မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

“အောင်ပွဲခံ စီတန်းလှည့်လည်” တဲ့အကြောင်း တမန်တော်ပေါလု ပြောဆိုခဲ့တုန်းက သူ့စိတ်ထဲမှာ ဘာရှိနေလို့လဲ။

တမန်တော်ပေါလုက ဒီလိုရေးခဲ့တယ်– ‘ငါတို့ကို ခရစ်တော်နှင့် တစ်စည်းတစ်လုံးတည်းဖြစ်စေ၍ အောင်ပွဲခံစီတန်းလှည့်လည်ရာတွင် ဘုရားသခင့် ကျေးဇူးတော် ကြီးလှပါ၏။ ငါတို့အားဖြင့် ကိုယ်တော်၏အသိပညာတော်ရနံ့ကို နေရာတိုင်းတွင် မွှေးကြိုင်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ကယ်တင်ခံရမည့်သူတို့၌လည်းကောင်း၊ ပျက်စီးမည့်သူတို့၌လည်းကောင်း ဘုရားသခင့်ရှေ့တော်တွင် ခရစ်တော်၏အမွှေးရနံ့ဖြစ်ကြ၏။ ပျက်စီးခြင်းသို့ရောက်မည့် သူတို့အတွက် ထိုရနံ့သည် သေခြင်းသို့ ရောက်စေသောအနံ့ဖြစ်၍၊ ကယ်တင်ခြင်းသို့ရောက်မည့် သူတို့အတွက် အသက်ရှင်ခြင်းသို့ ရောက်စေသောရနံ့ဖြစ်၏။’—၂ ကောရိန္သု ၂:၁၄-၁၆

ရန်သူတွေအပေါ် အောင်ပွဲရခဲ့တဲ့ ဗိုလ်ချုပ်ကို ဂုဏ်ပြုဖို့ ရောမတို့ ပြုလုပ်လေ့ရှိတဲ့ အောင်ပွဲခံစီတန်းလှည့်လည်တာကို ပေါလု ရည်ညွှန်းနေတာဖြစ်တယ်။ အဲလိုပွဲမျိုးမှာ အောင်ပွဲခံ ဗိုလ်ချုပ်နဲ့ သူ့စစ်တပ်ကို ပြည်သူလူထုက ချီးကျူးဂုဏ်ပြုနေတုန်း တစ်ချိန်တည်းမှာ တိုက်ရာပါပစ္စည်းတွေ၊ စစ်သုံ့ပန်းတွေကိုလည်း ပြသထားတယ်။ ပြီးတော့ နွားတွေကိုလည်း ယဇ်ပူဇော်ဖို့ ယူလာခဲ့ကြတယ်။ စီတန်းလှည့်လည်ပွဲ ပြီးသွားတဲ့အခါ နွားတွေကို ယဇ်ပူဇော်တယ်။ စစ်သုံ့ပန်းအတော်များများကိုလည်း ကွပ်မျက်လိုက်ကြတယ်။

အချို့သူတွေအတွက် အသက်ရှင်ခြင်းနဲ့ အချို့သူတွေအတွက် သေခြင်းကိုပုံဆောင်တဲ့ “ခရစ်တော်၏အမွှေးရနံ့” ဆိုတဲ့ ဥပစာအသုံးအနှုန်းက “စီတန်းလှည့်လည်စဉ် တစ်လျှောက်လုံး အမွှေးနံ့သာမီးရှို့တဲ့ ရောမလူတွေရဲ့ ဓလေ့ကနေ ဆင်းသက်လာနိုင်ဖွယ်ရှိတယ်။ အောင်နိုင်သူတွေ အောင်ပွဲခံခြင်းကို ကိုယ်စားပြုတဲ့ အမွှေးရနံ့က စစ်သုံ့ပန်းတွေ မကြာခင်မှာ ကွပ်မျက်ခံရတော့မယ်ဆိုတာကို အသိပေးနေတယ်” * လို့ စွယ်စုံကျမ်းတစ်ကျမ်းက ဆိုတယ်။—The International Standard Bible Encyclopedia.

