အံ့ဩစရာကောင်းတဲ့ ဒြပ်စင်
ဒြပ်စင်တွေအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ် (Nature’s Building Blocks) မှာ “သက်ရှိတွေအတွက် ကာဗွန်ဒြပ်စင်လောက် အရေးပါတဲ့ဒြပ်စင် မရှိဘူး” လို့ ဖော်ပြထားတယ်။ ကာဗွန်ဒြပ်စင်ဟာ အချင်းချင်း ပေါင်းစပ်နိုင်သလို တခြားဒြပ်စင်တွေနဲ့လည်း အလွယ်တကူ ပေါင်းစပ်နိုင်တယ်။ အဲဒါကြောင့် သန်းနဲ့ချီတဲ့ ဒြပ်ပေါင်းအမျိုးမျိုး ဖြစ်ပေါ်လာသလို စမ်းသပ်မှုတွေအရ ဒြပ်ပေါင်းအသစ်တွေကိုလည်း ရှာဖွေတွေ့ရှိနေဆဲ ဖြစ်တယ်။
ကာဗွန်အက်တမ်တွေဟာ အောက်မှာပြထားတဲ့ နမူနာတွေအတိုင်း ချိန်းကြိုးပုံ၊ ပိရမစ်ပုံ၊ အကွင်းပုံ၊ အပြားချပ်ပုံနဲ့ လေးထောင့်ပုံစတဲ့ ပုံဆောင်ခဲ အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်တယ်။ ကာဗွန်ဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဒြပ်စင်ပါပဲ။
စိန်
ကာဗွန်အက်တမ်တွေ ပေါင်းစပ်ပြီး တက်ထရာဟက်ဒရွန်လို့ခေါ်တဲ့ ပိရမစ်ပုံ ဖြစ်လာတယ်။ သူ့ရဲ့တည်ဆောက်ပုံက အလွန်ကျစ်လစ်တဲ့အတွက် တွေ့ရှိသမျှ ဒြပ်ဝတ္ထုတွေထဲမှာ စိန်ဟာ အမာကြောဆုံးပဲ။ အရည်အသွေး အကောင်းဆုံး စိန်ဟာ ကာဗွန်အက်တမ် တစ်မျိုးတည်း ပေါင်းစပ်ဖွဲ့စည်းထားတယ်။
ဂရက်ဖိုက်
ကျစ်လစ်တဲ့ ကာဗွန်အက်တမ်တွေဟာ တစ်ခုနဲ့တစ်ခု အလွှာလိုက် ပေါင်းစပ်တဲ့အခါမှာတော့ မခိုင်မြဲကြပဲ စက္ကူအချပ်လိုက် ထပ်ထားသလိုဖြစ်နေပြီး အလွယ်တကူ ကွာသွားတတ်တယ်။ ထူးခြားတဲ့ ဒီလက္ခဏာကြောင့် ဂရက်ဖိုက်ကို အလွန်ကောင်းတဲ့ ချောဆီနဲ့ ခဲဆန်ပြုလုပ်ရာမှာ အဓိကဒြပ်ပေါင်းအဖြစ် အသုံးပြုကြတယ်။ *
ဂရက်ဖင်း
ခြောက်မြှောင့်ပုံစံ ဒါမှမဟုတ် မှန်ကူကွက်ပုံစံ ဖွဲ့စည်းနေတဲ့ ကာဗွန်အက်တမ်အလွှာ ဖြစ်တယ်။ စတီးလ်ထက် အဆပေါင်းများစွာ ဆန့်ဒဏ်ခံနိုင်အား ရှိတယ်။ ခဲဆန်ထဲမှာ ဂရက်ဖင်းဟာ တစ်လွှာတည်း ဒါမှမဟုတ် အလွှာပေါင်းများစွာ ပါဝင်နေတတ်တယ်။
ဖူးလရမ့်
ဒီအခေါင်းပွပုံ ကာဗွန်မော်လီကျူးတွေဟာ အလွန်သေးငယ်တဲ့ ဘောလုံးပုံနဲ့ ပြွန်ပုံစံရှိပြီး နာနိုပြွန် (nanotubes) လို့ခေါ်တယ်။ အဲဒါကို နာနိုမီတာ (တစ်မီတာရဲ့ သန်းတစ်ထောင်ပုံတစ်ပုံ) နဲ့ တိုင်းတာတယ်။
သက်ရှိများ
အပင်၊ တိရစ္ဆာန်နဲ့ လူတွေမှာရှိတဲ့ ဆဲလ်တွေဟာ ကာဗွန်ဒြပ်စင်နဲ့ အခြေခံဖွဲ့စည်းထားတာဖြစ်ပြီး ဒီဒြပ်စင်ကို ကာဗိုဟိုက်ဒရိတ်၊ အဆီတွေနဲ့ အမိုင်နိုအက်စစ်တွေမှာ တွေ့နိုင်တယ်။
“ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် . . . မျက်မြင်မရ သော ဘုရားသခင်၏ ဂုဏ်ရည်တော် များသည် . . . ထင်ရှား စွာ သိမြင်ရ၏။”—ရောမ ၁:၂၀။
^ စာပိုဒ်၊ 7 ၂၀၀၇၊ ဇူလိုင်လထုတ် နိုးလော့! [အင်္ဂလိပ်] မှာပါတဲ့ “တစ်ယောက်ယောက်မှာ ခဲတံရှိသလား” ဆောင်းပါးကို ကြည့်ပါ။