မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်စိတ်ချရသောလမ်းညွှန်မှုကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း

ယုံကြည်စိတ်ချရသောလမ်းညွှန်မှုကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း

ယုံကြည်စိတ်ချရသောလမ်းညွှန်မှုကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း

လူ့အမြင်အရ အောင်မြင်ခြင်းမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် အောင်မြင်ခြင်းဖြစ်သော စစ်မှန်သည့်အောင်မြင်မှုကို မည်သူ လမ်းညွှန်ပေးနိုင်သနည်း။ ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း စစ်မှန်သောအောင်မြင်မှုကို ကျော်ကြားမှု၊ ဥစ္စာဓန သို့မဟုတ် ဩဇာအာဏာတို့အပေါ် အခြေမပြုသည့် ကျင့်ဝတ်ဆိုင်ရာမူများနှင့် မြင့်မြတ်သည့်ဘဝရည်ရွယ်ချက်တို့ဖြင့် ဆက်စပ်ရပေမည်။

ယုံကြည်စိတ်ချရသောမူများနှင့် ဘဝရည်ရွယ်ချက်နှင့်ဆိုင်သောမေးခွန်းများ၏ အဖြေများကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ ကျွန်ုပ်တို့အချင်းချင်းကြားတွင် ရှာဖွေခြင်းဖြင့်လော။ မစုံလင်သည့်လူသားများအနေနှင့် ကျွန်ုပ်တို့တွင် မှားယွင်းသောစိတ်ဆန္ဒများဖြစ်ပေါ်လေ့ရှိရာ ယင်းက ကျွန်ုပ်တို့အား မှားယွင်းသောလမ်းစဉ်သို့ ကျဆင်းသွားစေနိုင်ပါသည်။ (ကမ္ဘာဦး ၈:၂၁) ထို့ကြောင့် သန်းပေါင်းများစွာသောသူတို့သည် “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်း” ဟူ၍ သမ္မာကျမ်းစာဖော်ပြထားသည့် အချည်းနှီးသောအရာများကို ဆက်လက်လိုက်စားနေကြသည်။ (၁ ယောဟန် ၂:၁၆ကဘ) ယင်းသည် စစ်မှန်သောအောင်မြင်မှုကိုရရှိစေသည့် နည်းလမ်းမဟုတ်ဘဲ အထင်နှင့်အမြင်လွဲမှားခြင်း၊ ပျော်ရွှင်မှုကင်းမဲ့ခြင်းတို့ကိုဖြစ်စေသည့် အောင်မြင်မှုအတုအယောင်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် အကြောင်းကောင်းရှိ၍ များစွာသောသူတို့သည် ဘဝနှင့်ဆိုင်သော ပို၍နက်နဲသည့်မေးခွန်းများ၏ အဖြေများအတွက် ဖန်ဆင်းရှင်ကိုသာ မျှော်ကိုးကြသည်။ *

ဘုရားသခင်အား ကျွန်ုပ်တို့ မျှော်ကိုးသင့်သလော

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား မျှော်ကိုးခြင်းက အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်သနည်း။ ကျွန်ုပ်တို့အား ကိုယ်တော် အဘယ်ကြောင့်ဖန်ဆင်းခဲ့ပြီး ကျွန်ုပ်တို့၏ဘဝရည်ရွယ်ချက်က အဘယ်အရာဖြစ်သင့်သည်ကို ကိုယ်တော်သိတော်မူသောကြောင့်ဖြစ်၏။ ထို့အပြင် ကျွန်ုပ်တို့၏ ကာယပိုင်း၊ စိတ်ဓာတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းတို့တွင် ကိုယ်တော် မည်သို့ပြုလုပ်ထားသည်ကို သိရှိတော်မူ၏။ ထို့ကြောင့် လူသားတို့ ကျင့်ကြံနေထိုင်နိုင်သည့် အကောင်းဆုံးမူများကို ဘုရားသခင် သိရှိတော်မူသည်။ ထို့အပြင် ဘုရားသခင်သည် မေတ္တာပြရာတွင် အကောင်းဆုံးစံနမူနာရှင်ဖြစ်သောကြောင့် ကျွန်ုပ်တို့အား အမှန်ပင် ပျော်ရွှင်၍ အောင်မြင်စေလိုပါသည်။ (၁ ယောဟန် ၄:၈) ကိုယ်တော်၏ မေတ္တာပါလမ်းညွှန်မှုကို အဘယ်နေရာမှ ကျွန်ုပ်တို့ရရှိနိုင်သနည်း။ စာရေးသူအယောက် ၄၀ ခန့်ကိုအသုံးပြု၍ ကျွန်ုပ်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးခဲ့သော သမ္မာကျမ်းစာမှ ရရှိနိုင်ပါသည်။ * (၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် ထိုစာအုပ်တွင် တွေ့ရသောလမ်းညွှန်မှုကို ကျွန်ုပ်တို့ မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။

“ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များ” သို့မဟုတ် အကျိုးရလဒ်များ “ဖြင့် သက်သေထူ၏” ဟုဘုရားသခင့် ဦးဆုံးကိုယ်စားလှယ်ဖြစ်သူ ယေရှုခရစ်က မိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၁၉ကဘ; ယောဟန် ၇:၂၉) ဘုရားသခင့်မူများအပေါ် အခြေခံသည့် ဉာဏ်ပညာသည် အောင်မြင်မှုနှင့် တည်မြဲသောပျော်ရွှင်မှုကိုရရှိစေသည့် လမ်းစဉ်—“ကောင်းသောလမ်းရှိသမျှ”—အတိုင်းလျှောက်လှမ်းရန် ကျွန်ုပ်တို့အား ဦးဆောင်လမ်းပြသည်၊ တစ်ဖက်တွင်မူ ဘုရားသခင်အား လျစ်လျူရှုသည့် လူ့ ဉာဏ်ပညာသည် ရှုံးနိမ့်ခြင်းနှင့် ပျော်ရွှင်မှုကင်းမဲ့ခြင်းသို့ ပို့ဆောင်ပါသည်။—သု. ၂:၈၊ ၉; ယေရမိ ၈: ၉

၁၉၆၀ ပြည့်လွန်နှစ်များက ကမ္ဘာ့ဇာတ်ခုံတွင် ပေါ်ထွက်လာခဲ့သည့် ဟစ်ပီခေတ်ကို သုံးသပ်ကြည့်ပါ။ မျိုးဆက်ဟောင်း၏ စံနှုန်းများနှင့် အခွင့်အာဏာကို ငြင်းပယ်ကာ များစွာသောဟစ်ပီတို့သည် အခြားအရာများအပြင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ လောလောဆယ်အတွက်သာ အသက်ရှင်ဟူသော အတွေးအခေါ်နှင့် လိင်ဆိုင်ရာလွတ်လပ်မှုတို့ကို အားပေးအားမြှောက်ပြုခဲ့ကြသည်။ သို့သော် ယင်းသို့သောဘဝလမ်းစဉ်သည် စစ်မှန်သောဉာဏ်ပညာကို ထင်ရှားပြခဲ့သလော။ ယင်းသည် လူတို့အား စစ်မှန်သော စိတ်ငြိမ်သက်မှုနှင့် တည်မြဲသောပျော်ရွှင်မှုကို တိုးပွားစေခဲ့သည့် ကျင့်ဝတ်စံနှုန်းများနှင့် စစ်မှန်သောဘဝရည်ရွယ်ချက် ပေးခဲ့ပါသလော။ ယင်းသို့သောဘဝပုံစံသည် လူတို့အား အကောင်းဘက်သို့ မပြောင်းလဲစေခဲ့ဘဲ လူ့ဘောင်အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားကို အဆက်မပြတ် ဆုတ်ယုတ်ကျဆင်းစေခဲ့ကြောင်း သမိုင်းကဖော်ပြသည်။—၂ တိမောသေ ၃:၁-၅

