မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစွန်းရောက်ခြင်းကို အဘယ်ကြောင့်ရှောင်ရ

အစွန်းရောက်ခြင်းကို အဘယ်ကြောင့်ရှောင်ရ

အစွန်းရောက်ခြင်းကို အဘယ်ကြောင့်ရှောင်ရ

ယေဟောဝါသည် မျှတမှုရှိရာတွင် စံနမူနာရှင်ဖြစ်တော်မူ၏။ “အမှုတော်သည် စုံလင်ပေ၏။” စီရင်တော်မူသမျှတို့သည် တရားနှင့်ညီပြီး ကရုဏာရှိတော်မူသောကြောင့် မည်သည့်အခါမျှ ကြမ်းတမ်းခက်ထန်ခြင်းမရှိပေ။ (တရားဟောရာ ၃၂:⁠၄) မိမိ၏စုံလင်သောနည်းဥပဒေသများနှင့်အညီ ပြုမူသောကြောင့် ကိုယ်တော်၏မေတ္တာသည် တရားနှင့်ညီသည်။ (ဆာလံ ၈၉:၁၄; ၁၀၃:၁၃၊ ၁၄) ကိုယ်တော်သည် ကျွန်ုပ်တို့၏ကနဦးမိဘနှစ်ပါးကို အရာရာတွင် မျှတသောသဘောရှိဖို့ ဖန်ဆင်းထား၏။ သူတို့တွင် အစွန်းရောက်လိုသောသဘော မရှိခဲ့ပေ။ သို့သော် သူတို့အပြစ်ပြုသောကြောင့် မစုံလင်တော့ဘဲ မျှတသောသဘော ပျောက်ဆုံးခဲ့ရသည်။—⁠တရားဟောရာ ၃၂:၅

ဥပမာ၊ တာယာပါးပြီး ဖုထစ်စူထွက်နေသော စက်ဘီးကို သင်စီးဖူးသလော။ ထိုတာယာမျိုးရှိသော စက်ဘီးစီးရလျှင် အဆင်မပြေဖြစ်ပြီး အန္တရာယ်လည်း ရှိမည်မှာ သေချာသည်။ ထို့ကြောင့် တာယာမပေါက်မီ ပြုပြင်ဖို့လိုသည်။ အလားတူ၊ မစုံလင်သည့်စရိုက်များက ကျွန်ုပ်တို့ကို မူမမှန်ပြုမူစေသည်။ ယင်းတို့သည် ဖုထစ်စူထွက်နေသော တာယာနှင့်တူပြီး ဘဝလမ်းခရီးကို မချောမွေ့စေဘဲ အန္တရာယ်ပင်ဖြစ်စေနိုင်သည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့၏အရည်အသွေးကောင်းများ၊ အားသာချက်များသည် အစွန်းရောက်သွားနိုင်၏။ ဥပမာ၊ မောရှေပညတ်က ဣသရေလလူမျိုးများ၏ ဝတ်လုံအနားတွင် ပန်းပွားတပ်ရန် တောင်းဆိုသော်လည်း ယေရှုခေတ်မှ ဖာရိရှဲများသည် လူကြားတွင်ထင်ပေါ်စေရန် “ကြီးသောပန်းပွားတို့ကို” တပ်ပြီး ဝတ်ဆင်ခြင်းဖြင့် အစွန်းရောက်ခဲ့ကြသည်။ အခြားသူများထက် ပိုသန့်ရှင်းမြင့်မြတ်ကြောင်းပြလို၍ဖြစ်သည်။—⁠မဿဲ ၂၃:၅; တောလည်ရာ ၁၅:၃၈-၄၀

ယနေ့ လူအချို့သည် နည်းအမျိုးမျိုးဖြင့်၊ အခြားသူများကို အံ့သြမှင်တက်သွားစေခြင်းဖြင့်ပင် လူတို့၏အာရုံစိုက်ခံရရန် ကြိုးစားကြသည်။ ယင်းသည် အမှန်အားဖြင့် “ငါက လူတစ်မျိုး၊ သူများနဲ့မတူဘူး” ဟုကြွေးကြော်နေရာရောက်သည်။ သို့သော် အဝတ်အစား၊ သဘောထားနှင့် အပြုအမူတို့တွင် အစွန်းရောက်ခြင်းက ခရစ်ယာန်တစ်ဦး အမှန်လိုအပ်ရာကို မဖြည့်ဆည်းပေးချေ။

