မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏ သော့ချက်များ

အိမ်ထောင်ဖက်တစ်ဦး အကူအညီ အထူးလိုအပ်ချိန်ဝယ်

အိမ်ထောင်ဖက်တစ်ဦး အကူအညီ အထူးလိုအပ်ချိန်ဝယ်

ကျွန်မမှာ နာတာရှည် မောပန်းတတ်တဲ့ရောဂါ ရှိနေပြီဆိုတာ သိတဲ့အချိန်ကစပြီး ကျွန်မခင်ပွန်းက အလုပ်တွေကို ဒိုင်ခံလုပ်ရတော့တာပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ကုန်ကျစရိတ်ကို ဘယ်တော့မှ သူမပြောပြဘူး။ ငွေကြေးကိစ္စကို ဘာဖြစ်လို့ ဖုံးကွယ်ထားရတာလဲ။ ကျွန်မသိသွားရင် စိတ်မကောင်းဖြစ်မှာစိုးလို့ သူမပြောပြတာဆိုတော့ စီးပွားရေး အခြေအနေက တော်တော်ဆိုးရွားလို့ပဲ ဖြစ်ရမယ်။—မနန်း။ *

အိမ်ထောင်ရေးသည် စိန်ခေါ်ချက်တစ်ခု ဖြစ်နိုင်၏။ အိမ်ထောင်ဖက်တစ်ဦးက ကျန်းမာရေးကောင်းပြီး နောက်တစ်ဦးက နာတာရှည်ရောဂါ ဖြစ်လာလျှင် ပို၍ပင် ခက်ခဲလာနိုင်သည်။ * သင်သည် ရောဂါသည် ကြင်ဖော်တစ်ဦးကို ပြုစုစောင့်ရှောက်နေရသလော။ သို့ဆိုလျှင် အောက်ပါအချက် တစ်ခုခုကို သင် စိုးရိမ်ပေမည်– ‘ငါ့ကြင်ဖော်က ဒီထက်ပိုပြီး ကျန်းမာရေး ဆိုးလာရင် ငါ ဘယ်လို လုပ်ရမလဲ။ ငါ့ကြင်ဖော်ကို စောင့်ရှောက်ရင်း အိမ်မှုကိစ္စတွေ၊ ဝမ်းစာရှာအလုပ်တွေ အားလုံးကိုလည်း ဘယ်လောက်ကြာကြာ ငါဆက်လုပ်နိုင်မလဲ။ သူ့ကို သနားလိုက်တာ၊ သူ့အစား ငါပဲ ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။’

အကယ်၍ သင်သည် ရောဂါသည်ဖြစ်နေလျှင် ‘ငါ့ဝန် ငါမထမ်းနိုင်ရင် ငါ့ကိုယ်ငါ ဘယ်လို လေးစားနိုင်မလဲ။ ငါ့ကြင်ဖော်က ငါ့လိုရောဂါသည်ကို စိတ်ကုန်သွားမလား။ ငါတို့ဇနီးမောင်နှံရဲ့ ပျော်ရွှင်မှု ပျောက်ဆုံးသွားမလား’ ဟူ၍ တွေးမိပေမည်။

အိမ်ထောင်သည်တချို့သည် နာတာရှည်ရောဂါကြောင့် ကွာရှင်းခဲ့ကြသည်မှာ ဝမ်းနည်းစရာပင်။ သို့တိုင် ယင်းကြောင့် သင့်အိမ်ထောင်ရေး ပြိုကွဲတော့မည်ဟု မဆိုလိုချေ။

ဇနီးမောင်နှံများစွာသည် နာတာရှည်ရောဂါကို ရင်ဆိုင်ရသည့်တိုင် အိမ်ထောင်ရေး ခိုင်မြဲပြီး အောင်မြင်လျက်ပင် ရှိကြသည်။ ဥပမာ၊ ကိုကျော်ကျော်နှင့် မခိုင်တို့၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ကျောရိုးတွင် ထိခိုက်ဒဏ်ရာရရှိထားသော ကိုကျော်ကျော်သည် အကူအညီမပါဘဲ မိမိဘာသာ ဘာမျှမလှုပ်ရှားနိုင်ချေ။ မခိုင်က ဤသို့ပြောပြသည်– “ကျွန်မခင်ပွန်းက ဘာပဲလုပ်လုပ် အကူအညီ လိုတယ်။ သူ့ကို ပြုစုစောင့်ရှောက်ရတဲ့အတွက် ကျွန်မ လည်ပင်း၊ ပခုံး၊ လက်မောင်းတွေ ကိုက်ခဲနေတာပဲ။ ဒါကြောင့် အရိုးအထူးကုဆေးရုံမှာ သွားပြနေရတယ်။ သူ့ကို ပြုစုစောင့်ရှောက်ရတာ အရမ်းပင်ပန်းတယ်လို့ တစ်ခါတလေ ကျွန်မ ခံစားရတယ်။” သို့သော် မခိုင်သည် အခက်အခဲများကြားမှ ဤသို့ပြောသည်– “ကျွန်မတို့ဇနီးမောင်နှံရဲ့ မေတ္တာနှောင်ကြိုးကတော့ ပိုခိုင်မြဲလာတယ်။”

