မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | လူငယ်များ

သားသမီးတွေ ဝမ်းနည်းကြေကွဲတဲ့အခါ

သားသမီးတွေ ဝမ်းနည်းကြေကွဲတဲ့အခါ

အခက်အခဲ

ဒါမီ ခြောက်နှစ်သမီးအရွယ်မှာ သူ့အဖေ ဦးနှောက်သွေးကြောဖောင်းရောဂါနဲ့ သေဆုံးသွားတယ်။ ဒဲစ် ကိုးနှစ်သားအရွယ်မှာ သူ့အဖေ နှလုံးရောဂါနဲ့ သေသွားတယ်။ ဂျဲနီရဲ့အသက် ခုနစ်နှစ်မှာ သူ့အမေ သားအိမ်ကင်ဆာရောဂါကို တစ်နှစ်လောက် ခါးစည်းခံပြီး ဆုံးသွားတယ်။ *

ဒီကလေးသုံးယောက်ဟာ ချစ်ရသူတစ်ဦး ဆုံးပါးသွားတဲ့အဖြစ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကြုံတွေ့ခဲ့ရတယ်။ သင်ကော အဲဒီလို ကြုံတွေ့ဖူးသလား။ ကြုံတွေ့ဖူးတယ်ဆိုရင် ဆုံးၡုံးမှုကို ခံရပ်နိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးနိုင်တယ်။ * ဦးဆုံး၊ ဝမ်းနည်းပူဆွေးခြင်းနဲ့ပတ်သက်တဲ့ အချက်တချို့ကို သုံးသပ်ကြည့်ပါ။

သိသင့်သိထိုက်ရာ

ဝမ်းနည်းပူဆွေးပုံ အမျိုးမျိုးရှိတယ်။ သင့်ရဲ့ဝမ်းနည်းပုံဟာ တခြားသူတွေဝမ်းနည်းပုံနဲ့ တူချင်မှတူမယ်။ “သေခြင်းကို ရင်ဆိုင်ပုံဟာ တစ်ပုံစံတည်း၊ တစ်သမတ်တည်း မဖြစ်နိုင်ဘူး” လို့ သေခြင်းကို ရင်ဆိုင်နိုင်ဖို့ ဆယ်ကျော်သက်တွေကို ကူညီခြင်း ဆိုတဲ့စာအုပ်မှာ ဖော်ပြထားတယ်။ ဝမ်းနည်းပူဆွေးမှုကို အလွန်အမင်း မျိုသိပ်မထားဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။

ဝမ်းနည်းပူဆွေးမှုကို မျိုသိပ်ထားခြင်းက ထိခိုက်စေနိုင်တယ်။ အစပိုင်းမှာ ဖော်ပြထားတဲ့ ဂျဲနီက ဒီလိုပြောတယ်– “ညီမလေးရှေ့မှာ စိတ်ခိုင်ခိုင်ထားမှဖြစ်မယ်လို့ ယူဆပြီး ကျွန်မရဲ့ခံစားချက်တွေကို မျိုသိပ်ထားခဲ့တယ်။ ဒီနေ့ထိ ကျွန်မ နာကျင်ခံစားရတာတွေကို မျိုသိပ်ထားတုန်းပဲ။ ဒါဟာ ကျန်းမာရေးကို ထိခိုက်စေတယ်။”

အဲဒါကို ပညာရှင်တွေလည်း သဘောတူတယ်။ “ကိုယ်ခံစားရတာတွေကို အမြဲတမ်း မျိုသိပ်ထားဖို့ မဖြစ်နိုင်ဘူး။ အဲဒီခံစားချက်တွေဟာ ကိုယ်မမျှော်လင့်ထားချိန်မှာ ပေါက်ကွဲထွက်လာနိုင်တယ်၊ ဖျားနာတာတွေ ဖြစ်လာနိုင်တယ်” လို့ ဝမ်းနည်းပူဆွေးနေတဲ့ ဆယ်ကျော်သက် ဆိုတဲ့စာအုပ်မှာ ဖော်ပြတယ်။ ဝမ်းနည်းပူဆွေးမှုကို မျိုသိပ်ထားရာကနေ နာကျင်မှုကို ဖြေဖျောက်ဖို့ အရက်၊ မူးစ်ဆေး သုံးတဲ့အဖြစ် ရောက်သွားနိုင်တယ်။

ဝမ်းနည်းပူဆွေးမှုနဲ့အတူ စိတ်ရှုပ်ထွေးလာနိုင်တယ်။ ဥပမာ၊ တချို့က သူတို့ကို “ထားရစ်ခဲ့တယ်” ဆိုပြီး သေသွားတဲ့သူကို စိတ်ဆိုးကြတယ်။ မသေအောင် လုပ်ပေးသင့်တယ်လို့ ယူဆပြီး ဘုရားကို အပြစ်တင်သူတွေလည်း ရှိတယ်။ သေသွားတဲ့သူကို ပြောမိ၊ လုပ်မိခဲ့တာတွေကို ဘယ်လိုမှ တောင်းပန်လို့ မရတော့တဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ခံစားရသူတွေလည်း အများကြီးရှိတယ်။

ဝမ်းနည်းပူဆွေးမှုဟာ တကယ့်ကို ရှုပ်ထွေးတဲ့အရာပါပဲ။ ဘယ်လို စိတ်သက်သာရာရနိုင်သလဲ၊ ရှေ့ဆက်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