အလုပ်အပေါ် မျှတသောအမြင်

ကျွန်ုပ်တို့ မည်သူပင်ဖြစ်စေ၊ မည်သည့်နေရာတွင် နေထိုင်ပါစေ အကျိုးပြုသောအလုပ်သည် ဘဝကိုအဓိပ္ပာယ်ရှိစေသောအရာတစ်ခုဖြစ်သည်။ ထိုသို့သောအလုပ်တွင် ကျေနပ်မှုရရန် ကျွန်ုပ်တို့ဖန်ဆင်းခံရသည်။ (ကမ္ဘာဦး ၂:၁၅) သမ္မာကျမ်းစာက ပျင်းရိခြင်းကို ရှုတ်ချထားသည်။ တမန်တော်ပေါလုက “အလုပ်မလုပ်ချင်သောသူမည်သည်ကား အစာကိုလည်းမစားစေနှင့်” ဟုဆိုခဲ့သည်။ (၂ သက်သာလောနိတ် ၃:၁၀) အမှန်ပင်၊ အလုပ်ပျင်းရိခြင်းသည် ဆင်းရဲမွဲတေပြီး ကျေနပ်ရောင့်ရဲမှုမရရှိစေသည့်အပြင် ဘုရားသခင့်မျက်နှာသာကိုလည်း ဆုံးရှုံးစေနိုင်သည်။

အချို့သူတို့မူ မိမိတို့ကိုယ်ကို အလုပ်တွင်စုံးစုံးနှစ်မြှုပ်ထားခြင်းအားဖြင့် အလုပ်၏ကျေးကျွန်များဖြစ်သည်အထိ အစွန်းရောက်ကြသည်။ အိမ်မှစောစောထွက်၊ မိုးချုပ်မှပြန်ပြီး မိသားစုအကျိုးအတွက် လုပ်နေခြင်းဖြစ်သည်ဟု ဆင်ခြေပေးကြသည်။ အမှန်မှာ ထိုသို့ပြုလုပ်ခြင်းကြောင့် သူတို့၏မိသားစုများ စိတ်ဆင်းရဲကြရသည်။ အလုပ်တွင်သာအချိန်နှစ်မြှုပ်ထားသော အမျိုးသားတစ်ဦး၏ဇနီးက “ကျွန်မယောက်ျား ကျွန်မတို့မိသားစုနဲ့အတူရှိမယ်ဆိုရင် အိမ်ကစည်းစိမ်တွေအားလုံးကို စွန့်လွှတ်နိုင်တယ်” ဟုဆိုသည်။ အလုပ်အလွန်အကျွံလုပ်သူတို့သည် ဘုရင်ရှောလမုန်၏ ဤအတွေ့အကြုံကို အလေးအနက်စဉ်းစားသင့်သည်– ‘ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အချည်းနှီးအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။’—⁠ဒေ. ၂:၁၁

မှန်ပါသည်၊ အလုပ်နှင့်ပတ်သက်လာလျှင် အစွန်းရောက်ခြင်းနှစ်မျိုးစလုံးကို ရှောင်ရမည်။ ကျွန်ုပ်တို့သည် ဝီရိယရှိသောလုပ်သားများဖြစ်သင့်သော်လည်း အလုပ်၏ကျေးကျွန်ဖြစ်ခြင်းက ပျော်ရွှင်မှုနှင့် အခြားအရာများစွာကို ဆုံးရှုံးစေကြောင်း သတိရပါ။—⁠ဒေ. ၄:၅၊ ၆