သို့ဆိုလျှင် အဆိုပါ အခြေအနေများတွင် ပျော်ရွှင်မှု၏ သော့ချက်ကား အဘယ်နည်း။ တစ်ချက်အနေဖြင့် မိမိတို့အိမ်ထောင်တွင် ကျေနပ်အားရမှုရှိရန် ကြိုးစားကြသူများက ဖျားနာမှုသည် ရောဂါသည်အိမ်ထောင်ဖက်ကိုသာမဟုတ်ဘဲ နှစ်ဦးစလုံးကို ထိခိုက်နိုင်သည်ဟု ယူဆကြ၏။ အိမ်ထောင်ဖက်တစ်ဦး ဖျားနာလျှင် နှစ်ဦးစလုံးကို နည်းအမျိုးမျိုးဖြင့် အလွန်ထိခိုက်နစ်နာစေသည်။ ကမ္ဘာဦး ၂:၂၄ တွင် ခင်ပွန်းနှင့်ဇနီးတို့၏ အပြန်အလှန်ဆက်ဆံရေးကို ဤသို့ဖော်ပြသည်– “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” သို့ဖြစ်၍ အိမ်ထောင်ဖက်တစ်ဦး နာတာရှည်ရောဂါဖြစ်လျှင် အိမ်ထောင်ဖက်နှစ်ဦးစလုံး ထိုအခက်အခဲကို အတူတကွ ရင်ဆိုင်ဖြေရှင်းဖို့ အလွန်အရေးကြီးသည်။

ထို့ပြင် နာတာရှည်ရောဂါကို ရင်ဆိုင်နေရသည့်ကြားမှ ဆက်ဆံရေးကောင်းကို ဆက်ထိန်းထားကြသော ဇနီးမောင်နှံများသည် မိမိတို့အခြေအနေကို လက်ခံပြီး လိုက်လျောညီထွေစွာ နေထိုင်နိုင်မည့် ထိရောက်သောနည်းများကို သိရှိလာကြကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ သူတို့သိရှိလာသော ဖြေရှင်းနည်းများသည် သမ္မာကျမ်းစာတွင်ပါရှိသော အမြဲအသုံးဝင်သည့် အကြံပြုချက်များနှင့် ဆင်တူသည်။ အောက်ပါအကြံပြုချက်သုံးခုကို သုံးသပ်ကြည့်ပါ။

အချင်းချင်း စာနာထောက်ထားပါ

“လူသည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏” ဟု ကျမ်းစာတွင် ဖော်ပြသည်။ (ဒေ. ၄:၉) အဘယ်ကြောင့်နည်း။ အကြောင်းမှာ အခန်းငယ် ၁၀ တွင် “တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်” ဟု ဖော်ပြထား၍ ဖြစ်သည်။ သင်သည် သင့်ကြင်ဖော်ကို ကျေးဇူးတင်လေးမြတ်သော စကားများဖြင့် ‘ထူမ’ သလော။

သင်သည် တစ်ဦးကိုတစ်ဦး လက်တွေ့ကျအကူအညီ ပေးနိုင်သောနည်းများ ရှာနိုင်သလော။ ကိုယ်တစ်ပိုင်းလေဖြတ်နေသော ဇနီးသည်၏ခင်ပွန်းဖြစ်သူ ကိုမောင်မောင်က ဤသို့ပြောပြသည်– “ကျွန်တော့်ဇနီးကို အခြေအနေတိုင်းမှာ ထောက်ထားစာနာဖို့ ကျွန်တော် ကြိုးစားတယ်။ ကျွန်တော် ရေဆာတိုင်း သူလည်း ရေဆာနေမှာပဲလို့ စဉ်းစားမိတယ်။ အပြင်ထွက်ပြီး ရှုခင်းတွေကို ကျွန်တော် ကြည့်ချင်တဲ့အခါ သူ့ကိုလည်း လိုက်မလားဆိုပြီး မေးကြည့်တယ်။ ကျွန်တော်တို့နှစ်ယောက် အေးအတူ ပူအမျှ နေထိုင်ကြတယ်။”