ဟေဗြဲကျမ်းစာစောင်တွေမှာ မကြာခဏ ဖော်ပြထားတဲ့ “မြင့်သောအရပ်” ဆိုတာ ဘာကိုပြောတာလဲ။

အစ္စရေးလူတွေ ခါနာန်ပြည်ထဲ ဝင်ခါနီးမှာ အဲဒီပြည်ထဲက ခါနာန်လူတွေရဲ့ ဝတ်ပြုရာနေရာအားလုံးကို ဖယ်ရှားပစ်ဖို့ သူတို့ကို ယေဟောဝါဘုရားသခင် မှာကြားခဲ့တယ်။ ‘သူတို့ရေးသောအရုပ်၊ သွန်းသောအရုပ်ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော မြင့်သောအရပ်ရှိသမျှတို့ကို ဖြိုချရကြမည်’ လို့ဘုရားသခင် မိန့်မှာခဲ့တယ်။ (တောလည်ရာ ၃၃:၅၂) မှားယွင်းတဲ့ဝတ်ပြုရေး ရှိတဲ့နေရာတွေကတော့ တောင်ထိပ်လဟာပြင်တွေမှာ ဖြစ်နိုင်သလို စင်မြင့်တွေ တည်ဆောက်ထားတဲ့ သစ်ပင်အောက် ဒါမှမဟုတ် မြို့တွေမှာ ဖြစ်နိုင်တယ်။ (၃ ဓမ္မရာဇဝင် ၁၄:၂၃; ၄ ဓမ္မရာဇဝင် ၁၇:၂၉; ယေဇကျေလ ၆:၃) အဲဒီနေရာတွေမှာ ယဇ်စင်မြင့်တွေ၊ ဝတ်ပြုရေးကျောက်တိုင်တွေ၊ အရုပ်တွေ၊ နံ့သာပေါင်းမီးရှို့တဲ့ တိုင်တွေ၊ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ရှိတယ်။

ဂျေရုဆလင်မြို့မှာ ဝတ်ပြုရာအိမ်တော်မဆောက်လုပ်ခင် အစ္စရေးလူတွေက ယေဟောဝါဘုရားသခင် သတ်မှတ်ထားတဲ့နေရာတွေမှာ ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။ အဲဒီနေရာတွေကို ကျမ်းစာမှာ မြင့်သောအရပ်လို့ခေါ်တယ်။ ဘုရားသခင့်ပရောဖက် ရှမွေလက ဇုဖအရပ်ရှိ အမည်မသိတဲ့မြို့တစ်မြို့က “မြင့်သောအရပ်” မှာ ယဇ်ပူဇော်ခဲ့တယ်။ (၁ ဓမ္မရာဇဝင် ၉:၁၁-၁၄) ဒါပေမဲ့ ဝတ်ပြုရာအိမ်တော်ကို ဆောက်လုပ်ပြီးသွားတဲ့အခါ ယေဟောဝါဘုရားသခင်အပေါ် တည်ကြည်တဲ့ ရှင်ဘုရင် အတော်များများက “မြင့်သောအရပ်” တွေကို တိုင်းပြည်ကနေ သုတ်သင်ပယ်ရှားဖို့ ကြိုးပမ်းခဲ့ကြတယ်။—၄ ဓမ္မရာဇဝင် ၂၁:၃; ၂၃:၅-၈၊ ၁၅-၂၀; ၂ ရာဇဝင်ချုပ် ၁၇:၁၊

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ပေါလုဖော်ပြခဲ့တဲ့ ဥပမာရဲ့ နောက်အဓိပ္ပာယ်တစ်မျိုးနဲ့ပတ်သက်ပြီး ရှင်းပြချက်ကို ၁၉၉၀၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇ [အင်္ဂလိပ်] တွင်ကြည့်ပါ။

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

အေဒီ ဒုတိယရာစု၊ ရောမတို့၏ အောင်ပွဲခံ စီတန်းလှည့်လည်မှုကို သရုပ်ဖော်ထားသည့် ရုပ်ကြွတစ်ခု

[Credit Line]

Photograph taken by courtesy of the British Museum

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

ဂေဇာမြို့ရှိ ဝတ်ပြုရေးကျောက်တိုင်အပျက်အယွင်းများ