မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစု​အတွက် အကူအညီ | မိဘများ

လိင်မှုကိစ္စအကြောင်း သားသမီးတွေကို သွန်သင်ပေးပါ

လိင်မှုကိစ္စအကြောင်း သားသမီးတွေကို သွန်သင်ပေးပါ

အခက်အခဲ

လွန်ခဲ့တဲ့​ဆယ်စုနှစ် အနည်းငယ်ကဆိုရင် မိဘတွေဟာ လိင်မှုကိစ္စအကြောင်း သားသမီးတွေကို တခြားသူထက်အရင် ပြောပြနိုင်တယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ လိုအပ်ချက်​အပေါ် မူတည်ပြီး တဖြည်းဖြည်းချင်း နားလည်အောင် ရှင်းပြ​ပေးကြတယ်။

ဒါပေမဲ့ အခုတော့ အားလုံး​ပြောင်းလဲ​ကုန်ပြီ။ “ကလေးတွေဟာ လိင်မှု​ကိစ္စအကြောင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ မြင်ဖူး၊ ကြားဖူးနေကြတယ်။ ကလေးတွေနဲ့ဆိုင်တဲ့ ရုပ်ရှင်​မီဒီယာ​တွေမှာလည်း လိင်အကြောင်းကို ထင်ထင်ပေါ်ပေါ် တင်ဆက်​လာကြတယ်” လို့ စာအုပ်တစ်အုပ် (The Lolita Effect) မှာ ဖော်ပြထားတယ်။ ဒီအပြောင်းအလဲက ကလေးတွေကို ကောင်းကျိုး​ဖြစ်စေသလား ဒါမှမဟုတ် ထိခိုက်​စေသလား။

သိသင့်သိထိုက်ရာ

နေရာတိုင်းမှာ လိင်အကြောင်းကို ထင်ထင်ပေါ်ပေါ် တင်ဆက်​နေတယ်။ စာရေးဆရာမ ဒယ်ဗရာရော့မန်း ရေးသားတဲ့ စာအုပ်တစ်အုပ်မှာ အခုလိုဖော်ပြထားတယ်– “စကားပြောခန်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ သီချင်း​စာသားတွေ၊ တီဗီရှိုးတွေ၊ မက်ဆေ့ခ်ျတွေ၊ ဂိမ်းတွေ၊ ကြော်ငြာ​ဆိုင်းဘုတ်တွေ၊ ဖုန်း၊ ကွန်ပျူတာ​မျက်နှာပြင်တွေမှာ လိင်ကို​အသားပေးတဲ့ ပုံတွေ၊ စာသားတွေနဲ့ပဲ ပြည့်နေတယ်။ အဲဒါတွေကြောင့် လိင်ဆိုတာ တကယ်အရေးပါတဲ့ အရာပါလားလို့ လူငယ်တွေရော ကလေးတွေကိုပါ သွယ်ဝိုက်တဲ့နည်းနဲ့ ယူမှတ်​သွားစေတယ်။”—Talk to Me First

ကြော်ငြာ​တွေလည်း အပြစ်မကင်းပါ။ ကြော်ငြာ​သမားတွေနဲ့ ဖြန့်ချိသူ​တွေဟာ မလုံ့တလုံ ကလေးအဝတ်အစားတွေ ကြော်ငြာပြီး ရောင်းချနေကြတယ်။ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ပုံပန်း​အသွင်အပြင်အပေါ် အလွန်အမင်း အာရုံစိုက်တတ်အောင် ဒီနည်းနဲ့ လေ့ကျင့်ပေး​နေကြတယ်။ “ကြော်ငြာ​သမားတွေက ကလေးတွေရဲ့ အကြိုက်ကို ကောင်းကောင်း​သိထားတော့ အကျိုးအမြတ်ရဖို့ အဲဒါကို အသုံးချကြတယ်။ လိင်ကို​အသားပေးတဲ့ ပုံတွေ၊ ပစ္စည်းတွေတိုင်းဟာ ကလေးတွေကို လိင်အကြောင်း စိတ်ဝင်စားလာအောင် သင်ပေးနေတာမဟုတ်ပေမဲ့ ကြော်ငြာ​သမားတွေရဲ့ အဓိက​ရည်ရွယ်ချက်ကတော့ အသစ်အဆန်း​ထွက်တိုင်း ကလေးတွေ လိုချင်စိတ်ဖြစ်လာအောင် လုပ်ဖို့ပဲ” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ —So Sexy So Soon