အကယ်၍ သင်သည် ပြုစုစောင့်ရှောက်ခံရသူဖြစ်လျှင် သင့်ကျန်းမာရေးကို မထိခိုက်ဘဲ သင့်ဘာသာ ပြုလုပ်နိုင်သည့်အရာတချို့ကို ပြုလုပ်နိုင်မည်လော။ ထိုသို့ပြုမည်ဆိုလျှင် သင်အသုံးဝင်နေသေးသည်ဟု ခံစားမိနိုင်ပြီး သင့်ကို စောင့်ရှောက်ပေးနေသော အိမ်ထောင်ဖက်ကိုလည်း ကူညီပေးရာရောက်ပေမည်။

သင်သည် သင့်ကြင်ဖော်ကို အကောင်းဆုံးစာနာထောက်ထားမှု ပြနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယူမှတ်နေမည့်အစား အဘယ်အရာ လုပ်ဆောင်စေလိုကြောင်း သူ့ကို မေးကြည့်ပါ။ အစပိုင်းတွင် ဖော်ပြခဲ့သော မနန်းသည် မိမိကို မိသားစုငွေကြေးကိစ္စ မပြောပြသည့်အတွက် မည်မျှစိတ်ထိခိုက်ကြောင်း ခင်ပွန်းကို နောက်ဆုံး၌ ဖွင့်ပြောလိုက်သည်။ ယခု သူ့ခင်ပွန်းသည် သူ့ကို ငွေကြေးကိစ္စအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ကြိုးစားနေပြီ။

ဤနည်းကို စမ်းလုပ်ကြည့်ပါ– သင့်ကြင်ဖော်အတွက် လက်ရှိအခြေအနေထက် ပိုလွယ်ကူစေနိုင်သည်ဟု သင် ယူဆသောနည်းများကို ချရေးပါ။ သင့်ကြင်ဖော်ကိုလည်း ချရေးခိုင်းပါ။ ထို့နောက် ယင်းတို့ကို လဲလှယ်ပြီး ဖတ်ကြည့်ပါ။ သင်တို့တစ်ဦးစီသည် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်သည့် အကြံပြုချက် တစ်ခု သို့မဟုတ် နှစ်ခုကို ရွေးချယ်သင့်သည်။

ဟန်ချက်ညီသော ဇယားတစ်ခုထားပါ

“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန် ရှိ၏” ဟူ၍ ပညာရှိဘုရင် ရှောလမုန် ရေးသားခဲ့သည်။ (ဒေ. ၃:၁) သို့ရာတွင် နာတာရှည်ရောဂါသည် မိသားစုလုပ်ရိုးလုပ်စဉ်ကို ပျက်ပြားစေနိုင်သည့်အတွက် ဟန်ချက်ညီသောဇယားတစ်ခု ထားရှိဖို့ မဖြစ်နိုင်ပုံရ၏။ သင်သည် အတိုင်းအတာတစ်ခုအထိ ဟန်ချက်ညီစေရန် အဘယ်အရာ ပြုလုပ်နိုင်သနည်း။

သင်တို့နှစ်ဦးသည် ဆေးဝါးကုသမှုအကြောင်းကိုပဲ စဉ်းစားမည့်အစား အေးအေးဆေးဆေး အနားယူလိုသည့် အချိန်အခါများလည်း ရှိပေမည်။ ရောဂါမဖြစ်မီက သင်တို့နှစ်ယောက် အတူတကွ လုပ်ဆောင်ခဲ့ကြသည့် အရာအချို့ကို ပြုလုပ်နိုင်သေးသလော။ မလုပ်နိုင်တော့လျှင် လုပ်ဆောင်မှုအသစ်များကို ကြိုးစားကြည့်နိုင်သလော။ စာဖတ်ပြခြင်းကဲ့သို့သော လွယ်ကူသည့်ကိစ္စများ သို့မဟုတ် ဘာသာစကားအသစ် သင်ယူခြင်းကဲ့သို့သော ခက်ခဲသည့်ကိစ္စများကို ပြုလုပ်နိုင်သည်။ ရောဂါခံစားနေရသော်လည်း အတူတကွ လုပ်ဆောင်နိုင်ရာများကို လုပ်ဆောင်ခြင်းသည် သင်တို့၏ “တစ်သားတစ်ကိုယ်တည်း” ဖြစ်မှုကို ခိုင်ခံ့စေပြီး ပျော်ရွှင်မှု တိုးစေပါလိမ့်မည်။

