မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဘ—ခံနိုင်ရည်ရှိပြီးသမာဓိစောင့်ထိန်းသူ

ယောဘ—ခံနိုင်ရည်ရှိပြီးသမာဓိစောင့်ထိန်းသူ

ယောဘ—ခံနိုင်ရည်​ရှိပြီး​သမာဓိ​စောင့်ထိန်း​သူ

“ငါ့​ကျွန်​ယောဘ​ကို​ဆင်ခြင်​ပြီ​လော။ မြေကြီး​ပေါ်မှာ သူနှင့်​တူသော​သူ​တစ်ယောက်မျှ​မရှိ။ စုံလင်​ဖြောင့်မတ်​ပေ​၏။ ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူ၊ မကောင်းသော​အကျင့်ကို​ရှောင်​သော​သူ​ဖြစ်သည်။”—ယောဘ ၁:၈

၁၊ ၂။ (က) မျှော်လင့်​မထား​သော အဘယ်​ကြောက်မက်​ဖွယ်​ဘေးဆိုးများ​ကို ယောဘ ကြုံတွေ့ခဲ့​ရသနည်း။ (ခ) ယင်း​ဘေးဆိုးများ​မကျရောက်​မီ ယောဘ​၏​အသက်တာ မည်သို့​ရှိ​သနည်း။

စည်းစိမ်ဥစ္စာ၊ ဂုဏ်​သိက္ခာ၊ ကျန်းမာ​ရေး​ကောင်းခြင်း၊ ပျော်ရွှင်သော​မိသားစု​ဘဝ​ရှိ​ခြင်း​စ​သည့် အရာအားလုံး​ပြည့်စုံ​ပုံ​ရသည့် လူ့​တစ်ဦး​ရှိခဲ့​သည်။ ရုတ်တရက် ကြောက်မက်​ဖွယ်​ဘေးဆိုး​သုံးခု သူ့​အပေါ် ဆက်တိုက်​ကျရောက်​ခဲ့​သည်။ သူ၏​ပစ္စည်းဥစ္စာ​များ ည​တွင်း​ချင်း ဆုံးရှုံး​သွား​သည်။ မုန်တိုင်းကြီး​တစ်ခု​က သားသမီး​များ​၏​အသက်ကို ခြွေယူ​သွား​သည်။ အားယုတ်​စေသော​ရောဂါဆိုး​ဖြစ်သည့် အနာစိမ်း​များ တစ်ကိုယ်လုံး​ပေါက်​လာ​သည်။ ထို​သူ​မှာ ယောဘ​ဖြစ်​ပြီး သူ၏​အမည်ပေး​ထားသော​ကျမ်းစောင်​တွင် အဓိက​ဇာတ်ကောင်​တစ်ဦး​ဖြစ်သည်။—ယောဘ အခန်းကြီး ၁ နှင့်

“ငါသည် လွန်​လေ​ပြီး​သော​နှစ်၊ လ . . . ၌ ဖြစ်​သကဲ့သို့ တစ်ဖန်​ဖြစ်ပါစေ” ဟု​သူ​ညည်းတွား​ခဲ့​သည်။ (ယောဘ ၃:၃; ၂၉:၂) ဘေးဆိုးများ​ကြုံ​ရသောအခါ အတိတ်ကို ပြန်လည်​မ​တမ်းတ​သူ မည်သူ​ရှိပါ​မည်​နည်း။ ယောဘသည် ဖြောင့်မတ်​သူ​တစ်ဦး​ဖြစ်​ပြီး ဘေးဆိုးများ​ကြုံတွေ့​ခဲ့​ပုံ​မ​ပေါ်​ချေ။ လူကြီး​လူကောင်း​များ​က သူ့ကို​လေးစား​ပြီး သူ၏​အကြံဉာဏ်​ကို တောင်းခံ​ကြသည်။ (ယောဘ ၂၉:၅-၁၁) သူသည် ချမ်းသာ​ကြွယ်ဝ​သော်လည်း စည်းစိမ်ဥစ္စာ​နှင့်​ပတ်သက်​၍ မျှတသော​အမြင်​ရှိသည်။ (ယောဘ ၃၁:၂၄၊ ၂၅၊ ၂၈) မုဆိုးမများ၊ မိဘမဲ့​ကလေး​များ​ကို ကူညီ​တတ်​သည်။ (ယောဘ ၂၉:၁၂-၁၆) ဇနီး​ပေါ်​တွင်​လည်း သစ္စာ​ရှိသူ​ဖြစ်သည်။—ယောဘ ၃၁:၁၊ ၉၊ ၁၁

၃။ ယေဟောဝါ​သည် ယောဘ​ကို မည်သို့​ရှုမြင်ခဲ့​သနည်း။

ယောဘသည် ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​သူ​တစ်ဦး​ဖြစ်​ပြီး စုံလင်​ဖြောင့်မတ်​သည်။ “မြေကြီး​ပေါ်မှာ သူနှင့်​တူသော​သူ​တစ်ယောက်မျှ​မရှိ။ စုံလင်​ဖြောင့်မတ်​ပေ​၏။ ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူ၊ မကောင်းသော​အကျင့်ကို ရှောင်​သော​သူ​ဖြစ်သည်” ဟု ယေဟောဝါ​မိန့်တော်မူ​ခဲ့​သည်။ (ယောဘ ၁:၁၊) ယောဘသည် ကိုယ်ကျင့်တရား တည်ကြည်​ဖြောင့်မတ်​သော်လည်း ဘေးဆိုးများ​က သူ၏​ငြိမ်းချမ်း​သာယာသော​ဘဝကို တစ်စစီ​ချေမွ​ပစ်လိုက်​သည်။ သူ​လုပ်ခဲ့သမျှ​အရာအားလုံး ဆုံးရှုံး​သွားပြီး ရောဂါဆိုး​နှင့် စိတ်​ဆင်းရဲမှု​ဒဏ်​ကြောင့် နဂို​စိတ်ရင်း ပျောက်​လု​မတတ်​ဖြစ်​ခဲ့​ရသည်။