သတင်း​အချက်အလက်နဲ့တင် မလုံလောက်ဘူး။ ကားတစ်စီး​ရဲ့ လုပ်ဆောင်ပုံ​အကြောင်း သိတာနဲ့ ကျွမ်းကျွမ်း​ကျင်ကျင် မောင်းတတ်တာ မတူဘူး။ အဲဒီလိုပဲ လိင်မှုကိစ္စ​အကြောင်း ဗဟုသုတ​ရှိတာနဲ့ အဲဒီ​ဗဟုသုတ​ကို အသုံးပြုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချတာက မတူပါဘူး။

အဓိကအချက်– မိဘတွေ​အနေနဲ့ အရင်ကထက် ဒီခေတ်မှာ ကလေးတွေကို သူတို့ရဲ့ “သိနားလည်နိုင်စွမ်း​ကို အသုံးပြု” တတ်အောင် ကူညီ​ပေးဖို့ လိုတယ်။ ဒါမှ “အမှားအမှန်​ကို ပိုင်းခြားသိမြင်” တတ်တဲ့ ကလေးတွေ ဖြစ်လာကြမယ်။—ဟေဗြဲ ၅:၁၄

လုပ်ဆောင်နိုင်ရာ

ပြောပြပါ။ ကလေးကို လိင်မှု​ကိစ္စ​အကြောင်း ပြောပြဖို့ ခက်နေနိုင်ပေမဲ့ ဒါဟာ သင့်တာဝန်​ဖြစ်တာမို့ ပြောပြရပါမယ်။—ကျမ်းစာအကြံပြုချက်သုတ္တံ ၂၂:၆

မကြာခဏ ဆွေးနွေး​ပေးပါ။ ကလေးကို လိင်မှုကိစ္စ​အကြောင်း ပြောပြတဲ့အခါ တစ်ချိန်တည်းနဲ့ အချိန်အကြာကြီး ရှင်းပြတာမျိုး မလုပ်ပါနဲ့။ အဲဒီအစား နှစ်ယောက်​အတူ ခရီး​သွားနေချိန်၊ အိမ်မှုကိစ္စ လုပ်နေချိန်ကို အခွင့်အရေး​ယူပြီး မကြာခဏ ပြောပြပါ။ ​ခံစားချက်ကို ပွင့်ပွင့်​လင်းလင်း ပြောလာနိုင်အောင် သဘောထား​မေးခွန်းတွေ မေးပါ။ ဥပမာ၊ “လိင်ကို​အသားပေးထားတဲ့ ကြော်ငြာတွေကို သား ကြိုက်သလား” လို့မေးမယ့်အစား “ကြော်ငြာသမား​တွေက ပစ္စည်း​တွေ ရောင်းတဲ့​အခါ ဒီလို​ရုပ်ပုံ​တွေကို ဘာကြောင့် အသုံးပြု​တယ်လို့ ထင်သလဲ” ဆိုပြီး မေးပါ။ ကလေးရဲ့​အဖြေကို နားထောင်ပြီး​နောက် “အဲဒါနဲ့ပတ်သက်ပြီး သား ဘယ်လို​မြင်သလဲ” လို့ မေးနိုင်တယ်။—ကျမ်းစာအကြံပြုချက်တရားဟောရာ ၆:၆၊ ၇

အသက်​အရွယ်ကို ထည့်စဉ်းစားပါ။ လိင်အင်္ဂါ​တွေရဲ့ နာမည်ကို မှန်မှန်​ကန်ကန် ခေါ်ဆိုတတ်ဖို့ မူကြို​တက်ခါစ ကလေး​တွေကို သင်ပေးပါ။ ဒါ့အပြင် လိင်ဆိုင်ရာ ​အမြတ်ထုတ်သူ​တွေရဲ့ ရန်ကနေလည်း သူတို့ကိုယ်သူတို့ ဘယ်လို​ကာကွယ်နိုင်တယ်​ဆိုတာ သင်ပေးပါ။ ကလေးတွေ အရွယ်ရောက်​လာတဲ့အခါ မျိုးပွားခြင်း​နဲ့ပတ်သက်ပြီး အခြေခံ​ကျတဲ့ အချက်လေး​တွေကို ပြောပြထားပါ။ ကလေးတွေ ကြီးကောင်​ဝင်ချိန်​မှာတော့ လိင်နဲ့ပတ်သက်ပြီး ကာယပိုင်း၊ ကိုယ်ကျင့်တရား​ပိုင်းမှာ တော်တော်လေး သိရှိထားသင့်​တယ်။