အပျော်အပါးနှင့်ပတ်သက်လျှင် မျှတမှုရှိခြင်း

ကျွန်ုပ်တို့ခေတ်တွင် ‘လူတို့သည် . . . ဘုရားသခင်ကိုနှစ်သက်သည်ထက် အပျော်အပါးကိုသာ၍နှစ်သက်သောသူ’ ဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာကဆိုသည်။ (၂ တိမောသေ ၃:၂၊) အပျော်အပါးလိုက်စားခြင်းသည် လူတို့ကို ဘုရားသခင်ထံမှ ကင်းကွာသွားစေရန် စာတန်အသုံးပြုသည့် အထိရောက်ဆုံးနည်းဖြစ်သည်။ အစွန်းရောက်သည့် သို့မဟုတ် အန္တရာယ်ရှိပြီး သည်းထိတ်ရင်ဖိုဖြစ်စေသည့် အားကစားများကဲ့သို့သော အပန်းဖြေမှုနှင့် ဖျော်ဖြေမှုများ လိုက်စားခြင်းသည် ရေပန်းစားလာသည်။ ထိုသို့သောအပန်းဖြေမှုပုံစံများကော လိုက်စားသူအရေအတွက်ပါ တိုးများလာနေသည်။ ယင်းတို့ အဘယ်ကြောင့် ရေပန်းစားလာသနည်း။ လူများစွာသည် မိမိတို့၏နေ့စဉ်အသက်တာကို ကျေနပ်မှုမရှိတော့သဖြင့် သာ၍စိတ်လှုပ်ရှားစေသည့်အရာများကို ရှာဖွေလာကြသည်။ သို့သော် ပို၍စိတ်လှုပ်ရှားစရာကောင်းလေ ပိုအန္တရာယ်များလေဖြစ်၏။ ခရစ်ယာန်များသည် အသက်ဆုနှင့်အသက်ပေးရှင်ကို မလေးစားရာရောက်သော အန္တရာယ်ရှိအားကစားများကို အသိစိတ်ရှိရှိဖြင့် ရှောင်ကြဉ်ကြသည်။—⁠ဆာလံ ၃၆:⁠၉

ဘုရားသခင်သည် ကနဦးလူသားမောင်နှံကို ဖန်ဆင်းစဉ်က မည်သည့်နေရာတွင် နေထိုင်စေခဲ့သနည်း။ “သာယာပျော်ရွှင်မှု” ဟုအဓိပ္ပာယ်ရသော ဧဒင်ဥယျာဉ်တွင် ဖြစ်သည်။ (ကမ္ဘာဦး ၂:⁠၈) ရှင်းနေသည်မှာ လူတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်တွင် သာယာပျော်ရွှင်ဖွယ် အသက်တာလည်း ပါဝင်သည်။

အပျော်အပါးကို မျှတစွာရှုမြင်ရာတွင် ယေရှုသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးပုံသက်သေပြခဲ့သည်။ ကိုယ်တော်သည် ယေဟောဝါ၏အလိုတော်ကို စိတ်အကြွင်းမဲ့ထမ်းဆောင်ခဲ့ပြီး ဘုရားသခင့်ပညတ်နှင့်မူများအတိုင်း အစဉ်အသက်ရှင်ခဲ့သည်။ အလွန်မောပန်းနေသည့်တိုင် လိုအပ်နေသူများအတွက် အချိန်ပေးခဲ့သည်။ (မဿဲ ၁၄:၁၃၊ ၁၄) စားသောက်ပွဲများသို့ ဖိတ်ခေါ်ခံရသည့်အခါ ယေရှု သွားရောက်ခဲ့သည်။ အနားယူ၊ အမောဖြေရန်လည်း အချိန်ပေးခဲ့သည်။ ယင်းကြောင့် ကိုယ်တော့်ရန်သူများကပင် ဤသို့ပြစ်တင်ပြောဆိုခဲ့ကြသည်– “ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား။” (လုကာ ၇:၃၄; ၁၀:၃၈; ၁၁:၃၇) သို့ဖြစ်၍ ဘုရားသခင်ကို ဆည်းကပ်ဝတ်ပြုရာတွင် အပျော်အပါးမှန်သမျှ ရှောင်ကြဉ်ရမည်ဟု ကိုယ်တော်မယူဆခဲ့ပါ။