၄။ ယောဘ​ခံ​ခဲ့​ရသော​စမ်းသပ်မှု​များ​ကို သုံးသပ်ခြင်းက အဘယ်ကြောင့် အကျိုးရှိ​မည်​နည်း။

ဘုရားသခင့်​ကျေးကျွန်​များ​တွင် ယောဘ​တစ်ဦးတည်း​သာ စမ်းသပ်မှု​များ​ရင်ဆိုင်​ရသည်​မဟုတ်ပေ။ ယနေ့ ခရစ်ယာန်​များစွာလည်း ယောဘ​နည်းတူ ရင်ဆိုင်​ကြုံတွေ့​နေကြ​ရသည်။ ထို့​ကြောင့် ဤ​မေးခွန်း​နှစ်ခု​ကို သုံးသပ်​သင့်​သည်– ယောဘ​ခံ​ခဲ့​ရသော​စမ်းသပ်မှု​များ​အကြောင်း ဆန်းစစ်​လေ့လာခြင်း​က ဘေးဆိုးများ​ကြုံရ​ချိန်​တွင် ကျွန်ုပ်​တို့ကို မည်သို့​အကူအညီ​ပေး​နိုင်​သနည်း။ ယင်းက ဆင်းရဲ​ဝေဒနာ​ခံစား​နေရသူ​များ​ကို ထောက်ထား​စာနာမှု​ပြ​ရန် ကျွန်ုပ်​တို့ကို မည်သို့​သင်ပေး​နိုင်​သနည်း။

သစ္စာစောင့်သိမှု​ဆိုင်ရာ အရေးကိစ္စ​နှင့်​သမာဓိ​စမ်းသပ်မှု

၅။ ယေဟောဝါ​ကို ယောဘ အဘယ်ကြောင့် ဝတ်ပြု​နေခြင်း​ဖြစ်သည်ဟု စာတန်​စွပ်စွဲ​ခဲ့​သနည်း။

ယောဘ​အဖြစ်အပျက်​မှာ ထူးခြား​လှ​သည်။ ဘုရားသခင်​ကို ယောဘ ဝတ်ပြု​ရသည့်​အကြောင်းရင်း​နှင့်​ပတ်သက်​၍ စာတန် မေးခွန်းထုတ်​ခဲ့​သည်ကို သူ​မသိ​ပေ။ ကောင်းကင်​ညီလာခံ​တွင် ယောဘ​၏​အရည်အသွေးကောင်း​များ​ကို ယေဟောဝါ ပြောပြ​ချိန်​၌ စာတန်​က “ကိုယ်တော်​သည် သူ့​ကိုယ်​မှ​စ၍ သူ့​အိမ်​နှင့် သူ့​ဥစ္စာ​ရှိသမျှ​ပတ်လည်​၌ စောင်​ရန်း​ကာ​တော်​မူ​သည်မဟုတ်​လော” ဟု​ခွန်းတုံ့ပြန်​ခဲ့​သည်။ ထို့​ကြောင့် ယောဘသည် ကိုယ်ကျိုး​အတွက်သာ ဘုရားသခင်​ကို​ဝတ်ပြုခြင်း​ဖြစ်သည်ဟု စွပ်စွဲ​ပြီး ဘုရားသခင့်​ကျေးကျွန်​အားလုံး​လည်း ထို​နည်းတူ​ပင်​ဖြစ်သည်ဟု ဆို​ခဲ့​သည်။ “လက်တော်ကို​ဆန့်​၍ သူ၏​ဥစ္စာ​ရှိသမျှကို​ထိခိုက်​တော်​မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်​ကို​စွန့်ပယ်​ပါ​လိမ့်​မည်” ဟု ယေဟောဝါ​ကို ပြန်​ပြော​လေ​သည်။—ယောဘ ၁:၈-၁၁

၆။ အဘယ်​အဓိက​အရေးကိစ္စကို စာတန်​ပေါ်ပေါက်​စေ​ခဲ့​သနည်း။

အရေးကြီးသော​ကိစ္စ​ပင်​ဖြစ်သည်။ ယေဟောဝါ​၏ ပိုင်သ​အုပ်စိုးခွင့်​အာဏာ​ကျင့်သုံး​ပုံ​ကို စာတန်​စိန်ခေါ်​ထား​သည်။ ယင်းကြောင့် ‘ဘုရားသခင်​သည် စကြဝဠာ​တစ်ခုလုံး​ကို မေတ္တာဖြင့်​အုပ်ချုပ်​နိုင်​ပါ​မည်​လော၊ စာတန်​စွပ်စွဲ​သကဲ့သို့ လူတို့သည် နောက်ဆုံး ကိုယ်ကျိုး​အတွက်သာ ဝတ်ပြု​ကြ​ခြင်း​ဖြစ်​မည်​လော’ ဟူသော​မေးခွန်း​ပေါ်လာ​သည်။ အဖြေ​ရ​ရန် ယေဟောဝါ​သည် ယောဘ​၏​သမာဓိ​နှင့်​သစ္စာ​တည်ကြည်မှု​တို့ကို ယုံကြည်​စိတ်ချ​လျက် သူ့​အားစမ်း​သပ်​ရန် စာတန်​ကို​ခွင့်ပြု​လိုက်​သည်။ ထို့​ကြောင့် စာတန်​သည် ယောဘ​အပေါ် ဘေးဆိုး​တစ်ခု​ပြီး​တစ်ခု ဆက်တိုက်​ကျရောက်​စေ​ခဲ့​သည်။ ယင်း​တို့ မအောင်မြင်​သောအခါ ယောဘ​ကို ရောဂါဆိုး​တစ်ခု​နှင့် ထိုးနှက်​လေ​တော့​သည်။ “အရေဖို့​အရေဟု​ဆို​သကဲ့သို့ လူသည် မိမိ​အသက်ဖို့ မိမိ​ဥစ္စာ​ရှိသမျှကို​ပေး​ပါ​လိမ့်​မည်” ဟု​သူ​စွပ်စွဲ​လေ​သည်။—ယောဘ ၂:၄

