မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတော်စင်တွေဆီ ဆုတောင်းလို့ရသလား

သူတော်စင်တွေဆီ ဆုတောင်းလို့ရသလား

မစိုးရိမ်ဖူးတဲ့သူ ရှိပါသလား၊ သူတစ်ပါးဆီက အကူအညီ မတောင်းဖူးတဲ့သူကော ရှိပါသလား။ ကျွန်ုပ်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ စာနာစိတ်ရှိသူ မိတ်ဆွေဆီ အကူအညီတောင်းဖို့ ရွေးချယ်ကြမှာဖြစ်တယ်။ စာနာစိတ်ရှိပြီး အတွေ့အကြုံများတဲ့ မိတ်ဆွေက မိတ်ဆွေစစ်ဖြစ်နိုင်ပါတယ်။

ဆုတောင်းခြင်းနဲ့ပတ်သက်လာရင်လည်း တချို့က အဲဒီလိုပဲ ယူဆနိုင်တယ်။ သူတို့အတွက် အလွန်မြင့်မြတ်ပြီး အံ့သြစိုးရွံ့ဖွယ်ကောင်းပုံရတဲ့ ဘုရားသခင်ဆီ ဆုတောင်းမယ့်အစား သူတော်စင် (စိန့်) တွေဆီ ဆုတောင်းတာက ပိုပြီးတော့ သက်သောင့်သက်သာရှိတယ်လို့ ခံစားကြတယ်။ ဥပမာ၊ လူတွေဟာ သူတို့အတွက် အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခုခု ပျောက်ဆုံးသွားမယ်ဆိုရင် ပက်ဒူအာမြို့က “စိန့်” အမည်ခံ အန်တိုနီဆီ ဆုတောင်းအသနားခံချင်ကြတယ်။ အဲဒီသူတော်စင်က ပျောက်ဆုံးသွားတဲ့ ဒါမှမဟုတ် အခိုးခံရတဲ့ ပစ္စည်းတွေ ပြန်တွေ့အောင် ရှာပေးနိုင်တယ်လို့ အစဉ်အဆက် ယုံကြည်ကြတယ်။ တိရစ္ဆာန်တစ်ကောင် ဖျားနာနေပြီဆိုရင် အက်စီစီမြို့က “စိန့်” အမည်ခံ ဖရန်စစ်ထံ၊ စိတ်ပျက်အားလျော့နေတယ်ဆိုရင် “စိန့်” အမည်ခံ ဂျုဒ် သာဒီအက်စ်ထံ ဆုတောင်းကြတယ်။

ကျမ်းစာအရ သူတော်စင်တွေဆီ ဆုတောင်းတာက မှန်မမှန်ဆိုတာ ဘယ်လိုသိရှိနိုင်သလဲ။ ဆုတောင်းတယ်ဆိုတာ ဘုရားသခင်နဲ့ စကားပြောတာဖြစ်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ကိုယ်တော် နားထောင်မလားဆိုတဲ့ မေးခွန်းကို သိချင်ကြပါတယ်။ အဲဒီအပြင် သူတော်စင်တွေဆီ ဆုတောင်းတာကို ဘုရားသခင် ဘယ်လိုယူမှတ်သလဲဆိုပြီး မေးရင်မကောင်းဘူးလား။

သူတော်စင်တွေဆီ ဆုတောင်းတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ

သူတော်စင်တွေက ကြားဝင်အသနားခံပေးတယ်ဆိုတဲ့ အယူဝါဒအပေါ်မူတည်ပြီး သူတော်စင်တွေဆီ ဆုတောင်းတဲ့ အလေ့အထတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီအယူဝါဒကို ခရစ်ယာန်အသင်းတစ်သင်းက သွန်သင်ပေးတာဖြစ်တယ်။ အဲဒီအယူဝါဒရဲ့ အခြေခံအယူအဆဟာ “သူတော်စင်ကနေတစ်ဆင့် ဘုရားသခင်ရဲ့ကရုဏာကို အသနားခံခြင်း” ဖြစ်တယ်လို့ စာအုပ်တစ်အုပ် (New Catholic Encyclopedia) မှာဖော်ပြထားတယ်။ ဒါကြောင့် လူတွေဟာ ဘုရားသခင်ရဲ့မျက်နှာသာကို သူတော်စင်တွေကနေတစ်ဆင့် ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ဆီ ဆုတောင်းအသနားခံကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတော်စင်တွေဟာ ဘုရားသခင်ရှေ့မှာ မျက်နှာသာရ အနေအထားမှာ ရှိနေလို့ဖြစ်တယ်။

အဲဒီအယူဝါဒကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါသလား။ တမန်တော်ပေါလု ရေးတဲ့စာတွေမှာ သူတော်စင်တွေဆီ ဆုတောင်းပါဆိုတဲ့ အခြေခံသဘောတရား ပါတယ်လို့ တချို့က ပြောကြတယ်။ ဥပမာ၊ ရောမမြို့က ခရစ်ယာန်တွေဆီ ပေါလု ဒီလိုစာရေးခဲ့တယ်– “ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံ ဆုတောင်းပေးကြမည်အကြောင်း ငါတို့၏သခင် ယေရှုခရစ်ကိုလည်းကောင်း၊ စွမ်းအားတော်ကြောင့်ရသော ချစ်ခြင်းမေတ္တာကိုလည်းကောင်း တိုင်တည်လျက် နှိုးဆော်ပါ၏။” (ရောမ ၁၅:၃၀) ပေါလုဟာ ခရစ်ယာန်တွေကို သူ့အတွက် ဘုရားသခင်ဆီမှာ ကြားဝင်အသနားခံပေးဖို့ တောင်းဆိုနေတာလား။ လုံးဝမဟုတ်ပါဘူး။ ကျွန်ုပ်တို့အတွက် ဘုရားသခင်ဆီ ဆုတောင်းပေးဖို့ ခရစ်ယာန်ချင်းတွေဆီကို တောင်းဆိုတာက သင့်လျော်တယ်လို့ ပေါလုဖော်ပြနေတာဖြစ်တယ်။ အဲဒါက ကျွန်ုပ်တို့အကျိုးအတွက် ဘုရားသခင်ဆီ ကြားလျှောက်ပေးဖို့ ကောင်းကင်မှာ ရှိနေတယ်လို့ ထင်ရတဲ့သူတစ်ယောက်ယောက်ဆီ ဆုတောင်းပါဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ ဘာကြောင့်လဲ။

ယောဟန်ခရစ်ဝင်ကျမ်းထဲမှာ ယေရှု ဒီလိုပြောတယ်– “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယောဟန် ၁၄:၆) ဒီလိုလည်း ထပ်ပြောပြန်တယ်– “ငါ၏နာမကို အမှီပြု၍ ခမည်းတော်ထံ တောင်းလျှောက်သမျှကို ရကြမည်။” (ယောဟန် ၁၅:၁၆) ယေရှုဟာ မိမိဆီ တိုက်ရိုက်ဆုတောင်းမယ်ဆိုရင် ကျွန်ုပ်တို့အတွက် ဘုရားသခင်ဆီ ကြားလျှောက်ပေးမယ်လို့ ဆိုလိုနေတာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် တခြားတစ်ယောက်ယောက်ကနေမဟုတ်ဘဲ ယေရှုကနေတစ်ဆင့် ဘုရားသခင်ဆီ ဦးတည်ဆုတောင်းရမှာဖြစ်တယ်။

ဘယ်လိုဆုတောင်းရမယ်ဆိုတာကို သင်ပေးပါလို့ တပည့်တွေ တောင်းဆိုတဲ့အခါ ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့ ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။’” (လုကာ ၁၁:၂) ဆုတောင်းတဲ့အခါတိုင်း ယေရှု ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ဆီမဟုတ်ဘဲ ဘုရားသခင်ဆီ ဦးတည်ဆုတောင်းရမှာဖြစ်တယ်။ ယေရှုရဲ့တိကျပြတ်သားတဲ့ သွန်သင်ချက်တွေကိုကြည့်မယ်ဆိုရင် ယေရှုကနေတစ်ဆင့် ဘုရားသခင်ဆီ ဦးတည်ဆုတောင်းဖို့လိုတယ်လို့ သိရတယ်။ ကြားခံတစ်ယောက်ယောက် ဒါမှမဟုတ် “စိန့်” လို့ခေါ်တဲ့သူတွေကနေတစ်ဆင့် ဆုတောင်းလို့မရပါဘူး။ အဲဒီအချက်က ကျိုးကြောင်းဆီလျော်မှုရှိတယ် မဟုတ်ဘူးလား။

ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးအစီအစဉ်မှာ ဆုတောင်းခြင်းက အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဘုရားသခင်ကိုမဟုတ်ဘဲ တခြားသူတစ်ယောက်ယောက်ကို ဝတ်ပြုကိုးကွယ်တာက ကျမ်းစာသွန်သင်ချက်နဲ့ လုံးဝမကိုက်ညီပါဘူး။ (ယောဟန် ၄:၂၃၊ ၂၄; ဗျာဒိတ် ၁၉:၉၊ ၁၀) ဒါကြောင့် ဘုရားသခင်တစ်ပါးတည်းဆီကိုပဲ ဦးတည်ဆုတောင်းသင့်ပါတယ်။

ဘုရားသခင်ဆီ ချဉ်းကပ်ပြီး ဆုတောင်းဖို့ စိုးရွံ့သင့်သလား

တောင်ပေါ်မှာ ယေရှုဟောကြားခဲ့တဲ့ တရားတော်မှာ ဖခင်ဆီ စားစရာတောင်းတဲ့ ကလေးတစ်ယောက်ရဲ့ပုံဥပမာကို ဖော်ပြထားတယ်။ ဖခင်က ကလေးကို မုန့်မပေးဘဲ ကျောက်ခဲပေးမှာလား။ ဒါမှမဟုတ် ငါးကိုမပေးဘဲ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်ကို ပေးမှာလား။ (မဿဲ ၇:၉၊ ၁၀) မေတ္တာရှိတဲ့မိဘက အဲဒီလိုပေးဖို့ဆိုတာ မစဉ်းစားဝံ့စရာပဲ။

