မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာစုနှစ်များစွာ ပျောက်ကွယ်နေတဲ့ ဘဏ္ဍာတစ်ခု

ရာစုနှစ်များစွာ ပျောက်ကွယ်နေတဲ့ ဘဏ္ဍာတစ်ခု

ကျမ်းပညာရှင်ဟာ သူ့မျက်စိကိုသူ မယုံနိုင်ဘူး ဖြစ်နေတယ်။ ရှေးဟောင်းကျမ်းအပိုင်းအစကို အကြိမ်ကြိမ် သူစစ်ဆေးလိုက်တယ်။ သူ့ရှေ့မှာ ရှိနေတာက ရှေးအကျဆုံး ဂျော်ဂျီယာဘာသာပြန်ကျမ်းရဲ့ အပိုင်းအစတွေဖြစ်တယ်ဆိုတာကို လက်ရေးနဲ့ သဒ္ဒါတွေက သက်သေထူနေတယ်။

ဂျော်ဂျီယာပညာရှင် အိုင်ဗာနီ ဂျာဗာကီရှီဗလီက ဂျော်ဂျီယာအက္ခရာတွေ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကို သုတေသနပြုလုပ်နေချိန် ၁၉၂၂၊ ဒီဇင်ဘာလ နှောင်းပိုင်းလောက်မှာ ဒီဘဏ္ဍာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ သူဟာ ဂျေရုဆလင် တာလ်မွဒ်ကျမ်းကို အမှတ်မထင် တွေ့ရှိလိုက်တာဖြစ်တယ်။ အဲဒီကျမ်းကို သူစစ်ဆေးကြည့်လိုက်တဲ့အခါ ဟေဗြဲကျမ်းစာသားတွေရဲ့အောက်မှာ တစ်ပိုင်းတစ်စ ထင်ကျန်နေတဲ့ ဂျော်ဂျီယာအက္ခရာတွေကို တွေ့လိုက်ရပါတော့တယ်။ *

တာလ်မွဒ်ကျမ်းရဲ့ စာသားတွေအောက်မှာ “ပျောက်ကွယ်” နေတဲ့ ဂျော်ဂျီယာစာသားတွေဟာ ငါးရာစုလောက်ကဖြစ်ပြီး ယေရမိကျမ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒီကျမ်းကို ရှာမတွေ့ခင်က ရှေးအကျဆုံးလို့ သိထားတဲ့ ဂျော်ဂျီယာလက်ရေးစာမူဟာ ကိုးရာစုကဖြစ်တယ်။ သိပ်မကြာခင်မှာပဲ ငါးရာစုက ဒါမှမဟုတ် အဲဒီထက်ပိုစောတဲ့ကာလက တခြားကျမ်းအပိုင်းအစတွေကိုလည်း တွေ့ရှိလာကြပါတယ်။ ရှာဖွေတွေ့ရှိတဲ့ အဲဒီကျမ်းအပိုင်းအစတွေရဲ့ သက်တမ်းဟာ ယေရှုနဲ့တမန်တော်တွေ သေဆုံးပြီးတဲ့နောက် ရာစုနှစ်အနည်းငယ်လောက်ပဲ ရှိသေးတယ်လို့ ယူဆရပါတယ်။

ဂျော်ဂျီယာဘာသာပြန်ကျမ်းကို ဘယ်သူ ပြန်ဆိုတာလဲ။ တစ်ဦးတစ်ယောက်ကလား ဒါမှမဟုတ် ဘာသာပြန်အဖွဲ့တစ်ဖွဲ့ကလား။ ဒါနဲ့ပတ်သက်ပြီး အဖြေရရှိဖို့ အခုထက်ထိ သမိုင်းအထောက်အထား မတွေ့သေးပါဘူး။ ဒါပေမဲ့ ဘယ်သူပဲ ဘာသာပြန်ဆိုပါစေ၊ လေးရာစု အစောပိုင်းလောက်ကတည်းက သမ္မာကျမ်းစာ ဒါမှမဟုတ် ကျမ်းစာရဲ့အစိတ်အပိုင်းတွေကို ဂျော်ဂျီယာဘာသာစကားနဲ့ ပြန်ဆိုခဲ့ပြီး ဂျော်ဂျီယာလူမျိုးတွေဟာ သူတို့ရဲ့မိခင်ဘာသာစကားနဲ့ သမ္မာကျမ်းစာကို ရရှိထားကြပြီဆိုတာ ထင်ရှားပါတယ်။