သင့်ဘ၀ကို ဟန်ချက်ညီစေရန် ဝါသနာပါရာတစ်ခုခုကို နှစ်ယောက်အတူ လုပ်ဆောင်နိုင်သလော

ဟန်ချက်ညီမှုကို ဆက်ထိန်းနိုင်မည့် အကူအညီ နောက်တစ်ခုမှာ အခြားသူများနှင့် ပေါင်းသင်းခြင်းဖြစ်သည်။ “သူတစ်ပါးနှင့် မရောနှောသောသူသည် မိမိအလိုဆန္ဒ ပြည့်စုံစေရန်သာ ရှာဖွေ၍ ပညာလမ်းအတိုင်း မလိုက်ဘဲ မကောင်းကြံစည် ပြုလုပ်တတ်၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ (သု. ၁၈:၁သမ္မာ) သူတစ်ပါးနှင့် မရောနှောဘဲ သီးခြားနေလျှင် စိတ်ထဲတွင် မကောင်းသောဆန္ဒများ ပေါ်လာနိုင်ကြောင်း ထိုကျမ်းချက်တွင် သင်သတိပြုမိသလော။ အခြားသူများနှင့် မကြာခဏ ပေါင်းသင်းခြင်းမှာမူ သင့်စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး အခြေအနေမှန်ကို သိမြင်လာစေသည်။ ထို့ကြောင့် သင့်ထံ လာလည်ပတ်ရန် တစ်ဦးတစ်ယောက်ကို ဖိတ်ခေါ်ကြည့်ပါ။

တစ်ခါတစ်ရံ မိမိကြင်ဖော်ကို ပြုစုစောင့်ရှောက်ရသူသည် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန် အခက်တွေ့ပေမည်။ အချို့သူတို့သည် အလုပ်ကို မတန်တဆလုပ်သောကြောင့် တဖြည်းဖြည်း မောပန်းလာပြီး ကျန်းမာရေး ထိခိုက်လာကြသည်။ နောက်ဆုံးတွင် မိမိတို့ချစ်မြတ်နိုးရသော ကြင်ဖော်ကို ဆက်မပြုစုနိုင်တော့သည်အထိ ဖြစ်လာပေမည်။ ထို့ကြောင့် သင်သည် နာတာရှည်ရောဂါသည် အိမ်ထောင်ဖက်ကို ပြုစုစောင့်ရှောက်နေရသူဖြစ်လျှင် သင်ကိုယ်တိုင်၏ လိုအပ်ချက်များကို လျစ်လျူမရှုပါနှင့်။ သင့်ကိုယ်ကိုယ် အားဖြည့်ရန် သီးသန့်အနားယူဖို့ အချိန်ဖယ်ထားပါ။ * အချို့သည် ယုံကြည်စိတ်ချရသော အမျိုးသားချင်း သို့မဟုတ် အမျိုးသမီးချင်း မိတ်ဆွေအား မိမိတို့၏ စိုးရိမ်ပူပန်မှုများကို မကြာမကြာ ရင်ဖွင့်ခြင်းအားဖြင့် စိတ်သက်သာမှု ရှာကြသည်။

ဤနည်းကို စမ်းလုပ်ကြည့်ပါ– သင့်ကြင်ဖော်ကို ပြုစုရာတွင် သင်ကြုံတွေ့ရသည့် အခက်အခဲများကို ချရေးပါ။ ပြီးနောက် ထိုအခက်အခဲများကို ကျော်လွှားနိုင်မည့် သို့မဟုတ် ပို၍ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ချရေးပါ။ ယင်းတို့ကို အလွန်အကျွံ ဆန်းစစ်နေမည့်အစား ‘အခြေအနေ တိုးတက်ကောင်းမွန်လာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းက ဘာဖြစ်မလဲ’ ဟု မိမိကိုယ်ကိုယ် မေးကြည့်ပါ။

အကောင်းမြင်တတ်ဖို့ ကြိုးစားပါ

“‘ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်း’ ဟုမမေးနှင့်” ဟု သမ္မာကျမ်းစာက သတိပေးသည်။ (ဒေ. ၇:၁၀) ရောဂါသာမဖြစ်ခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်းဟု တွေးမနေပါနှင့်။ ဤလောကတွင် မည်သူမျှ အမြဲတမ်း ပျော်ရွှင်နိုင်မည်မဟုတ်ကြောင်း သတိရပါ။ ထို့ကြောင့် အဓိကသော့ချက်မှာ သင့်အခြေအနေမှန်ကို လက်ခံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