၇။ ယနေ့ ဘုရားသခင့်​ကျေးကျွန်​များသည် ယောဘ​နည်းတူ အဘယ်​စမ်းသပ်မှု​များ​ကို ရင်ဆိုင်​နေကြ​ရသနည်း။

ယနေ့ ခရစ်ယာန်​အများစု​သည် ယောဘ​ခံရ​သည့်​အထိ မခံစား​ရ​သော်လည်း ပြဿနာ​အမျိုးမျိုးနှင့် ရင်ဆိုင်​နေကြ​ရသည်။ အများစုမှာ နှိပ်စက်​ညှဉ်းပန်းမှု သို့​မဟုတ် မိသားစု​ပြဿနာ​များ ရင်ဆိုင်​နေကြ​ရသည်။ စီးပွားရေး​ခက်ခဲ​ခြင်း သို့​မဟုတ် ကျန်းမာ​ရေး​ချို့တဲ့ခြင်း​တို့​လည်း မခံနိုင်​လောက်​အောင် ဆိုးရွား​နိုင်​သည်။ အချို့​သည် ယုံကြည်ခြင်း​အတွက် အသက်​ပင်​စွန့်ခဲ့​ကြသည်။ သို့သော် ကျွန်ုပ်​တို့​ခံစား​နေရ​သော ဆင်းရဲ​ခက်ခဲ​မှု​တိုင်း​ကို စာတန်​ဖြစ်ပေါ်​စေ​သည်မဟုတ်​ပါ။ ပြဿနာ​အချို့​သည် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏​အမှား​ကြောင့် သို့​မဟုတ် မျိုးရိုးလိုက်​ခြင်း​ကြောင့် ဖြစ်​နိုင်​သည်။ (ဂလာတိ ၆:၇) ကျွန်ုပ်​တို့အားလုံး​သည် ဇ​ရာ​ထောင်း​ခြင်း​နှင့် သဘာဝဘေး​အန္တရာယ်များ​မှ မလွတ်ကင်း​နိုင်​ကြ​ချေ။ လက်ရှိ​အချိန်တွင် ထို​ပြဿနာ​များ​မှ အံ့ဖွယ်​နည်းဖြင့် ယေဟောဝါ​ကာကွယ်​ပေး​မည်​ဟု သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​ပါ။—ဒေ. ၉:၁၁

၈။ စာတန်​သည် ကျွန်ုပ်​တို့​ခံစား​ရသော ဆင်းရဲ​ခက်ခဲ​မှုများ​ကို မည်သို့​အသုံးချ​နိုင်​သနည်း။

စာတန်​သည် ထို​ဆင်းရဲ​ခက်ခဲ​မှုများ​ကို အသုံးချပြီး ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို စမ်းသပ်​ပေမည်။ တမန်​တော်​ပေါလု​က သူ့ကို “ဒဏ်ခတ်” သို့​မဟုတ် ထိုးနှက်​သည့် “စာတန်​၏​တမန်​တည်း​ဟူသော . . . ကိုယ်​၌​စူးသော​ဆူး​ကို” ခံစား​နေရ​ကြောင်း ဖော်ပြ​ခဲ့​သည်။ (၂ ကောရိန္သု ၁၂:၇) ယင်းသည် မျက်စိမှုန်​ခြင်း သို့​မဟုတ် အခြား​ပြဿနာ​တစ်ခုခု​ဖြစ်​နိုင်​သည်။ မည်သည့်​အရာ​ပင်​ဖြစ်ပါစေ စာတန်​သည် ထို​ပြဿနာ​နှင့် ယင်းကြောင့်​စိတ်ဓာတ်ကျ​မှု​ကို အသုံးချ​လျက် မိမိ၏​ပျော်ရွှင်မှု​နှင့်​သမာဓိကို ပျောက်ဆုံး​သွား​စေနိုင်​ကြောင်း ပေါလု​နားလည်ခဲ့​သည်။ (သု. ၂၄:၁၀) ယနေ့ စာတန်​သည် မိသားစုဝင်​များ၊ ကျောင်းနေ​ဖက်​များ သို့​မဟုတ် အစိုးရ​အာဏာပိုင်​များ​ကို​ပင် အသုံးပြု၍ ဘုရားသခင့်​ကျေးကျွန်​များ​ကို တစ်နည်း​နည်းဖြင့် နှိပ်စက်​ညှဉ်းပန်း​ပေမည်။

၉။ ဆင်းရဲခြင်း သို့​မဟုတ် ညှဉ်းပန်း​နှိပ်စက်ခြင်း​ခံရသော​အခါ ကျွန်ုပ်​တို့ အဘယ်ကြောင့် အလွန်အမင်း မအံ့သြ​သင့်​သနည်း။

