မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေကို သွန်သင်ပေးပါ

ဘုရားသခင်နဲ့ မိတ်ဆွေတွေရဲ့ ချစ်မြတ်နိုးမှုကို သူခံခဲ့ရ

ဘုရားသခင်နဲ့ မိတ်ဆွေတွေရဲ့ ချစ်မြတ်နိုးမှုကို သူခံခဲ့ရ

သူ့ရဲ့နာမည်ကို ကနေ့ခေတ်မှာ ဘယ်သူမှ မသိကြဘူး။ သူ့ကို ယေဖသရဲ့သမီးလို့ပဲ သိကြပါတယ်။ ကျမ်းစာကိုဖွင့်ပြီး အဲဒီသားအဖနှစ်ယောက်အကြောင်း လေ့လာကြည့်ရအောင်။ ယေဖသသမီးကို ဘုရားသခင်ရော သူ့ရဲ့မိတ်ဆွေတွေကပါ ချစ်မြတ်နိုးကြတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

ယေဖသနဲ့ သူ့သမီးအကြောင်းကို သမ္မာကျမ်းစာရဲ့ တရားသူကြီးမှတ်စာ အခန်းကြီး ၁၁ မှာ ကလေးတို့ ဖတ်ကြည့်နိုင်ပါတယ်။ ယေဖသဟာ ဘုရားသခင်အပေါ် သစ္စာတည်ကြည်တဲ့အတွက် သူ့သမီးနဲ့အတူ ကျမ်းစာမှန်မှန် လေ့လာမယ်ဆိုတာ သေချာတယ်။

ယေဖသဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့အတွက် လူသားရှင်ဘုရင် တောင်းဆိုခဲ့ကြတဲ့ အစ္စရေးလူမျိုးထက် စောပြီး အသက်ရှင်ခဲ့တဲ့သူ ဖြစ်တယ်။ သူဟာ သန်မာထွားကျိုင်းပြီး တိုက်ရည်ခိုက်ရည် ရှိတဲ့သူ ဖြစ်တယ်။ ဒါကြောင့် အစ္စရေးလူတွေဟာ အိမ်နီးချင်းနိုင်ငံက အမ္မုန်လူတွေကို တိုက်ခိုက်တဲ့အခါ ဦးဆောင်ဖို့ သူ့ကို တောင်းဆိုခဲ့ကြတာ။

ယေဖသဟာ အမ္မုန်လူတွေကို အနိုင်တိုက်ဖို့ ဘုရားသခင့်အကူအညီ ရယူချင်တဲ့အတွက် ဘုရားသခင်ကို ကတိသစ္စာဆိုခဲ့တယ်။ ဘုရားသခင် အနိုင်ပေးမယ်ဆိုရင် အိမ်ပြန်ရောက်လို့ ဦးဆုံးထွက်ကြိုတဲ့သူကို ဘုရားသခင်ကို ပေးမယ်လို့ ယေဖသ ပြောခဲ့တယ်။ သူ့ကိုထွက်ကြိုတဲ့သူဟာ အဲဒီခေတ်က အစ္စရေးလူမျိုးရဲ့ ဝတ်ပြုရာနေရာဖြစ်တဲ့ ဘုရားသခင့်တဲတော်မှာ တစ်သက်လုံး အမှုဆောင်ရမှာ ဖြစ်တယ်။ ဘယ်သူ ဦးဆုံးထွက်ကြိုသလဲဆိုတာ ကလေးတို့ သိသလား။ *

ယေဖသရဲ့သမီးပဲပေါ့။ ယေဖသ အရမ်းဝမ်းနည်းသွားတယ်။ သူ့မှာ ဒီသမီးလေးတစ်ယောက်ပဲ ရှိတာ။ ဒါပေမဲ့ ဘုရားသခင်ကို သူ ကတိပေးပြီးသားဖြစ်လို့ အဲဒီကတိကို တည်မှဖြစ်မယ်။ သူ့သမီးကလည်း ‘အဖ၊ ထာဝရဘုရားသခင်အား လျှောက်ထားလျှင် လျှောက်ထားသည်အတိုင်း ကျွန်မ၌ ပြုပါ’ လို့ချက်ချင်းပဲ ပြောခဲ့တယ်။ အဲဒီနောက် တောင်ရိုးပေါ်မှာ ငိုကြွေးမြည်တမ်းဖို့အတွက် သူ့ကို နှစ်လအချိန်ပေးပါလို့ တောင်းဆိုလိုက်တယ်။ ဘာဝမ်းနည်းစရာကြုံလို့ ငိုကြွေးမြည်တမ်းရတာလဲ။ သူ့အဖေရဲ့ ကတိသစ္စာကို တည်စေခြင်းအားဖြင့် သူ့မှာ အိမ်ထောင်ပြုခွင့်နဲ့ သားသမီးယူခွင့် မရှိတော့လို့လေ။ သူဟာ သူလုပ်ချင်တဲ့ဆန္ဒကို အရေးကြီးဆုံးအရာအဖြစ် မရှုမြင်ခဲ့ပါဘူး။ ဖခင်ရဲ့စကားကို နားထောင်ပြီး ဘုရားသခင်အပေါ် သစ္စာတည်ကြည်ချင်တဲ့ဆန္ဒ သူ့မှာ ရှိထားတယ်။ သူဟာ ဘုရားသခင်နဲ့ ဖခင်ကို ပျော်ရွှင်စေခဲ့တယ်လို့ ကလေးတို့ထင်သလား။

ဒီလိုနဲ့ ယေဖသဟာ သူ့သမီးကို သူ့မိန်းကလေး သူငယ်ချင်းတွေနဲ့ နှစ်လ အတူနေဖို့ ခွင့်ပြုလိုက်တယ်။ သမီး အိမ်ကိုပြန်ရောက်တော့ အဖေက ကတိပြုထားတဲ့အတိုင်း သမီးကို ရှိလောမြို့မှာရှိတဲ့ ဘုရားသခင့်ဝတ်ပြုရာတဲတော်မှာ တစ်သက်လုံးအမှုဆောင်ဖို့ စေလွှတ်လိုက်တယ်။ နှစ်စဉ်နှစ်တိုင်း အစ္စရေးအမျိုးသမီးငယ်လေးတွေဟာ ရှိလောမြို့ကိုသွားပြီး ယေဖသရဲ့သမီးကို အားပေးကြတယ်။

မိဘစကားကိုနားထောင်ပြီး ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့ လူငယ်လေးတွေကို ကလေးတို့ သိကြသလား။— သူတို့တွေနဲ့ ပိုရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီး သူတို့နဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားရင် မကောင်းဘူးလား။ ယေဖသရဲ့သမီးကို ကလေးတို့ တုပမယ်၊ နာခံမှုရှိပြီး သစ္စာတည်ကြည်မယ်ဆိုရင် မိတ်ဆွေကောင်းတွေ ရှိလာပါလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အတွက် ကလေးတို့ရဲ့ မိဘတွေ အရမ်းဝမ်းသာကြမှာ ဖြစ်တဲ့အပြင် ယေဟောဝါဘုရားသခင်ကလည်း ကလေးတို့ကို အရမ်းချစ်ပါလိမ့်မယ်။

သင့်ကိုယ်ပိုင်ကျမ်းစာမှာ ဖတ်ကြည့်ပါ

^ အပိုဒ်၊ 6 သင်သည် ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည် (—) သည် ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဟူသော သတိပေးချက်ဖြစ်သည်။