ဂျော်ဂျီယာလူမျိုးတွေဟာ သမ္မာကျမ်းစာနဲ့ အကျွမ်းတဝင်ရှိခဲ့ကြတယ်ဆိုတာကို ငါးရာစုနှောင်းပိုင်းမှာ ရေးသားခဲ့တဲ့ စာအုပ်တစ်အုပ် (The Martyrdom of St. Shushanik the Queen) အရလည်း သိရှိနိုင်ပါတယ်။ အဲဒီစာအုပ်မှာ စာရေးဆရာက မိဖုရားတစ်ပါးရဲ့ ဝမ်းနည်းဖွယ်ဇာတ်လမ်းကို ရေးသားထားပြီး ဆာလံကျမ်း၊ ခရစ်ဝင်ကျမ်းတွေနဲ့ တခြားကျမ်းစာစောင်တွေကနေ ရည်ညွှန်းချက်တွေနဲ့ ကိုးကားချက်တွေကိုလည်း ထည့်သွင်းဖော်ပြထားတယ်။ ရှုရှာနစ်ခ်ရဲ့ခင်ပွန်းဖြစ်တဲ့ ဂျော်ဂျီယာကာတလီနိုင်ငံတော်ရဲ့ဘုရင်ခံ ဗာဇ်ကင်ဟာ ပါးရှားနယ်စားမင်းတွေနဲ့ ရင်းနှီးရာရင်းနှီးကြောင်း လုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ “ခရစ်ယာန်ဘာသာ” ကနေ ပါးရှား ဇိုရိုယက်စတာဘာသာကို ပြောင်းဝင်ခဲ့ပြီး သူ့ရဲ့ဇနီးကိုလည်း ဘာသာပြောင်းဝင်ဖို့ တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီစာအုပ်ရဲ့အဆိုအရ၊ ရှုရှာနစ်ခ်ဟာ သူ့ရဲ့ယုံကြည်ချက်ကို စွန့်လွှတ်ဖို့ ငြင်းဆိုခဲ့ပြီး သူအသတ်မခံရခင်အထိ သမ္မာကျမ်းစာကနေ နှစ်သိမ့်မှု ရယူခဲ့ပါတယ်။

ဂျော်ဂျီယာကျမ်းစာ ဘာသာပြန်ခြင်းနဲ့ ကူးရေးခြင်းတို့ကို ငါးရာစုကတည်းက လုပ်ဆောင်လာခဲ့ကြပါတယ်။ ဂျော်ဂျီယာဘာသာစကားနဲ့ သမ္မာကျမ်းစာလက်ရေးစာမူတွေ တော်တော်များများ ရှိနေခြင်းက ကျမ်းကူးသူတွေနဲ့ ဘာသာပြန်ဆိုသူတွေရဲ့ လုပ်ဆောင်မှုကို ပေါ်လွင်ထင်ရှားစေပါတယ်။ ဒါဆိုရင် သမ္မာကျမ်းစာ ဘာသာပြန်ဆိုခြင်းနဲ့ ပုံနှိပ်ခြင်းဆိုတဲ့ စိတ်ဝင်စားဖွယ် ကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ရအောင်။

ဘာသာပြန်ကျမ်းတွေ အများကြီး ထွက်ပေါ်လာ

“နှိမ့်ချတဲ့ ဘုန်းတော်ကြီးဖြစ်တဲ့ ကျွန်တော် ဂျီအော်ဂျီဟာ ဒီဆာလံကျမ်းကို ဂရိကနေ ဂျော်ဂျီယာလို ဝီရိယစိုက်ထုတ်ပြီး ဘာသာပြန်ဆိုခဲ့ပါတယ်။” ဒီစကားတွေဟာ ၁၁ ရာစုက ဂျော်ဂျီယာဘုန်းတော်ကြီး ဂျီအော်ဂျီ မက်စမင်ဒီလီရဲ့စကားတွေ ဖြစ်ပါတယ်။ ရာစုနှစ်အတော်ကြာကတည်းက သမ္မာကျမ်းစာကို ဂျော်ဂျီယာဘာသာစကားနဲ့ ပြန်ဆိုခဲ့ပြီးဖြစ်ပေမဲ့ ဘာကြောင့် ထပ်ပြန်ဆိုဖို့ လိုအပ်ခဲ့တာလဲ။