ကျွန်ုပ်​တို့သည် ယင်း​ပြဿနာ​များ​ကို မည်သို့ အောင်မြင်စွာ​ရင်ဆိုင်​နိုင်​သနည်း။ ယေဟောဝါ​ကို​ချစ်သော​မေတ္တာ​နှင့် ကိုယ်တော့်​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို လက်အောက်ခံခြင်း​သည် မည်သည့်​အခါ​မျှ ပြောင်းလဲ​မည်​မဟုတ်​ကြောင်း တင်ပြ​နိုင်​သည့်​အခွင့်အရေး​အဖြစ် ယင်း​တို့ကို ရှုမြင်ခြင်း​အားဖြင့်​ဖြစ်သည်။ (ယာကုပ် ၁:၂-၄) မည်သည့်​အကြောင်းကြောင့်​ပင် ဆင်းရဲခံ​ရ​ပါစေ ဘုရားသခင်​အပေါ် သစ္စာ​တည်ကြည်​ရန် အရေးကြီးကြောင်း သိ​နားလည်​ပါ​က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးဟန်​ချက်​ကို ဆက်​ထိန်းထား​နိုင်​မည်။ တမန်​တော်​ပေတရု ဤသို့​ရေးခဲ့​သည်– “ချစ်သူ​တို့၊ သင်တို့ကို​စုံစမ်း​စ​ရာ​ဖို့ ယခု​ခံရ​သော​မီး​စစ်​ခြင်း​အရာ​ကို​ကား သင်တို့၌ အံ့သြဖွယ်​သော​အရာ​ဖြစ်သည်ဟု​ထင်​မှတ်၍ အံ့သြခြင်း​မရှိကြ​နှင့်။” (၁ ပေတရု ၄:၁၂) ပေါလု​ရှင်းပြ​သည့်​အတိုင်း ‘ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ ဘုရားသခင်​ဝတ်၌ မွေ့လျော်​၍​နေခြင်း​ငှာ အလိုရှိ​သော​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ကို ခံရ​ကြလိမ့်မည်။’ (၂ တိမောသေ ၃:၁၂) စာတန်​သည် ယောဘ​ကိစ္စ​တွင်​ပြု​ခဲ့​သကဲ့သို့ ယေဟောဝါသက်သေ​များ​၏ သမာဓိ​စောင့်ထိန်းမှု​ကို စိန်ခေါ်​နေဆဲ​ဖြစ်သည်။ အမှန်​မှာ စာတန်​သည် ဤ​နောက်ဆုံး​ကာလ​အတွင်း ဘုရားသခင့်​လူမျိုး​ကို အစွမ်းကုန်​တိုက်ခိုက်​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။—ဗျာ. ၁၂:၉၊ ၁၇

နားလည်မှု​လွဲ​ခြင်း​နှင့် အထင်မှား​ခြင်း

၁၀။ အဘယ်အရာကို ယောဘ မသိ​ရှိခဲ့​သနည်း။

၁၀ ကျွန်ုပ်​တို့​နှင့်​ကွာခြား​သည်​မှာ ထို​ဘေးဆိုးများ အဘယ်ကြောင့်​ကြုံ​ရ​ကြောင်း ယောဘ မသိ​ရှိခဲ့​ခြင်း​ဖြစ်သည်။ ‘ထာဝရ​ဘုရားသခင်​ပေး​တော်​မူ​၏။ ထာဝရ​ဘုရားသခင်​လည်း ရုပ်သိမ်း​တော်​မူ​၏’ ဟု​ပင် လွဲမှား​စွာ ကောက်ချက်​ချ​ခဲ့​သည်။ (ယောဘ ၁:၂၁) ဘုရားသခင်​ကြောင့် ဆင်းရဲ​ခက်ခဲ​မှုများ​ခံစားရ​သည်​ဟု ယောဘ​ယူမှတ်​သွားစေရန် စာတန် တမင်​ပြုလုပ်ခြင်း​ဖြစ်​နိုင်​သည်။

၁၁။ ဘေးဆိုးများ​နှင့်​ရင်ဆိုင်​ရသောအခါ ယောဘ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

၁၁ ယောဘ​၏​ဇနီး​က ဘုရားသခင်​ကို​စွန့်ပယ်​ရန် တိုက်တွန်း​သည့်​တိုင် ထိုသို့​သူ​မပြု​လုပ်ခဲ့​ပေ။ သို့သော် သူ​အလွန်အမင်း​စိတ်ဓာတ်ကျ​ခဲ့​သည်။ (ယောဘ ၂:၉၊ ၁၀) ‘လူဆိုး​တို့သည် မိမိ​ထက် သာ၍​ကောင်းစား​နေ​ပုံ​ရသည်’ ဟု​သူ​ဆို​သည်။ (ယောဘ ၂၁:၇-၉) ထို့​ပြင် ‘ဘုရားသခင် ငါ့ကို​ဘာကြောင့်​အပြစ်ပေး​တာလဲ’ ဟူ၍​တွေးမိ​ပေမည်။ သေ​လို​သည့်​အချိန်​များ​ပင် ရှိခဲ့​သည်။ “ကိုယ်တော်​သည် အကျွန်ုပ်​ကို​သင်္ချိုင်းတွင်း​၌ ဝှက်ထား​တော်​မူ​ပါစေ။ အမျက်တော်​မ​လွန်​မီ​တိုင်အောင် ကွယ်ကာ​တော်​မူ​ပါစေ” ဟု​သူ​တောင်းဆို​ခဲ့​သည်။—ယောဘ ၁၄:၁၃

