မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး . . .

ဘုရားသခင်ကို သိကျွမ်းခွင့် လူတိုင်းရနိုင်မလား

ဘုရားသခင်ကို သိကျွမ်းခွင့် လူတိုင်းရနိုင်မလား

အကြီးမြတ်ဆုံးပညတ်က ဘာလဲဆိုပြီး အမေးခံရတုန်းက ယေရှု ဒီလိုဖြေခဲ့တယ်– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။” (မဿဲ ၂၂:၃၇) ဒါပေမဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့ အသိပညာကို လူတွေ မဆည်းပူးခင် ဘုရားသခင်ကို ချစ်လာနိုင်မှာ မဟုတ်ဘူး။ (ယောဟန် ၁၇:၃) အဲဒီအသိပညာကို လူတိုင်း ဆည်းပူးခွင့် ရပါ့မလား။

ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ (၂ တိမောသေ ၃:၁၆) လူအတော်များများက သမ္မာကျမ်းစာကို အလွယ်တကူ ရရှိနိုင်တဲ့နေရာတွေမှာ နေထိုင်ကြပါတယ်။ တချို့ဆိုရင် ကျမ်းစာလေ့လာပြီး ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာကို ဆည်းပူးဖို့ ဖိတ်ခေါ်ခံရနိုင်တယ်။ (မဿဲ ၂၈:၁၉) တချို့ဆိုရင် မေတ္တာပြည့်ဝတဲ့ ခရစ်ယာန်မိဘတွေရဲ့ လက်အောက်မှာ ကြီးပြင်းလာတဲ့အတွက် ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာကို နေ့စဉ်သင်ယူခွင့် ရရှိခဲ့ကြတယ်။—တရားဟောရာ ၆:၆၊ ၇။ ဧဖက် ၆:၄

ဒါပေမဲ့ တချို့ကျတော့ အဲလိုအခွင့်အရေးမျိုး မရရှိကြဘူး။ တချို့ဆိုရင် ရင့်သီးရိုင်းစိုင်းတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာကြတဲ့အတွက် မိဘမေတ္တာ မရရှိခဲ့ကြဘူး။ (၂ တိမောသေ ၃:၁-၅) အဲလိုမျိုး ကြီးပြင်းလာကြတဲ့သူတွေက ဘုရားသခင်ကို မေတ္တာရှင် ကောင်းကင်ခမည်းတော်အဖြစ် လက်ခံဖို့ အခက်တွေ့နေကြတာပေါ့။ အတန်းပညာမရှိတဲ့ လူတွေဆိုရင် သမ္မာကျမ်းစာကို မဖတ်နိုင်ကြဘူး။ တချို့ကျပြန်တော့လည်း မှားယွင်းတဲ့ သွန်သင်ချက်တွေကြောင့်၊ ဒါမှမဟုတ် ကျမ်းစာအမှန်တရားကို ဆန့်ကျင်တဲ့ မိသားစု၊ ပတ်ဝန်းကျင်၊ နိုင်ငံတွေမှာ နေထိုင်တဲ့အတွက်ကြောင့် အမှန်တရားကို သိခွင့်မရကြဘူး။ (၂ ကောရိန္သု ၄:၄) အဲလိုအခြေအနေတွေမှာ ရှိကြတဲ့ လူတွေက ဘုရားသခင်အကြောင်း သင်ယူခွင့်၊ ဘုရားသခင်ကို ချစ်မြတ်နိုးခွင့် မရနိုင်တော့ဘူးလား။

လူတချို့ ရင်ဆိုင်ရတဲ့ စမ်းသပ်မှုတွေကြောင့် ဘုရားသခင်ကို ချစ်ပြီး နာခံဖို့ အခက်တွေ့နိုင်တယ်ဆိုတာကို ယေရှု အသိအမှတ်ပြုခဲ့တယ်။ (မဿဲ ၁၉:၂၃၊ ၂၄) တချို့သော အခက်အခဲတွေကို ကျော်လွှားနိုင်ပုံမရပေမဲ့ “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏” ဆိုပြီး တပည့်တွေကို ယေရှု မိန့်ဆိုခဲ့တယ်။—မဿဲ ၁၉:၂၅၊ ၂၆

အခုဖော်ပြမယ့် အချက်တွေကို သုံးသပ်ကြည့်ပါ။ သမိုင်းတစ်လျှောက်မှာ သမ္မာကျမ်းစာက အဖြန့်ဝေရဆုံး စာအုပ်ဖြစ်အောင် ယေဟောဝါဘုရားသခင် လုပ်ဆောင်ခဲ့တယ်။ ဘုရားသခင်၊ ကမ္ဘာမြေကြီးအတွက် ကိုယ်တော့်ရည်ရွယ်ချက်တို့နဲ့ဆိုင်တဲ့ သတင်းကောင်းကို “လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” ဆိုပြီး သမ္မာကျမ်းစာမှာ ကြိုပြောထားတယ်။ (မဿဲ ၂၄:၁၄) ကနေ့ဆိုရင် နိုင်ငံပေါင်း ၂၃၀ ကျော်မှာ ယေဟောဝါသက်သေတွေ သတင်းကောင်း ဟောပြောနေပြီး ကျမ်းစာအခြေပြု စာပေတွေကို ဘာသာစကားပေါင်း ၅၀၀ လောက်နဲ့ ထုတ်ဝေနေကြတယ်။ ကျမ်းစာဖတ်ခွင့် မရကြတဲ့သူတွေတောင် ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေကို ကြည့်ရှုလေ့လာပြီး စစ်မှန်တဲ့ ဘုရားသခင်အကြောင်း အများကြီး သင်ယူနိုင်ပါတယ်။—ရောမ ၁:၂၀

သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ထာဝရဘုရားသခင်သည် ခပ်သိမ်းသော စိတ်နှလုံးတို့ကိုစစ်၍ အကြံအစည် ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ရှာလျှင် အတွေ့ခံတော်မူမည်။’ (၁ ရာဇဝင်ချုပ် ၂၈:၉) ဒါကြောင့် လူတိုင်း အခွင့်အရေး တန်းတူရကြမယ်လို့ ယေဟောဝါဘုရားသခင် ကတိမပေးထားပေမဲ့ စိတ်နှလုံးရိုးဖြောင့်သူတိုင်းကို အခွင့်အရေးတစ်ခုစီ ပေးမယ်လို့ အာမခံထားပါတယ်။ ဒါ့အပြင် မိမိအကြောင်း သင်ယူခွင့် မရလိုက်တဲ့ သူတွေတောင် ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ အသက်ပြန်ရှင်လာခြင်းအားဖြင့် အခွင့်အရေး ရကြမယ်လို့လည်း ကိုယ်တော် အာမခံထားတယ်။—တမန်တော် ၂၄:၁၅