ရှေးကျတဲ့ ဂျော်ဂျီယာသမ္မာကျမ်းစာ လက်ရေးစာမူတွေကို ၁၁ ရာစုရောက်တဲ့အချိန်မှာ အနည်းငယ်ပဲ ရရှိနိုင်ပါတော့တယ်။ ကျမ်းစာစောင်တချို့ဆိုရင် ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပါပြီ။ ဘာသာစကားကလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲလာတဲ့အတွက် ရှေးကျတဲ့ လက်ရေးစာမူတွေကို ဖတ်ရှုတဲ့အခါမှာ နားလည်ရခက်လာပါတယ်။ ဂျော်ဂျီယာသမ္မာကျမ်းစာကို ပြန်လည်ပြုပြင်ကြတဲ့ ဘာသာပြန်ဆိုသူတွေ တော်တော်များများထဲမှာ ဂျီအော်ဂျီက အထင်ရှားဆုံးပါပဲ။ သူဟာ လက်ရှိ ဂျော်ဂျီယာကျမ်းစာစောင်တွေနဲ့ ဂရိလက်ရေးစာမူတွေကို နှိုင်းယှဉ်ပြီး ကျန်ရစ်ခဲ့တဲ့အပိုင်းတွေနဲ့ ကျမ်းတစ်စောင်လုံးကိုတောင် ပြန်ဆိုခဲ့တယ်။ နေ့အချိန်မှာ ဘုန်းတော်ကြီးကျောင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ပြီး ညအချိန်မှာတော့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုပါတယ်။

ဘာသာပြန်ခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ဂျီအော်ဂျီနဲ့တစ်ခေတ်တည်းသား အီဖရမ်က ဘာသာပြန်ဆိုသူတွေအတွက် အခြေခံလမ်းညွှန်ချက်ကို ချမှတ်ခဲ့တယ်။ အဲဒီအထဲမှာ ဖြစ်နိုင်တဲ့အခါတိုင်း သဘာဝကျမှုကို မထိခိုက်စေဘဲ မူရင်းအတိုင်း အနီးစပ်ဆုံး ဘာသာပြန်ဆိုဖို့ဆိုတဲ့ ဘာသာပြန်အခြေခံစည်းမျဉ်းတွေ ပါဝင်တယ်။ သူဟာ အောက်ခြေမှတ်ချက်တွေ ထည့်သွင်းခြင်းနဲ့ ပြန်လှန်ရည်ညွှန်းချက်တွေကို ဂျော်ဂျီယာဘာသာပြန်ကျမ်းတွေမှာ စတင်အသုံးပြုခဲ့တယ်။ ကျမ်းစာစောင်တော်တော်များများကိုလည်း အစမှအဆုံး အသစ်တစ်ဖန် ပြန်ဆိုခဲ့တယ်။ ဂျီအော်ဂျီနဲ့ အီဖရမ်တို့ဟာ နောက်ထပ်ဘာသာပြန်လုပ်ငန်းတွေအတွက် အုတ်မြစ်ချပေးခဲ့ကြပါတယ်။

နောက်ရာစုနှစ်အကြာမှာ စာအုပ်ထုတ်လုပ်ခြင်းဟာ ဂျော်ဂျီယာနိုင်ငံမှာ တိုးတက်လာတယ်။ ဂီလာတီမြို့နဲ့ အစ်ကာလ်တိုမြို့တို့မှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ခဲ့တယ်။ ဂီလာတီကျမ်းစာလို့ခေါ်တဲ့ ကျမ်းစာဟာ ဂီလာတီ ဒါမှမဟုတ် အစ်ကာလ်တို ကျမ်းပညာရှင်တစ်ဦး ပြန်ဆိုခဲ့တဲ့ ဘာသာပြန်ကျမ်းသစ်ဖြစ်တယ်လို့ ကျမ်းပညာရှင်အများစုက ယူမှတ်ကြပြီး ဂျော်ဂျီယာအမျိုးသား လက်ရေးစာမူဌာနမှာ ထိန်းသိမ်းထားရှိပါတယ်။