လူ့အတွေးအခေါ်များနှင့်မတူသည်မှာ ကျမ်းစာဆိုင်ရာဉာဏ်ပညာသည် အမြဲပင် အကျိုးဖြစ်ထွန်းစေကြောင်း သက်သေထူခဲ့ပြီဖြစ်သည်။ (ဟေရှာယ ၄၀:၈) နောက်ဆောင်းပါးကို သင်ဖတ်ရှုလေ့လာသည်နှင့်အမျှ အကြောင်းရင်းကို သင်သိရှိရပါလိမ့်မည်၊ အကြောင်းမှာ စီးပွားရေး သို့မဟုတ် လူမှုရေးအခြေအနေ မည်သို့ပင်ဖြစ်နေပါစေ တိုင်းနိုင်ငံအားလုံးနီးပါးမှ သန်းပေါင်းများစွာသောသူတို့အား အမှန်တကယ် ပျော်ရွှင်၍ အောင်မြင်သူများ ဖြစ်လာစေရန် ကူညီပေးခဲ့သည့် ကျမ်းစာမူခြောက်ခုကို ဆွေးနွေးထားသောကြောင့်ဖြစ်ပေသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 “သမ္မာကျမ်းစာကို သင်ယုံကြည်စိတ်ချနိုင်သလော” ဟူသော အဓိကအကြောင်းကို ဆွေးနွေးထားသည့် ဤမဂ္ဂဇင်း၏ ၂၀၀၇၊ နိုဝင်ဘာလ အထူးထုတ်” ကိုကြည့်ပါ။ သမ္မာကျမ်းစာသည် အမှန်တကယ်ပင် ဘုရားသခင့်လမ်းညွှန်မှုဖြင့် ရေးသားထားခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာနှင့် အခြားအထောက်အထားများကို ယင်းစာစောင်၏ ဆောင်းပါးများတွင် ဖော်ပြထားပါသည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

 အောင်မြင်မှု၏အယူအဆကို အဓိပ္ပာယ်မဲ့စေသော ယုံကြည်ချက်များ

လူများစွာက ဘုရားသခင်မရှိ၊ အသက်ဟူသည် သက်မဲ့ဆင့်ကဲဖြစ်စဉ်မှ ဖြစ်ပွားလာသည်ဟူ၍ အခိုင်အမာဆိုကြသည်။ ဤရှုမြင်ချက် မှန်ကန်သည်ဆိုလျှင် အသက်သည် ဓာတုနှင့် ဇီဝဆိုင်ရာ မတော်တဆမှု တသီတတန်းကြီးကြောင့်ဖြစ်လာပြီး ဘဝရည်ရွယ်ချက်နှင့် စကြဝဠာဆိုင်ရာမူများကို ရှာဖွေခြင်းသည် လုံးဝအချည်းနှီးဖြစ်ပေလိမ့်မည်။

အခြားသူတို့ကမူ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖန်ဆင်းပြီး ယင်းနောက် စွန့်ပစ်လိုက်သည်ဟု ယူမှတ်ကြသည်။ အမှန်မှာ ယင်းယူဆချက်က ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရ မိဘမဲ့ကလေးများဖြစ်စေပြီး အဓိပ္ပာယ်ရှိသည့်ဘဝကို ကျွန်ုပ်တို့ရရှိလိုသော်လည်း စစ်မှန်သောရည်ရွယ်ချက်နှင့် စံနှုန်းများမဲ့နေသည်ဟူသည့်သဘော သက်ရောက်စေ၏။ ဤအချက်ကို သုံးသပ်ကြည့်ပါ၊ ဘုရားသခင်သည် တိရစ္ဆာန်လောကမှ တိရစ္ဆာန်တစ်ကောင်ချင်းစီအား သဘာဝအလျောက် ယင်း၏ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် လိုအပ်သော ပင်ကိုဉာဏ်ပေးထားသည်။ ထို့ကြောင့် ကိုယ်တော်၏နက်နဲသောဉာဏ်ပညာကို ကျွန်ုပ်တို့ပတ်ပတ်လည်ရှိ ကမ္ဘာလောကတွင် တွေ့နေရသည်။ ယင်းဖန်ဆင်းရှင်ကပင် ကျွန်ုပ်တို့အား ဖန်ဆင်းပြီး မည်သည့်လမ်းညွှန်မှုမျှမပေးဘဲ စွန့်ပစ်ထားပါမည်လော။ စွန့်ပစ်ထားမည်မဟုတ်ချေ။—ရောမ ၁:၁၉၊ ၂၀

ဘဝရည်ရွယ်ချက်နှင့် စကြဝဠာဆိုင်ရာမူများကို အချည်းနှီးရှာဖွေနေခြင်းဖြင့် ဘုရားသခင်မဲ့အတွေးအခေါ်များသည် အောင်မြင်မှု၏အယူအဆကို အဓိပ္ပာယ်မဲ့စေလေသည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် ဉာဏ်ပညာသည် ယင်း၏ အကျိုးရလဒ်ကောင်းများကြောင့် အားထားရကြောင်း သက်သေထူခဲ့