မေတ္တာရှိတဲ့ဖခင်ဟာ သူ့ကလေးနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆက်သွယ်သလို ဘုရားသခင်ကလည်း ကျွန်ုပ်တို့နဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆက်သွယ်ချင်

အခု ယေရှုပြောခဲ့တဲ့ ပုံဥပမာနဲ့ ဆင်တူတဲ့အရာကို မိဘတစ်ဦးက တွေ့ကြုံနေရသလိုမျိုး မြင်ယောင်ကြည့်ပါ။ သင့်ကလေးက သင့်ဆီကနေ တစ်စုံတစ်ခုကို မရမက တောင်းဆိုနေတယ် ဆိုပါစို့။ ကလေးနဲ့ရင်းနှီးအောင် သင် ကြိုးစားထားပြီး ကလေးနဲ့ ပူးပူးကပ်ကပ် အမြဲနေခဲ့တယ်။ ဒါပေမဲ့ ကလေးက သင့်ရဲ့တုံ့ပြန်မှုကို အကြောင်းစုံမသိဘဲ ကြောက်ရွံ့သွားတဲ့အတွက် သင့်ဆီကနေ သူလိုချင်တဲ့အရာကို တခြားသူကနေတစ်ဆင့်ပဲ တောင်းမယ်ဆိုရင်ကော။ အဲဒီအခါ သင် ဘယ်လိုခံစားရမလဲ။ သင့်ကို တခြားသူကနေတစ်ဆင့် အမြဲ ပြောဆိုနေမယ်၊ နောက်ပိုင်းလည်း ကလေးက အဲဒီလို အမြဲပြောသွားမယ်ဆိုရင်ကော။ အဲဒါကို သင်ကြိုက်မှာလား။ လုံးဝကြိုက်မှာမဟုတ်ပါဘူး။ မေတ္တာရှိတဲ့မိဘတွေဟာ ကလေးတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုချင်ပြီး သူတို့လိုချင်တဲ့အရာတွေကိုလည်း လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်တယ်လို့ ခံစားစေချင်ကြတယ်။

အစာတောင်းတဲ့ ကလေးရဲ့ပုံဥပမာကို အသုံးပြုပြီး လူအုပ်ကို ယေရှု ဒီလိုပြောခဲ့တယ်– “ထို့ကြောင့် သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်များကို ပေးတတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ထိုမျှမက သာ၍ပေးတော်မူမည်။” (မဿဲ ၇:၁၁) မိဘတွေဟာ ကလေးတွေကို ကောင်းတဲ့အရာကိုပဲ ပေးချင်တဲ့ဆန္ဒရှိပါတယ်။ ဒါဆိုရင် ကျွန်ုပ်တို့ရဲ့ ကောင်းကင်ခမည်းတော်ဟာ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို နားထောင်ပြီး ဖြေကြားပေးချင်တဲ့ဆန္ဒ ပိုပြီးတော့တောင် ရှိမယ်မဟုတ်ဘူးလား။

ကျွန်ုပ်တို့ရဲ့အားနည်းချက်တွေကြောင့် စိတ်ဖိစီးမှုခံစားနေရရင်တောင် ဘုရားသခင်ဆီ ဦးတည်ဆုတောင်းဖို့ ကိုယ်တော်အလိုရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို နားထောင်ပေးဖို့ တခြားသူတွေကို ကိုယ်တော် တာဝန်မပေးထားပါဘူး။ သမ္မာကျမ်းစာမှာ ဒီလိုအားပေးထားတယ်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်။” (ဆာလံ ၅၅:၂၂) သူတော်စင် ဒါမှမဟုတ် တခြားသူတစ်ယောက်ယောက်ရဲ့ ကြားဝင်အသနားခံမှုကို အားထားမယ့်အစား ယေဟောဝါဘုရားသခင်အကြောင်း ပိုသိအောင် လေ့လာပြီး ရင်းနှီးအောင် ကြိုးစားသင့်ပါတယ်။

ကောင်းကင်ခမည်းတော်ဟာ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဂရုစိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးချင်တဲ့အပြင် ကိုယ်တော့်ထံ ချဉ်းကပ်ပြီးတော့လည်း ဆုတောင်းစေချင်တယ်။ (ယာကုပ် ၄:၈) ‘ဆုတောင်းစကားကို နားထောင်တော်မူသော’ အရှင်ဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ဘုရားသခင်၊ ခမည်းတော်ဆီ ချဉ်းကပ်ဆုတောင်းခွင့် ရရှိထားတာ ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်သလဲ။—ဆာလံ ၆၅:၂