ကျမ်းစာဘာသာပြန်လုပ်ငန်းက ဂျော်ဂျီယာလူမျိုးတွေအပေါ် ဘယ်လိုသြဇာလွှမ်းမိုးခဲ့ပါသလဲ။ ၁၂ ရာစုမှာ ဂျော်ဂျီယာကဗျာဆရာ ရှိုတာ ရူစတာဗီလီဟာ ကဗျာစာအုပ်တစ်အုပ် (Knight in the Panther Skin) ရေးသားခဲ့တယ်။ အဲဒီစာအုပ်ဟာ ရာစုနှစ်များတစ်လျှောက် လူတွေအပေါ် ဩဇာလွှမ်းမိုးခဲ့ပြီး ဒုတိယဂျော်ဂျီယာကျမ်းစာလို့တောင် ခေါ်ဆိုခံခဲ့ရတယ်။ ကဗျာဆရာဟာ သမ္မာကျမ်းစာကနေ တိုက်ရိုက်ကိုးကားခဲ့သည်ဖြစ်စေ၊ မကိုးကားခဲ့သည်ဖြစ်စေ “သူ့ရဲ့ရှုမြင်ချက်တချို့က ကျမ်းပိုဒ်တော်တော်များများနဲ့ ကိုက်ညီ” နေတယ်ဆိုတာ ဒီနေ့ခေတ် ဂျော်ဂျီယာပညာရှင် ကေ. ကီကေလိဒ်ဇာက သတိပြုမိတယ်။ ဒီကဗျာစာအုပ်ဟာ စိတ်ကူးယဉ်ဆန်ပေမဲ့ မိတ်ဆွေစစ်ဖွဲ့ခြင်း၊ သဘောထားကြီးခြင်း၊ အမျိုးသမီးများကို လေးစားခြင်းနဲ့ သူစိမ်းများအပေါ် ကိုယ်ကျိုးမဖက်တဲ့ မေတ္တာပြခြင်းစတဲ့ အရည်အသွေးကောင်းတွေအကြောင်းလည်း ဖော်ပြထားတယ်။ အဲဒီအရည်အသွေးတွေအပြင် သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ တခြားအရည်အသွေးတွေဟာ ဂျော်ဂျီယာလူမျိုးတွေရဲ့ အတွေးအခေါ်မှာ ခေတ်အဆက်ဆက် စွဲမြဲနေပြီး သူတို့ရဲ့ကိုယ်ကျင့်တရားစံနှုန်းအဖြစ် ယူမှတ်နေတုန်းပါပဲ။

သမ္မာကျမ်းစာပုံနှိပ်ခြင်းက တော်ဝင်အရေးကိစ္စတစ်ခုဖြစ်လာ

၁၇ ရာစုအဆုံးပိုင်းမှာ ဂျော်ဂျီယာတော်ဝင်မိသားစုဟာ သမ္မာကျမ်းစာကို ပုံနှိပ်ဖို့ ဆန္ဒပြင်းပြလာကြတယ်။ အဲဒီရည်ရွယ်ချက်အတွက် ခြောက်ယောက်မြောက် ဗာ့ခ်တန်ဘုရင်ဟာ မြို့တော် တာဘာလစ်စီမှာ ပုံနှိပ်စက် တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကို ပုံနှိပ်ဖို့တော့ အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ဂျော်ဂျီယာကျမ်းစာဟာ ထပ်မံပျောက်ကွယ်သွားမလို ဖြစ်ခဲ့ရတယ်။ ရရှိထားတဲ့ ကျမ်းစောင်တချို့ရဲ့ လက်ရေးစာမူတွေကလည်း တစ်ပိုင်းတစ်စတွေပဲဖြစ်တဲ့အပြင် အသုံးပြုထားတဲ့ ဘာသာစကားကလည်း ခေတ်ကုန်နေပြီ။ ဒါကြောင့် သမ္မာကျမ်းစာကို ပြန်လည်တည်းဖြတ်ဖို့ ဘာသာဗေဒပညာရှင် စူလ်ခန်-ဆာဘာ အော်ဘီလယန်နီကို တာဝန်ပေးလိုက်တယ်။