အပန်းဖြေရာတွင် အစွန်းမရောက်ဘဲ မျှတသောအမြင်ရှိခြင်းက ပညာရှိရာရောက်သည်မှာ ရှင်းနေပါသည်။ ဘဝတွင် အပျော်အပါးနှင့် အပန်းဖြေခြင်းတို့ကို အဓိကထားခြင်းက စစ်မှန်သောပျော်ရွှင်မှုမရရှိစေနိုင်ပါ။ ထို့ပြင် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ရင်းနှီးသောဆက်ဆံရေးအပါအဝင် သာ၍အရေးကြီးသောအရာကို လျစ်လျူရှုမိစေနိုင်သည်။ သို့သော် အပျော်အပါးမှန်သမျှကိုရှောင်ခြင်း၊ အပျော်အပါးရှာရာတွင် မျှတမှုရှိသူများကို ဝေဖန်ခြင်း မပြုသင့်ပေ။—⁠ဒေ. ၂:၂၄; ၃:၁-၄

မျှတမှုရှိသည့်အသက်တာတွင် ပျော်မွေ့လော့

ယာကုပ်က “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏” ဟုရေးခဲ့သည်။ (ယာကုပ် ၃:⁠၂) အစွန်းရောက်ခြင်းကို ရှောင်ရန်ကြိုးစားရာတွင် ကျွန်ုပ်တို့လည်း အလားတူဖြစ်နိုင်သည်။ အဘယ်အရာက မျှတမှု ဆက်ရှိစေနိုင်သနည်း။ ကျွန်ုပ်တို့၏အားသာချက်များနှင့် အားနည်းချက်များကို အသိအမှတ်ပြုဖို့လိုသည်။ ယင်းသို့ပြုရန် မလွယ်ကူပေ။ ကျွန်ုပ်တို့တွင် အစွန်းရောက်သည့်သဘော မသိမသာဝင်လာနိုင်သည်။ ထို့ကြောင့် ရင့်ကျက်သောခရစ်ယာန်များနှင့် အနီးကပ်ပေါင်းသင်းပြီး မျှတမှုရှိသောအကြံဉာဏ်များကို လိုက်နာခြင်းက ပညာရှိရာရောက်သည်။ (ဂလာတိ ၆:၁) အသင်းတော်မှ ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦး သို့မဟုတ် အတွေ့အကြုံရှိ အကြီးအကဲတစ်ဦးထံမှ အကြံဉာဏ်တောင်းနိုင်သည်။ “မှန်” နှင့်တူသည့် ကျမ်းစာနှင့် ကျမ်းစာအခြေပြုအကြံဉာဏ်များအားဖြင့် ယေဟောဝါ၏အမြင်တွင် ကျွန်ုပ်တို့မည်မျှ,မျှတမှုရှိကြောင်း ဆန်းစစ်နိုင်သည်။—⁠ယာကုပ် ၁:၂၂-၂၅

ဝမ်းသာစရာမှာ၊ အစွန်းရောက်သော ဘဝပုံစံမျိုးသည် ရှောင်လွှဲမရနိုင်သောအရာ မဟုတ်ပါ။ အခိုင်အမာစိတ်ပိုင်းဖြတ်ချက်နှင့် ယေဟောဝါ၏ထောက်မမှုဖြင့် မျှတသောသူများဖြစ်နိုင်ပြီး ပျော်ရွှင်နိုင်ပေသည်။ သို့ဖြင့် ခရစ်ယာန်ညီအစ်ကိုညီအစ်မများနှင့် ဆက်ဆံရေးကောင်းမွန်လာမည်ဖြစ်ပြီး ရပ်ကွက်ရှိသူများအတွက် ပုံသက်သေကောင်းဖြစ်နိုင်သည်။ ထို့ထက်ကား မျှတမှုရှိသော မေတ္တာရှင်ဘုရားသခင်ယေဟောဝါကို သာ၍တုပနိုင်ကြပေမည်။—⁠ဧဖက် ၅:၁

[Picture Credit Line on page 28]

©Greg Epperson/age fotostock