မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ဆယ်ကျော်သက် စိတ်ကျဝေဒနာ—ဘာကြောင့် ဖြစ်ရသလဲ၊ ဘာက ကူညီပေးနိုင်သလဲ

ဆယ်ကျော်သက် စိတ်ကျဝေဒနာ—ဘာကြောင့် ဖြစ်ရသလဲ၊ ဘာက ကူညီပေးနိုင်သလဲ

“ကျွန်မ စိတ်ဓာတ်ကျတဲ့အချိန်မှာ ဘာဆိုဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘူး။ လုပ်နေကျအရာတွေကိုတောင် မလုပ်ချင်တော့ဘူး။ အိပ်ပဲအိပ်နေချင်တော့တယ်။ ငါဟာ ချစ်စရာမကောင်းတဲ့သူ၊ အသုံးမကျတဲ့သူ၊ ဆန်ကုန်မြေလေးဆိုပြီး ခံစားတယ်” လို့ အဲနာ * ပြောပြတယ်။

“ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကျွန်မ စဉ်းစားတယ်။ တကယ်တမ်းကျတော့ မသေချင်ပါဘူး။ ဒီလိုမျိုး ဆက်မခံစားချင်လို့ပါ။ ကျွန်မဟာ ပုံမှန်အားဖြင့်တော့ ဂရုစိုက်တတ်သူပါ။ ဒါပေမဲ့ စိတ်ဓာတ်ကျလာတဲ့အခါ ဘယ်သူ့ကိုမှ၊ ဘာဆိုဘာမှ ဂရုမစိုက်တော့ဘူး၊ စိတ်မဝင်စားတော့ဘူး” လို့ ဂျူလီယာ ပြောတယ်။

အဲနာနဲ့ ဂျူလီယာဟာ ဆယ်ကျော်သက်အရွယ်ဝင်ခါစမှာ စိတ်ကျဝေဒနာ စတင်ခံစားခဲ့ရတယ်။ လူငယ်တွေဟာ တစ်ခါတလေတော့ စိတ်ကျဝေဒနာ ခံစားရနိုင်တယ်။ ဒါပေမဲ့ အဲနာနဲ့ ဂျူလီယာကတော့ အပတ်နဲ့ချီ၊ လနဲ့ချီပြီး စိတ်ကျဝေဒနာ ခံစားခဲ့ရတယ်။ “ထွက်ပေါက်မရှိ၊ မည်းမှောင်နေတဲ့ တွင်းနက်ကြီးထဲ ပိတ်မိနေသလိုမျိုးပဲ။ စိတ်လွတ်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တခြားတစ်ယောက် ဖြစ်သွားသလိုမျိုး ခံစားရတယ်” လို့ အဲနာပြောတယ်။

အဲနာနဲ့ ဂျူလီယာတို့ရဲ့ အခြေအနေဟာ အဆန်းတော့မဟုတ်ပါဘူး။ စိတ်ကျဝေဒနာ ခံစားရတဲ့ လူငယ်အရေအတွက်ဟာ ထိတ်လန့်စရာကောင်းလောက်အောင် တိုးများလာနေပုံရတယ်။ စိတ်ကျဝေဒနာဟာ “အသက် ၁၀-၁၉ နှစ်ကြား ယောက်ျားလေးနဲ့ မိန်းကလေးတွေ ဖျားနာရတဲ့၊ စွမ်းဆောင်ရည် ကျဆင်းရတဲ့ အဓိကအကြောင်းရင်းပဲ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုတယ်။