၁၂၊ ၁၃။ မိတ်ဆွေ​သုံးဦး​၏ စကား​များ​က ယောဘ​ကို မည်သို့​ထိခိုက်​စေ​သနည်း။

၁၂ “ယောဘ​နှင့်အတူ ညည်းတွား​၍ သူ့ကို​နှစ်သိမ့်​စေခြင်း​ငှာ” မိတ်ဆွေ​သုံးဦး​ရောက်လာ​သည်။ (ယောဘ ၂:၁၁) သူတို့သည် “နှစ်သိမ့်​စေခြင်း​ငှာ​ပြု​သော်လည်း ပင်ပန်း​စေသော​သူ” များ​သာ​ဖြစ်​ခဲ့​ကြသည်။ (ယောဘ ၁၆:၂) ယောဘသည် မိမိ၏​ပြဿနာ​များ​ကို ရင်ဖွင့်​နိုင်​သည့် မိတ်ဆွေများ​ထံ​မှ အကူအညီ​ရ​သင့်​သော်လည်း သူတို့သည် ယောဘ​၏​စိတ်​ရှုပ်ထွေးမှု​နှင့် စိတ်ဓာတ်ကျ​မှု​ကို ပို​ဆိုး​စေ​ခဲ့​သည်။—ယောဘ ၁၉:၂; ၂၆:၂

၁၃ ယောဘ​အနေ​ဖြင့် ‘ငါ့​ကျ​မှ ဘာကြောင့်​ဖြစ်​ရတာလဲ။ ငါ​ဘာများ မကောင်းတာ​လုပ်ခဲ့လို့​လဲ’ ဟု သူ့ကိုယ်သူ​မေးခဲ့​ပေမည်။ သူ၏​မိတ်ဆွေများ​သည် လုံးဝ​လွဲမှား​စွာ​ရှင်းပြ​ခဲ့​ကြသည်။ သူတို့က ယောဘသည် ကြီး​လေး​သော​အပြစ်ပြု​ထား​၍ ထိုသို့​ခံစား​နေရ​ခြင်း​ဖြစ်သည်ဟု စွပ်စွဲ​လေ​၏။ ဧလိ​ဖတ်​က “အပြစ်​နှင့်​ကင်းလွတ်​လျက်​ပင် ပျက်စီးခြင်း​သို့ အဘယ်သူ​ရောက်​သနည်း” ဟု​မေး​ကာ ‘ငါ​သိမြင်​သည်​အတိုင်း မတရားသော​လယ်ထွန်ခြင်း​ကို​ပြုသောသူ​နှင့် ဆိုးသွမ်း​သော​မျိုးစေ့ကို​ကြဲ​သော​သူတို့သည် ထိုသို့​နှင့်​အညီ စပါး​ရိတ်​တတ်ကြ​၏’ ဟု​ပြော​ခဲ့​သည်။—ယောဘ ၄:၇၊ ၈

၁၄။ မှားယွင်းသော​အပြုအမူကြောင့် ဆင်းရဲ​ဝေဒနာ​များ​ခံစားရ​သည်​ဟု အဘယ်ကြောင့် အလွယ်တကူ ကောက်ချက်​မချ​သင့်​သနည်း။

၁၄ ဝိညာဉ်​ပကတိ​အစား ဇာတိ​ပကတိ​အတိုင်း မျိုးစေ့ကြဲ​ပါ​က ပြဿနာ​များ​ပေါ်ပေါက်​နိုင်​သည်​မှာ မှန်ပါသည်။ (ဂလာတိ ၆:၇၊ ၈) သို့သော် ဤ​အစီအစဉ်​စနစ်​တွင် ကျွန်ုပ်​တို့ မည်သို့​ပင်​ပြုမူ​ပါစေ ပြဿနာ​များ​ပေါ်ပေါက်​လာနိုင်​သည်။ ထို့​ပြင် အပြစ်မဲ့​သူများ​သည် အဘယ်​ဘေးဆိုး​မျှ​မကြုံ​ရ​ဟူ၍ လုံးဝ​မပြော​နိုင်​ပေ။ “သန့်ရှင်း​စင်ကြယ်​၍ အညစ်အကြေး​နှင့်​ကင်းလွတ်” သော ယေရှု​ခရစ်​ပင် ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​တွင် နာကျင်​စွာ​သေဆုံး​ခဲ့​ရသည်။ တမန်​တော်​ယာကုပ်​လည်း ယုံကြည်ခြင်း​အတွက် အသက်​စွန့်ခဲ့​ရသည်။ (ဟေဗြဲ ၇:၂၆; တမန်​တော် ၁၂:၁၊ ၂) ဧလိ​ဖတ်​နှင့်​အဖော်​နှစ်ဦး​၏ မှားယွင်းသော​အတွေးအခေါ်​ကြောင့် ယောဘသည် မိမိ၏​နာမည်​ကောင်း​နှင့် အပြစ်ကင်း​မှု​ကို ခုခံ​ပြောဆို​ခဲ့​သည်။ သို့သော် သူတို့က ယောဘ​ဆင်းရဲခံ​ထိုက်​သည်​ဟု ဇွတ်​တ​ရွတ် စွပ်စွဲ​သောကြောင့် ဘုရားသခင်​၏​တရား​မျှတမှုကို​ပင် သူ​သံသယဝင်​ခဲ့​သည်။—ယောဘ ၃၄:၅; ၃၅:၂

ဘေးဆိုးများ​နှင့်​ရင်ဆိုင်​ရသောအခါ အကူအညီ​ရှာ​ခြင်း

၁၅။ ဆင်းရဲ​ဝေဒနာ​များ​ခံစားရ​သောအခါ မည်သို့​တွေးတော​ဆင်ခြင်ခြင်း​က အကူအညီ​ဖြစ်စေ​သနည်း။