ကိုယ်ကျင့်တရား​စံနှုန်း​ကို ပြောပြပါ။ ကလေးတွေ ငယ်ရွယ်စဉ်မှာပဲ လိင်မှုကိစ္စ အကြောင်း​ကို ရိုးရိုး​သားသား၊ ခိုင်ခိုင်​မာမာနဲ့ လေးလေး​စားစား ပြောပြ​ထားသင့်တယ်။​ လိင်မှုကိစ္စ​အကြောင်း သူတို့ကို ပြောပြတာက အခြေခံ​အုတ်မြစ်​ကောင်း တည်ဆောက် လိုက်​တာပဲ။ အဲဒီနောက် လိင်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့​ကိုယ်ကျင့်တရား​စံနှုန်းကို ရှင်းရှင်း​လင်းလင်း ပြောပြပါ။ ဥပမာ၊ လက်မထပ်ခင် လိင်ဆက်ဆံ​တာကို မှားတယ်လို့ သင် ရှုမြင်တယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး သူတို့ကို ပြောပြထားပါ။ အဲဒါက ဘာကြောင့် မှားတယ်၊ အန္တရာယ်​ရှိတယ်ဆိုတာပါ ရှင်းပြပါ။ “ဆယ်ကျော်သက်​အရွယ်မှာ လိင်မှု​ကျူးလွန်တာကို လုံးဝ​လက်မခံဘူးလို့ ရှင်းရှင်း​လင်းလင်း ပြောပြထားတဲ့ မိသားစု​တွေထဲက ကလေးတွေဟာ အဲဒီလို​ကိစ္စမျိုးမှာ လွန်လွန်​ကျူးကျူး ဖြစ်ဖို့ အကြောင်းပိုနည်းတယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြ​ထားတယ်။—Beyond the Big Talk

ပုံနမူနာ​ကောင်း ပြပါ။ ကလေးကို သွန်သင်​ပေးတဲ့ ကိုယ်ကျင့်တရား​စံနှုန်းတွေ​အတိုင်း မိဘတွေ နေထိုင်ပါ။ ဥပမာ၊ သင်က ညစ်ညမ်း​တဲ့ ပျက်လုံး​တွေကို ကြိုက်သလား။ မလုံ့တလုံ အဝတ်အစားမျိုး ဝတ်သလား။ အီစီကလီ လုပ်တတ်သလား။ အဲဒီလို​အပြုအမူတွေက သင်ကြိုးစား​သွန်သင်ပေးတဲ့ ကိုယ်ကျင့်တရား​စံနှုန်းတွေကို တန်ဖိုး​လျော့ကျစေတယ်။—ကျမ်းစာအကြံပြုချက်ရောမ ၂:၂၁

မှန်ကန်တဲ့​သဘောထား ရှိစေပါ။ လိင်​ဆိုတာ ဘုရားပေး​လက်ဆောင်​တစ်ခုဖြစ်တယ်။ ဒါ့အပြင် အိမ်ထောင်သည်တွေအတွက်ဆိုရင် ​အဲဒါဟာ ပျော်ရွှင်မှုရဲ့ ရင်းမြစ်တောင် ဖြစ်နိုင်တယ်။ (သုတ္တံ ၅:၁၈၊ ၁၉) လက်မထပ်ခင် လိင်ဆက်ဆံ​လိုက်မယ်ဆိုရင် စိတ်ဆင်းရဲ​ပြီး စိတ်မလုံ​ခြုံတာတွေ ခံစားရနိုင်ကြောင်း၊ ​အချိန်တန်​မှဆိုရင်တော့ ကလေးအနေနဲ့ ဒီအဖိုးတန် ဆုလက်ဆောင်ကနေ ပျော်ရွှင်​မှုခံစားရနိုင်ကြောင်း ပြောပြပါ။—၁ တိမောသေ ၁:၁၈၊ ၁၉