အော်ဘီလယန်နီဟာ အလုပ်ကို အသိစိတ်ရှိရှိ စတင်လုပ်ဆောင်ခဲ့တယ်။ သူဟာ ဂရိနဲ့ လက်တင်အပါအဝင် တခြားဘာသာစကားများစွာကို တတ်မြောက်ထားသူဖြစ်တယ်။ ဒါကြောင့် လက်ရှိဂျော်ဂျီယာလက်ရေးစာမူအပြင် တခြားဘာသာစကားတွေနဲ့ ရေးထားတဲ့ လက်ရေးစာမူတွေကိုလည်း လေ့လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ဂျော်ဂျီယာသြသဒေါက်စ်အသင်းကတော့ သူ့ရဲ့မူရင်းအတိုင်း ပြန်ဆိုမှုကို သဘောမကျပါဘူး။ ခရစ်ယာန်ဘုန်းတော်ကြီးတွေက သူ့ကို သစ္စာဖောက်လို့ စွပ်စွဲပြီး ကျမ်းစာဘာသာပြန်လုပ်ငန်း ရပ်တန့်သွားဖို့ ဘုရင်ကို စည်းရုံးခဲ့ကြတယ်။ ဂျော်ဂျီယာစာအုပ်တစ်အုပ်အရ၊ ချာ့ခ်ျကောင်စီအစည်းအဝေးတစ်ခုမှာ ဘုန်းတော်ကြီးတွေက အော်ဘီလယန်နီကို သူနှစ်ပေါင်းများစွာ ကြိုးစားပြန်ဆိုခဲ့တဲ့ သမ္မာကျမ်းစာကို မီးရှို့ပစ်လိုက်ဖို့ ဖိအားပေးခဲ့ကြတယ်။

ဆာဘာကျမ်းစာလို့ လူသိများတဲ့ အမ်စကီတာလက်ရေးစာမူတစ်ခုဟာ ကနေ့အချိန်ထိ တည်ရှိနေပြီး အဲဒီစာမူထဲမှာ အော်ဘီလယန်နီရဲ့ လက်ရေးနဲ့ရေးထားတဲ့ မှတ်ချက်တွေ ပါရှိတယ်။ ဒါပေမဲ့ အဲဒီကျမ်းစာဟာ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဆန့်ကျင်ခဲ့တဲ့ ကျမ်းဟုတ်ပါ့မလားဆိုပြီး တချို့က ယုံရခက်နေကြတယ်။ နောက်ဆက်တွဲမှာပါတဲ့ အကြောင်းအရာတွေကိုတော့ သူရေးခဲ့တယ်ဆိုတာ သေချာပါတယ်။

အခက်အခဲတွေရှိပေမဲ့လည်း ကျမ်းစာပုံနှိပ်ခြင်းလုပ်ငန်းဟာ တော်ဝင်မိသားစုတချို့အတွက် အရေးပါတဲ့ ကိစ္စတစ်ရပ် ဖြစ်နေတုန်းပါပဲ။ ၁၇၀၅ ခုနှစ်နဲ့ ၁၇၁၁ ခုနှစ်အကြားမှာ ကျမ်းစာအစိတ်အပိုင်းတချို့ကို ပုံနှိပ်နိုင်ခဲ့တယ်။ ဂျော်ဂျီယာမင်းသား ဘာကာရီနဲ့ ဗာကူရှ်တီတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ၁၇၄၃ ခုနှစ်မှာ သမ္မာကျမ်းစာတစ်အုပ်လုံးကို ပုံနှိပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျော်ဂျီယာသမ္မာကျမ်းစာဟာ ဘယ်တော့မှ ပျောက်ကွယ်တော့မှာ မဟုတ်ပါဘူး။

^ စာပိုဒ်၊ 3 ရှေးတုန်းက စာရေးကိရိယာတွေဟာ ရှားပါးပြီး ဈေးလည်း ကြီးတယ်။ ဒါကြောင့် လက်ရေးစာမူပေါ်က စာသားတွေကို ဖျက်ပြီး အဲဒီနေရာမှာပဲ စာသားအသစ်တွေ ပြန်ရေးလေ့ရှိတယ်။ အဲဒီလိုလက်ရေးစာမူတွေကို နှစ်ထပ်ရေးစာလို့ ခေါ်ဆိုပြီး “ထပ်ခြစ်ခြင်း” ဆိုတဲ့ ဂရိစကားလုံးကနေ ဆင်းသက်လာတာဖြစ်တယ်။

National Center of Manuscripts