မြီးကောင်ပေါက်အရွယ်မှာ စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေ ပေါ်လာနိုင်တယ်။ အအိပ်အနေပုံစံ၊ အစားအသောက်ပုံစံနဲ့ ကိုယ်အလေးချိန် အပြောင်းအလဲတွေ ဖြစ်နိုင်တယ်။ စိတ်ပျက်တာ၊ မျှော်လင့်ချက်မဲ့တာ၊ ဝမ်းနည်းတာ၊ အသုံးမကျဘူးလို့ ခံစားရတာတွေလည်း ဖြစ်လာနိုင်တယ်။ ရောဂါလက္ခဏာတွေထဲမှာ လူတွေနဲ့မပေါင်းချင်တော့တာ၊ အာရုံမစိုက်နိုင်တော့တာ၊ မှတ်ဉာဏ်မကောင်းတာ၊ သေကြောင်းကြံဖို့ စဉ်းစားတာ၊ သေကြောင်းကြံတာအပြင် ဆေးပညာအရ ရှင်းပြလို့မရနိုင်တဲ့ တခြားလက္ခဏာတွေလည်း ပါတယ်။ စိတ်ကျန်းမာရေးပညာရှင်တွေဟာ စိတ်ကျဝေဒနာ ရှိမရှိ သိချင်တဲ့အခါ အဲဒီရောဂါလက္ခဏာတွေကို အပတ်နဲ့ချီ ခံစားနေရသလား၊ သူ့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေသလား ဆိုတာတွေကို ထည့်စဉ်းစားလေ့ရှိတယ်။

ဆယ်ကျော်သက် စိတ်ကျဝေဒနာ ဖြစ်နိုင်တဲ့ အကြောင်းရင်းများ

“လူမှုရေးပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာပိုင်းနဲ့ဆက်နွှယ်နေတဲ့ အကြောင်းရင်းများစွာကြောင့် စိတ်ကျဝေဒနာ ခံစားတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုတယ်။ အောက်ပါအကြောင်းရင်းတွေ ပါဝင်နိုင်တယ်။

ခန္ဓာပိုင်းနဲ့ဆိုင်တဲ့အကြောင်းရင်းများ။ ဂျူလီယာရဲ့ ဖြစ်ရပ်မှာလိုပဲ စိတ်ကျဝေဒနာဟာ မျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိတယ်။ မျိုးရိုးဗီဇကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်မှု ထိခိုက်သွားတာ ဖြစ်နိုင်တယ်။ ခန္ဓာပိုင်းဆိုင်ရာ အကြောင်းရင်းတွေထဲမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါ၊ ဟော်မုန်းပမာဏ အပြောင်းအလဲ၊ မူးယစ်ဆေးသုံးစွဲတာတွေ ပါဝင်တယ်။ မူးယစ်ဆေးကို ရေရှည်သုံးစွဲတာဟာ စိတ်ကျဝေဒနာကို ဖြစ်ပေါ်စေနိုင်ရုံမက ဝေဒနာကို ပိုဆိုးစေနိုင်တယ်။ *

စိတ်ဖိစီးမှု။ အနည်းငယ် စိတ်ဖိစီးမှုဖြစ်တာဟာ အန္တရာယ်မရှိပေမဲ့ အကြီးအကျယ် ဒါမှမဟုတ် ရေရှည် စိတ်ဖိစီးမှုဖြစ်နေရင်တော့ စိတ်ပိုင်းရော ခန္ဓာပိုင်းကိုပါ ထိခိုက်နိုင်တယ်။ တစ်ခါတလေမှာ ဆယ်ကျော်သက်တွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ထိခိုက်လွယ်တာကနေ စိတ်ကျဝေဒနာခံစားရတဲ့အထိ ဖြစ်သွားတယ်။ တကယ်တော့ အထက်မှာဖော်ပြခဲ့သလိုပဲ စိတ်ကျဝေဒနာဖြစ်ရတဲ့အကြောင်းရင်း အများကြီး ရှိနိုင်တယ်။ အကြောင်းရင်း အတိအကျကိုတော့ မသိနိုင်သေးဘူး။

