆောင်​တာ​ကို ပစ္စည်း​ဝယ်​သလို မြင်​မိ​နိုင်တယ်။ ဒါပေမဲ့ ကွမ်း​ဖိုး​ ပေး​တာ​ဟာ သတို့သမီး​ရဲ့ မိသားစုကို နစ်နာကြေး​ ပေး​တဲ့ သဘော​ ဖြစ်​ပြီး အမျိုးသမီး​တစ်ယောက်​ရဲ့ အဖိုးအခ​ကို ပေး​တဲ့​ သဘော မဟုတ်ဘူး” လို့ စာအုပ်​တစ်အုပ် (Ancient Israel—Its Life and Institutions) က ဆိုတယ်။

အခုခေတ် နိုင်ငံ​တချို့​မှာ ကွမ်း​ဖိုး​ ပေး​တဲ့ ထုံးစံ ရှိနေတုန်းပဲ။ ခရစ်ယာန်​ မိဘတွေ​အနေ​နဲ့ ကွမ်း​ဖိုး​ တောင်း​တဲ့​အခါ သင့်တင့်​တဲ့ ပမာဏ​ကို​သာ တောင်းဆိုခြင်း​အားဖြင့် သူတို့ရဲ့ ‘အကျိုးသင့်​အကြောင်းသင့်​သဘောကို လူတိုင်း သိမြင်​စေ’ သင့်တယ်။ (ဖိ. ၄:၅။ ၁ ကော. ၁၀:၃၂၊ ၃၃) ဒီ​နည်းနဲ့ သူတို့ဟာ “ငွေ​ကို​ တပ်​မက်​သူ၊” လောဘ​ကြီး​သူ မဟုတ်​ကြောင်း ပြ​ရာ​ရောက်တယ်။ (၂ တိ. ၃:၂) ဒါ့အပြင် ခရစ်ယာန်​ မိဘတွေ ကွမ်း​ဖိုး မတန်တဆ မတောင်း​ဘူးဆို​ရင် သတို့သား​လောင်း​အနေ​နဲ့ ကွမ်းဖိုး​ ပေး​နိုင်​တဲ့ အချိန်အထိ မင်္ဂလာပွဲ ရွှေ့ဆိုင်း​ရတာ​မျိုး မဖြစ်​တော့​ဘူး။ ကွမ်း​ဖိုး​ ပေး​နိုင်အောင် အချိန်ပြည့်​ အလုပ်လုပ်ဖို့ ရှေ့​ဆောင်​လုပ်ငန်း​ကနေ နား​လိုက်ရ​တာ​မျိုး မဖြစ်​တော့​ဘူး။

ကမ္ဘာ့​ဒေသ​တချို့​မှာ ကွမ်း​ဖိုး​ကို ဥပဒေ ပြဋ္ဌာန်း​ထား​တာ​ ရှိတယ်။ အဲဒီလို ရှိတယ်ဆိုရင် ခရစ်ယာန်​ မိဘတွေ​အနေ​နဲ့ ဥပဒေ​ကို လိုက်နာ​ရမှာ​ ဖြစ်တယ်။ ဘာကြောင့်လဲ။ ကျမ်းစာ​မှာ ခရစ်ယာန်​တွေ​ဟာ ဘုရား​ပညတ်​နဲ့ မဆန့်ကျင်​တဲ့ ‘အထက်​အာဏာပိုင်တွေ​ရဲ့ ဥပဒေ​ကို လက်အောက်​ခံရ​မယ်’ လို့ ပြော​ထား​လို့​ပဲ။—ရော. ၁၃:၁။ တ. ၅:၂၉