လုပ်ဆောင်နိုင်ရာ

တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ အဲဒီလိုအချိန်မျိုးမှာ သင် တစ်ယောက်တည်း နေချင်မှာပဲ။ ဒါပေမဲ့ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်လိုက်တာက ရင်ဆိုင်ခံရပ်နိုင်ဖို့၊ အဲဒီအဖြစ်ဆိုးကို တနုံ့နုံ့တွေးနေတာမျိုး မဖြစ်ဖို့ ကူညီပေးနိုင်တယ်။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၈:၂၄

နေ့စဉ်မှတ်တမ်းထားပါ။ သေဆုံးသွားတဲ့ မိဘအကြောင်း ရေးပါ။ ဥပမာ၊ သူနဲ့ပတ်သက်လို့ သင် အမှတ်တရ အဖြစ်ဆုံးအရာဟာ ဘာလဲ။ သူ့ရဲ့ကောင်းကွက်တွေကို ရေးပါ။ သင့်ဘဝမှာ ဘယ်အချက်တွေကို အတုယူချင်သလဲ။

အပျက်သဘောဆန်တဲ့အတွေး တွေးနေမိရင်၊ မိဘမဆုံးခင်မှာ မချေမငံပြောမိတာကိုပဲ တွေးနေမိရင် သင် ဘယ်လိုခံစားရတယ်၊ ဘာကြောင့် ခံစားရတယ်ဆိုတာ ချရေးပါ။ ဥပမာ၊ “အဖေ မဆုံးခင်တစ်ရက်မှာ အဖေနဲ့စကားများခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်” လို့ရေးနိုင်တယ်။

အပြစ်ရှိတယ်လို့ ခံစားသင့်၊ မသင့် သုံးသပ်ပါ။ “တောင်းပန်ဖို့ အခွင့်အရေး မရနိုင်တော့တာကို မသိကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မရဘူး။ နောက်မှ နောင်တရမယ့်အရာကို ဘယ်တော့မှ မပြောမိ၊ မလုပ်မိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ ဝမ်းနည်းပူဆွေးနေတဲ့ ဆယ်ကျော်သက် ဆိုတဲ့စာအုပ်က ဖော်ပြတယ်။—ကျမ်းစာအကြံပြုချက်– ယောဘ ၁၀:၁

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကောင်းကောင်းအနားယူပါ။ တော်သင့်ရုံ လေ့ကျင့်ခန်းလုပ်ပါ။ အာဟာရရှိရှိ စားပါ။ စားချင်စိတ် မရှိဘူးဆိုရင် ထမင်းအဝစားမယ့်အစား ကျန်းမာရေးနဲ့ညီတာတွေကို အဆာပြေစားပါ။ ခံတွင်း ပြန်ကောင်းလာတဲ့အထိ အဲဒီလိုစားပါ။ သောကကို ဖြေသိမ့်တဲ့အနေနဲ့ အစာဖျင်းစားတာ၊ အရက်သောက်တာ မလုပ်ပါနဲ့။ အဲဒါတွေက အခြေအနေ ပိုဆိုးစေနိုင်တယ်။

ဘုရားသခင်ဆီ ဆုတောင်းပါ။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်” လို့ ကျမ်းစာပြောတယ်။ (ဆာလံ ၅၅:၂၂) ဆုတောင်းခြင်းဟာ စိတ်သက်သာရာရစေရုံပဲ မဟုတ်ဘူး။ “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရ သူတို့အား နှစ်သိမ့်ပေးနိုင်” တဲ့ဘုရားသခင်နဲ့ စကားပြောဆက်သွယ်နေတာ ဖြစ်တယ်။—၂ ကောရိန္သု ၁:၃၊ ၄

ဘုရားသခင်ဟာ ပူဆွေးနေသူတွေကို သူ့ရဲ့နှုတ်ထွက်စကား၊ ကျမ်းစာကတစ်ဆင့် နှစ်သိမ့်ပေးတယ်။ သေလွန်သူတွေရဲ့ အခြေအနေအမှန်နဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ကျမ်းစာမှာ ဘာတွေ ဖော်ပြထားတယ်ဆိုတာ လေ့လာကြည့်ပါ။ *ကျမ်းစာအကြံပြုချက်– ဆာလံ ၉၄:၁၉

^ စာပိုဒ်၊ 4 ဒါမီ၊ ဒဲစ်နဲ့ ဂျဲနီတို့ရဲ့အကြောင်းကို နောက်ဆောင်းပါးမှာ ဆက်ဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 5 ဒီဆောင်းပါးမှာ မိဘတစ်ဦးသေဆုံးခြင်းအကြောင်း ဆွေးနွေးထားပေမဲ့ အကြံပြုချက်တွေဟာ မွေးချင်း ဒါမှမဟုတ် မိတ်ဆွေတစ်ဦး သေဆုံးခြင်းနဲ့လည်း သက်ဆိုင်တယ်။

^ စာပိုဒ်၊ 19 လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁၊ အခန်း ၁၆ ကိုကြည့်ပါ။ www.ps8318.com/mya မှာလည်း အခမဲ့ ကူးယူနိုင်တယ်။ စာအုပ်စာပေများ ခေါင်းစဉ်အောက်မှာ ကြည့်ပါ။