စိတ်ဖိစီးရာကနေ စိတ်ကျဝေဒနာ ရသွားနိုင်တယ်။ စိတ်ဖိစီးရတဲ့ အကြောင်းရင်းတွေထဲမှာ မိဘတွေ ကွာရှင်းတာ၊ ခွဲနေတာ၊ ချစ်ရသူတစ်ဦး သေဆုံးသွားတာ၊ အနိုင်ကျင့်ခံရတာ၊ လိင်ပိုင်းအရ မတော်မတရား ပြုကျင့်ခံရတာ၊ ပြင်းထန်တဲ့ မတော်တဆမှု ကြုံရတာ၊ ဖျားနာတာ၊ သင်ယူနိုင်စွမ်း ချို့တဲ့တာတွေ ပါဝင်နိုင်တယ်။ အထူးသဖြင့် ကလေးတစ်ဦးဟာ အပယ်ခံရတယ်လို့ ခံစားရမယ်ဆိုရင် သင်ယူနိုင်စွမ်း ချို့တဲ့သွားနိုင်တယ်။ ကျောင်းပညာရေးနဲ့ပတ်သက်ပြီး မိဘတွေ မျှော်လင့်ချက် ကြီးလွန်းတာကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်။ အနိုင်ကျင့်ခံရတာ၊ ရှေ့ရေး မသေချာတာ၊ စိတ်ကျဝေဒနာဖြစ်နေတဲ့ မိဘတစ်ဦးကြောင့် စိတ်ထိခိုက်တာ၊ ကြိုခန့်မှန်းလို့မရနိုင်တဲ့ မိဘရဲ့အပြုအမူတွေကြောင့်လည်း ဖြစ်နိုင်တယ်။ စိတ်ကျဝေဒနာ ခံစားနေရတဲ့ ဆယ်ကျော်သက်တစ်ဦးကို ဘာက ကူညီပေးနိုင်လဲ။

စိတ်ပိုင်းနဲ့ ခန္ဓာပိုင်းကို ဂရုစိုက်ပါ

အတော်အသင့်ကနေ ဆိုးဆိုးရွားရွား စိတ်ကျဝေဒနာ ခံစားရရင် ဆေးကုသတာ၊ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်နိုင်တယ်။ * “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏” လို့ ယေရှုခရစ် ပြောတယ်။ (မာကု ၂:၁၇) ဖျားနာတာက ကျွန်တော်တို့ရဲ့ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်နိုင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာဟာ ဆက်စပ်နေတဲ့အတွက် ဘဝပုံစံကို အပြောင်းအလဲ လုပ်ပေးဖို့လည်း လိုအပ်နိုင်တယ်။

သင်ဟာ စိတ်ကျဝေဒနာ ခံစားနေရတယ်ဆိုရင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအောင် ဂရုစိုက်ပါ။ ဥပမာ၊ အာဟာရရှိတာတွေကို စားပါ၊ အိပ်ရေးဝဝ အိပ်ပါ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်တက်ကြွစေတဲ့၊ အားအင်တိုးစေတဲ့၊ အိပ်လို့ကောင်းစေတဲ့ ဓာတ်တွေ ထွက်လာတယ်။ ဖြစ်နိုင်မယ်ဆိုရင် စိတ်ကျဝေဒနာရဲ့ အစောပိုင်း လက္ခဏာတွေကို သိအောင်လုပ်ပြီး လိုအပ်တာတွေ လုပ်ဆောင်ပါ။ ယုံကြည်စိတ်ချနိုင်သူတစ်ဦးကို ရင်ဖွင့်ပါ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ ဝိုင်းဝန်းကူညီမှုဟာ စိတ်ကျဝေဒနာကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင်၊ ဝေဒနာ သက်သာအောင် အကူအညီ ဖြစ်စေနိုင်တယ်။ သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို စာအုပ်ထဲမှာ ရေးမှတ်ထားပါ။ ဒီနည်းဟာ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျူလီယာအတွက် အထောက်အကူ ဖြစ်ခဲ့တယ်။ အရေးကြီးဆုံးကတော့ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိအောင် ကြိုးစားပါ။ ဒါဆိုရင် ဘဝနဲ့ပတ်သက်ပြီး သင့်ရဲ့ ရှုမြင်ပုံ တိုးတက်ကောင်းမွန်လာနိုင်တယ်။ “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ ယေရှုခရစ် ပြောတယ်။—မဿဲ ၅:၃