ယင်းနှင့်ပတ်သက်၍ သင်နှင့် သင့်ကြင်ဖော်ကို အဘယ်အရာက ထောက်ကူပေးနိုင်မည်နည်း။ သင်တို့ရရှိထားသော ကောင်းချီးများအကြောင်း အတူတကွ ဆွေးနွေးပါ။ ကျန်းမာရေးအခြေအနေသည် အနည်းငယ်မျှ တိုးတက်လာလျှင်ပင် ယင်းကို ကျေနပ်အားရပါ။ အဘယ်အရာများကို မျှော်လင့်နိုင်ကြောင်း သိရှိအောင်လုပ်ပြီး လက်လှမ်းမီရာပန်းတိုင်များကို နှစ်ယောက်အတူ ချမှတ်ပါ။

ဦးအောင်အောင်နှင့် ဒေါ်လဲ့လဲ့တို့ ဇနီးမောင်နှံသည် အထက်ပါ အကြံပြုချက်ကို လိုက်လျှောက်သည့်အခါ အကျိုးများစွာ ရရှိခဲ့ကြသည်။ ဒေါ်လဲ့လဲ့သည် ကြွက်သားအမျှင်နာရောဂါ ရပြီးနောက် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှု အထူးတာဝန်မှ ရပ်နားလိုက်ရသည်။ သူတို့ စိတ်ဓာတ်ကျခဲ့ကြသလော။ ကျခဲ့မည်မှာ အမှန်ပင်။ သို့တိုင် ဦးအောင်အောင်သည် အလားတူအခြေအနေမျိုး ရင်ဆိုင်နေရသူတို့ကို ဤသို့အကြံပြုသည်– “မလုပ်နိုင်တော့တဲ့အရာတွေကို တွေးပြီး စိတ်ဓာတ်မကျပါနဲ့။ အကောင်းမြင်သဘောထား ဆက်ရှိပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ကောင်းလာမယ်လို့ သင်တို့နှစ်ယောက်စလုံး မျှော်လင့်ထားရင်တောင် လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ထားပါ။ ကျွန်တော်ကတော့ ဇနီးကို ဂရုစိုက်ဖို့၊ ကူညီပေးဖို့ပဲ အာရုံစိုက်ထားတယ်။” သင့်အိမ်ထောင်ဖက် အကူအညီ အထူးလိုအပ်လာသည့်အခါ အဆိုပါ လက်တွေ့ကျ အကြံပြုချက်သည် သင့်အတွက်လည်း အထောက်အကူ ဖြစ်နိုင်သည်။

^ အပိုဒ်၊ 3 အမည်တချို့ ပြောင်းထားသည်။

^ အပိုဒ်၊ 4 အိမ်ထောင်ဖက်တစ်ဦး နာတာရှည်ရောဂါဖြစ်နေသည့် အခြေအနေများကို ဤဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ထားသည်။ မတော်တဆထိခိုက်မှုကြောင့် မသန်မစွမ်းမှုများ သို့မဟုတ် စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ပိုင်းဝေဒနာများကို ရင်ဆိုင်နေရသည့် ဇနီးမောင်နှံများသည်လည်း ဤဆောင်းပါးပါ အချက်များကို လိုက်လျှောက်ခြင်းဖြင့် အထောက်အကူ ရနိုင်၏။

^ အပိုဒ်၊ 20 သင့်အခြေအနေပေါ်မူတည်၍ ဖြစ်နိုင်မည်ဆိုပါက သူနာပြုဆရာမ သို့မဟုတ် အိမ်ဖော်ကို အချိန်ပိုင်း ခေါ်ထားလျှင်လည်း ကောင်း၏။

သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ . . .

အခု ငါနဲ့ငါ့အိမ်ထောင်ဖက် ပြုလုပ်ဖို့ အလိုအပ်ဆုံးအရာက ဘာလဲ။

  • ရောဂါအကြောင်း ပိုပြောရန်

  • ရောဂါအကြောင်း သိပ်မပြောရန်

  • လွန်လွန်ကဲကဲ စိတ်မပူရန်

  • တစ်ဦးကိုတစ်ဦး ထောက်ထားစာနာမှု ပိုပြရန်

  • ရောဂါကိုမဟုတ်ဘဲ လူကို အပြန်အလှန်စိတ်ဝင်စားရန်

  • အခြားသူများနှင့် များများပေါင်းသင်းရန်

  • ပန်းတိုင်များကို အတူတကွ ချမှတ်ရန်