၁၅ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ဘေးဆိုးများ၊ ဖျားနာ​မှု သို့​မဟုတ် ညှဉ်းပန်း​နှိပ်စက်မှု​များသည် အလွန်​မမျှတ​ပုံ​ရ​ပေမည်။ အခြားသူများ​မူ ထိုသို့​သော​ပြဿနာ​များ ကြုံ​ရ​ပုံ​မ​ပေါ်​ချေ။ (ဆာလံ ၇၃:၃-၁၂) တစ်ခါတစ်ရံ ကျွန်ုပ်​တို့​ကိုယ်ကို ဤ​အခြေခံကျ​သော​မေးခွန်းများ မေး​ရန်လို​အပ်​ပေမည်– ‘ဘာပဲ​ကြုံ​ရ​ပါစေ ဘုရားသခင်​ကို ဆက်​ဝတ်ပြု​သွား​နိုင်​တဲ့​မေတ္တာ ငါ့​မှာ​ရှိရဲ့လား။ ကဲ့ရဲ့​သူ​စာတန်​ရဲ့​စကား​ကို ယေဟောဝါ ချေပ​နိုင်တာ​မျိုး ငါ​ဖြစ်စေချင်​သလား။’ (သု. ၂၇:၁၁; မဿဲ ၂၂:၃၇) အခြားသူများ​၏ အဆင်​အ​ခြင်​မဲ့​စကား​များ​ကြောင့် ကောင်းကင်​ခမည်းတော်​ကို မည်သည့်​အခါ​မျှ သံသယ​မဖြစ်​ကြ​စို့​နှင့်။ နှစ်ပေါင်း​များစွာ နာတာရှည်​ရောဂါ​ခံစား​ရသူ သစ္စာရှိ​ခရစ်ယာန်​တစ်ဦး​က “ယေဟောဝါ ဘာပဲ​ခွင့်ပြု​ပါစေ အဲဒါကို​ခံနိုင်​လိမ့်မယ်​ဆိုတာ ကျွန်မ​သိတယ်။ လိုအပ်​တဲ့​ခွန်အား​ကို ကိုယ်တော်​ပေး​မယ်​ဆိုတာ​လည်း ကျွန်မ​သိတယ်။ အဲဒီလို​လည်း ကိုယ်တော် အမြဲ​ပေး​ခဲ့​တယ်” ဟု​ဆို​သည်။

၁၆။ ခက်ခဲ​မှုများ​ရင်ဆိုင်​ရသူ​တို့ကို သမ္မာကျမ်းစာ​က မည်သို့​အကူအညီ​ပေး​သနည်း။

၁၆ စာတန်​၏​နည်း​ပရိယာယ်​များ သို့​မဟုတ် “အကြံအစည်​များ” အကြောင်း ယောဘ မသိ​ရှိခဲ့​ရာ​ကို ကျွန်ုပ်​တို့​သိ​ကြ​၏။ (၂ ကောရိန္သု ၂:၁၁) ထို့​ပြင် ကျွန်ုပ်​တို့​တွင် လက်တွေ့ကျ​အကြံဉာဏ် အလျှံပယ်​ရှိ​နေသည်။ ခက်ခဲ​မှု​ပုံစံ​အမျိုးမျိုးကို ခံရပ်​ခဲ့​သော သစ္စာရှိ​အမျိုးသား၊ အမျိုးသမီးများ​အကြောင်း သမ္မာကျမ်းစာ​တွင်​ပါရှိ​သည်။ ခရစ်ယာန်​များစွာ​ထက် ပို​ဆင်းရဲခံ​ခဲ့​ရသော တမန်​တော်​ပေါလု ဤသို့​ရေး​သည်– ‘ငါ​တို့သည် ကျမ်းစာ​၌​ပါ​သော သည်းခံခြင်း၊ သက်သာခြင်း​အကြောင်း​များ​ကို​အမှီပြု၍ မျှော်လင့်​ရသော​အခွင့်​ရှိစေ​ခြင်း​ငှာ ကျမ်းစာ​၌ အထက်​က​ရေးထားသမျှ​သည် ငါ​တို့ကို ဆုံးမ​သွန်သင်​၍ ရေးထား​သတည်း။’ (ရောမ ၁၅:၄) ဒုတိယ​ကမ္ဘာ​စစ်​အတွင်း​၌ ယုံကြည်ခြင်း​ကြောင့် အကျဉ်း​ချ​ခံ​ခဲ့​ရသော ဥရောပ​မှ သက်သေခံ​တစ်ဦး​သည် သမ္မာကျမ်းစာ​ကို​ရ​ရန် မိမိ၏​သုံးရက်​စာ​ရိက္ခာ​နှင့်​လဲ​ယူ​ခဲ့​သည်။ “အဲဒီလို​လဲ​လိုက်တာ အကျိုး​အများကြီး​ရှိခဲ့တယ်။ ကျွန်တော်​ဆာလောင်​ပေမဲ့ အဲဒီ​ခက်ခဲ​တဲ့​အချိန်​တစ်လျှောက်​မှာ ကျွန်တော်​နဲ့​တခြား​သူတွေကို ခံရပ်​နိုင်​စေ​တဲ့ ဝိညာဉ်​အစာ ရရှိခဲ့တယ်။ အဲဒီ​ကျမ်းစာ​ကို ဒီနေ့​အထိ ကျွန်တော်​သိမ်းထား​တယ်” ဟု​သူ​ပြောပြ​သည်။

၁၇။ ကျွန်ုပ်​တို့​ခံရပ်​နိုင်​ရန် အဘယ်​အကူအညီ​များ​ကို ဘုရားသခင်​ပြင်ဆင်​ပေး​ထား​သနည်း။