အာဟာရရှိရှိ စားပါ၊ လေ့ကျင့်ခန်း လုပ်ပါ၊ အိပ်ရေးဝဝ အိပ်ပါ

ဘုရားနဲ့ဆက်ဆံရေးကောင်း ရှိခြင်းက နှစ်သိမ့်မှု ရစေနိုင်

ယေရှုရဲ့ စကားတွေ မှန်တယ်ဆိုတာ အဲနာနဲ့ ဂျူလီယာ ကိုယ်တွေ့ ကြုံခဲ့ရတယ်။ “ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေက ကိုယ့်ပြဿနာတွေကို မဟုတ်ဘဲ တခြားသူတွေကို အာရုံစိုက်စေတယ်။ အမြဲတော့ မလွယ်ပေမဲ့ အဲဒီလိုလုပ်တဲ့အတွက် ကျွန်မ ပိုပျော်လာတယ်” လို့ အဲနာ ပြောတယ်။ ဂျူလီယာဟာ ဆုတောင်းတာ၊ ကျမ်းစာဖတ်တာတွေကနေ နှစ်သိမ့်မှု ရခဲ့တယ်။ “ယေဟောဝါဆီ ဆုတောင်းပြီး ရင်ဖွင့်တာက ကျွန်မကို စိတ်တည်ငြိမ်မှု ရစေတယ်။ ကျမ်းစာဖတ်တဲ့အခါ ကျွန်မဟာ ဘုရားရဲ့အမြင်မှာ တန်ဖိုးရှိသူဖြစ်မှန်း၊ ကျွန်မကို ဘုရားသခင် တကယ် ဂရုစိုက်မှန်း သိလာတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်လည်း ရှိလာတယ်” လို့ ဂျူလီယာ ပြောပြတယ်။

ကြီးပြင်းလာပုံ၊ ဘဝအတွေ့အကြုံနဲ့ မျိုးရိုးဗီဇတည်ဆောက်ပုံဟာ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံနဲ့ စိတ်ခံစားချက်တွေအပေါ် သြဇာသက်ရောက်နိုင်မှန်း ဖန်ဆင်းရှင် ယေဟောဝါဘုရား ကောင်းကောင်း သိထားတယ်။ ဒါကြောင့် စာနာ နားလည်တတ်တဲ့ တခြားသူတွေကတစ်ဆင့် လိုအပ်တဲ့ အကူအညီနဲ့ နှစ်သိမ့်မှု ပေးနိုင်တယ်။ ဒါ့အပြင် စိတ်ပိုင်းနဲ့ ခန္ဓာပိုင်း မကျန်းမာမှုမှန်သမျှကို ဘုရား ကုသပေးမယ့်အချိန် ရောက်လာပါတော့မယ်။ “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး” ဆိုပြီး ကျမ်းစာမှာ ပြောထားတယ်။—ဟေရှာယ ၃၃:၂၄ကဘ။

ဘုရားသခင်ဟာ “[ကျွန်တော်] တို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” ဆိုတဲ့ ကျမ်းစာကတိ ရှိတယ်။ (ဗျာဒိတ် ၂၁:၄) တကယ့်ကို အားရှိစရာပါပဲ။ လူသားတွေနဲ့ ကမ္ဘာမြေအတွက် ဘုရားရဲ့ ရည်ရွယ်ချက်အကြောင်း ပိုသိချင်ရင် jw.org/mya ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပါ။ အဲဒီမှာ သမ္မာကျမ်းစာအပြင် စိတ်ကျဝေဒနာအပါအဝင် အကြောင်းအရာမျိုးစုံပါတဲ့ ဆောင်းပါးတွေကိုလည်း တွေ့ရပါလိမ့်မယ်။

^ စာပိုဒ်၊ 3 နာမည်တွေ ပြောင်းထားတယ်။

^ စာပိုဒ်၊ 10 ရောဂါ၊ ဆေးကုသမှုနဲ့ တရားမဝင်ဆေးဝါး အတော်များများဟာ လူတစ်ဦးရဲ့စိတ်ပိုင်းကို ထိခိုက်နိုင်တဲ့အတွက် ရောဂါအမျိုးအမည်ကို အသေအချာ သိအောင်လုပ်ဖို့ လိုတယ်။

^ စာပိုဒ်၊ 14 နိုးလော့! ဟာ ဆေးကုထုံးတစ်ခုခုကို ထောက်ခံတာမျိုး မလုပ်ပါ။