၁၇ သမ္မာ​ကျမ်းစာ​ပါ နှစ်သိမ့်မှု​များ​အပြင် ပြဿနာ​များ​ကို ရင်ဆိုင်​ဖြေရှင်းရန် လမ်းညွှန်ချက်​ကောင်း​များ​ပေး​ထား​သည့် ကျမ်းစာ​အထောက်အကူ​ပြု​စာပေ​များစွာလည်း ကျွန်ုပ်​တို့​တွင်​ရှိသည်။ ကင်းမျှော်စင်​စာပေ​များ​အညွှန်း​တွင် ရှာကြည့်​လျှင် သင်ရင်​ဆိုင်​နေရ​သည့် အခက်အခဲ​များ​ကို ကြုံတွေ့ခဲ့​သည့် ခရစ်ယာန်​ချင်း​တစ်ဦး​အကြောင်း တွေ့ရှိ​ပေမည်။ (၁ ပေတရု ၅:၉) နားလည်မှု​ရှိသော​အကြီးအကဲ သို့​မဟုတ် ရင့်ကျက်သော​ခရစ်ယာန်​များနှင့် သင့်​အခြေအနေ​ကို ဆွေးနွေးခြင်း​က​လည်း အထောက်အကူ​ပြု​ပေမည်။ ထို့​ထက်​ကား ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​နှင့် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို မှီခို​အားထား​နိုင်​သည်။ စာတန်​၏ ‘ထိုးနှက်မှု’ ကို ပေါလု မည်သို့​ခံရပ်​ခဲ့​သနည်း။ ဘုရားသခင်​၏​တန်ခိုး​ကို မှီခို​အားထားခြင်း​ဖြင့်​ဖြစ်သည်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀) “ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏” ဟု​သူ​ရေးသားခဲ့​သည်။—ဖိလိပ္ပိ ၄:၁၃

၁၈။ ခရစ်ယာန်​ချင်း​များသည် တန်ဖိုး​ဖြတ်​မရ​သော​အားပေးမှု မည်သို့​ပေး​နိုင်​သနည်း။

၁၈ ထို​အဆင်သင့်​ရရှိနိုင်သော အကူအညီ​များ​ကို​ရှာယူ​ရန် ကျွန်ုပ်​တို့ မ​နှောင့်နှေး​သင့်​ပေ။ “သင်သည်​အမှုရောက်​သော​ကာလ​၌ စိတ်ပျက်​လျှင် အားနည်း​၏” ဟု နယပုံပြင်​ကျမ်း​က ဖော်ပြ​သည်။ (သု. ၂၄:၁၀) ခြ​များသည် တစ်အိမ်​လုံး​ပြိုကျ​သွား​အောင် စား​ပစ်​နိုင်​သည့်​နည်းတူ စိတ်ဓာတ်ကျ​ခြင်း​က​လည်း ခရစ်ယာန်​တစ်ဦး၏​သမာဓိကို ဖျက်ဆီး​ပစ်​နိုင်​သည်။ ထို​အန္တရာယ်​မကျရောက်​စေရန် ကျွန်ုပ်​တို့၏ ယုံကြည်မှု​တူ​သူ​ချင်း​များ​မှ​တစ်ဆင့် ယေဟောဝါ​ထောက်​မပေး​သည်။ ယေရှု​အဖမ်းခံရ​သော​ည​တွင် ကောင်းကင်တမန်​တစ်ပါး ကိုယ်တော်​ရှေ့​ပေါ်လာ​ပြီး အားပေးခဲ့​သည်။ (လုကာ ၂၂:၄၃) အကျဉ်းသား​တစ်ဦး​အနေ​နှင့် ရောမမြို့​သို့ ပေါလု​သွားစဉ် အပ္ပိ​ဈေး​နှင့်​သုံး​ဇရပ်​တို့၌ ညီအစ်ကို​များ​ကို​တွေ့မြင်​ခဲ့​သောကြောင့် “ဘုရားသခင်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ စိတ်သက်သာ​ခြင်း​သို့​ရောက်” ခဲ့​သည်။ (တမန်​တော် ၂၈:၁၅) ဆယ်ကျော်သက်​အရွယ်​တွင် ရာ​ဗန်စ်​ဘ​ရု​ခ်​ချွေး​တပ်​စခန်း​သို့ ရောက်သွား​သော ဂျာမန်​သက်သေခံ​တစ်ဦး​သည် သူ​ရရှိခဲ့​သော​အကူအညီကို ယနေ့​တိုင် အမှတ်ရ​လျက်​ရှိသည်။ သူ​ဤသို့​ပြန်​ပြောပြ​၏– “ခရစ်ယာန်​ချင်း​တစ်ယောက်​က ကျွန်မ​ကို​တွေ့​သွားပြီး ဖက်​လဲ​တ​ကင်း​ကြိုဆို​ခဲ့​တယ်။ နောက်​သစ္စာရှိ​ညီအစ်မ​တစ်ယောက်​ကျ​တော့ ဝိညာဉ်​ရေး​မိခင်​တစ်ယောက်လို​ပဲ ကျွန်မ​ကို အမြဲ​ကာကွယ်​ပေး​တယ်” ဟု ပြန်​ပြောပြ​သည်။

“သစ္စာစောင့်​လော့”

၁၉။ စာတန်​၏​ကြိုးပမ်းမှု​များ​ကို တွန်းလှန်​ရန် အဘယ်အရာက ယောဘ​ကို ကူညီ​ပေး​ခဲ့​သနည်း။

၁၉ ယောဘသည် “ဖြောင့်မတ်​သော​သဘောကို​စွဲလမ်း​လျက်​နေ” သူ​ဖြစ်သည်ဟု ယေဟောဝါ​ဖော်ပြ​ခဲ့​သည်။ (ယောဘ ၂:၃) သူသည် စိတ်ဓာတ်ကျ​ပြီး ဆင်းရဲခံ​ရသည့်​အကြောင်းရင်းကို မသိ​သော်လည်း သစ္စာစောင့်သိမှု​ဆိုင်ရာ အဓိက​အရေးကိစ္စကို​သာ အာရုံစိုက်ခဲ့​သည်။ သူ၏​သမာဓိ​စောင့်သိသော​လမ်းစဉ်​ကို မစွန့်​လွှတ်​ခဲ့​ပေ။ “ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်” ဟု​သူ​အခိုင်အမာ​ဆို​ခဲ့​သည်။—ယောဘ ၂၇:၅က​ဘ။

၂၀။ ခံနိုင်ရည်​ရှိ​ခြင်း​သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း။

၂၀ ထပ်တူ​စိတ်ပိုင်းဖြတ်​ချက်​က သွေးဆောင်မှုများ၊ ဆန့်ကျင်မှု သို့​မဟုတ် ဘေးဆိုးများ​ရင်ဆိုင်​ရသော မည်သည့်​အခြေအနေ​မျိုး​တွင်​မဆို ကျွန်ုပ်​တို့၏​သမာဓိကို စောင့်ထိန်း​နေနိုင်​ရန် ကူညီ​ပေး​လိမ့်​မည်။ ‘သင်သည် ခံရ​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မကြောက်​နှင့်။ သင်တို့သည် စုံစမ်းခြင်း [ဆင်းရဲခြင်း၊ စိတ်ဓာတ်ကျ​ခြင်း သို့မဟုတ် ဖိနှိပ်ခြင်း] ကို​ခံရ​မည်​အကြောင်း စာတန်​သည် သင်တို့တွင် အချို့​ကို​ထောင်​ထဲ​၌​လှောင်ထား​၍ သင်တို့သည် ဆယ်ရက်​ပတ်လုံး ဆင်းရဲခြင်း​ခံရ​ကြလိမ့်မည်။ သေ​သည်​တိုင်အောင်​သစ္စာစောင့်​လော့။ သို့​ဖြစ်​လျှင် အသက်​သရဖူ​ကို​ငါ​ပေး​မည်’ ဟု စမုရန​အသင်းတော်ကို ယေရှု​မိန့်ဆိုခဲ့သည်။—ဗျာ. ၂:၁၀

၂၁၊ ၂၂။ ဆင်းရဲ​ခက်ခဲ​မှုများ​ကို​ခံရပ်​ရာ​တွင် အဘယ်အရာကို​သိထားခြင်းက နှစ်သိမ့်မှု​ပေး​သနည်း။

၂၁ စာတန်​အုပ်စိုး​နေသော ဤ​အစီအစဉ်​စနစ်​တွင် ကျွန်ုပ်​တို့၏​ခံနိုင်ရည်​နှင့်​သမာဓိ စမ်းသပ်ခံ​ရမည်​သာ​ဖြစ်သည်။ သို့သော် အနာဂတ်​ကို​စောင့်မျှော်​စဉ် ကျွန်ုပ်​တို့​ကြောက်ရွံ့​ဖို့ မလို​ကြောင်း ယေရှု​အာမခံခဲ့​သည်။ အရေးကြီး​သည့်​အချက်​မှာ သစ္စာ​ရှိကြောင်း​တင်ပြ​ရန်​သာ ဖြစ်သည်။ ဆင်းရဲခြင်း​သည် ခဏ​သာ​ခံရ​သော​အရာ​ဖြစ်၍ ယေဟောဝါ​ပေး​မည့် “ဘုန်း​အသရေ” သို့​မဟုတ် ဆုကျေးဇူး​မှာ​မူ ‘အတိုင်း​ထက်​အလွန်​ကြီးမြတ်​လေးလံ​ပြီး ထာဝရ’ ဖြစ်သည်ဟု ပေါလု​ပြော​ခဲ့​သည်။ (၂ ကောရိန္သု ၄:၁၇၊ ၁၈) ယောဘ​ခံ​ခဲ့​ရသော​ဆင်းရဲခြင်း​ကို သူ​ဆင်းရဲ​မခံရမီ​နှင့် ခံရ​ပြီး​နောက် ပျော်ရွှင်ဖွယ်​နှစ်များ​နှင့်​ယှဉ်​လျှင် ခဏ​သာ​ဖြစ်သည်။—ယောဘ ၄၂:၁၆

၂၂ သို့​တိုင် ကျွန်ုပ်​တို့​ခံရ​သော​စမ်းသပ်မှု​များသည် မပြီး​ဆုံး​နိုင်​မည့်​ပုံ၊ မခံရပ်​နိုင်​မည့်​ပုံ ရှိ​ပေမည်။ ယောဘ​၏​အဖြစ်အပျက်​မှ ခံနိုင်ရည်​နှင့်​ပတ်သက်သော ထပ်ဆင့်​သင်ခန်းစာများ​အပြင် ဆင်းရဲ​ခက်ခဲ​မှု​ရင်ဆိုင်​နေရသူ​များ​ကို အားပေးနိုင်​သည့်​နည်းလမ်းများ​ကိုလည်း နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယောဘ​၏​သမာဓိ​နှင့်​ပတ်သက်​၍ အဘယ်​အဓိက​အရေးကိစ္စကို စာတန်​ပေါ်ပေါက်​စေ​ခဲ့​သနည်း။

• ဘေးဆိုးများ​ရင်ဆိုင်​ရသောအခါ အဘယ်ကြောင့် အလွန်အမင်း မအံ့သြ​သင့်​သနည်း။

• ကျွန်ုပ်​တို့​ခံရပ်​နိုင်​ရန် ယေဟောဝါ မည်သို့​ကူညီ​ပေး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သုတေသန​ပြုခြင်း၊ ရင့်ကျက်သော ခရစ်ယာန်​များနှင့် စကားပြော​ဆို​ခြင်း၊ ရင်ဖွင့်​ဆုတောင်းခြင်း​တို့​က ခံနိုင်ရည်​ရှိစေ