မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ဆန့်ကျင်သူတွေရဲ့ စွပ်စွဲချက်တိုင်းကို ဘာကြောင့် မတုံ့ပြန်တာလဲ

ယေဟောဝါသက်သေတွေက ဆန့်ကျင်သူတွေရဲ့ စွပ်စွဲချက်တိုင်းကို ဘာကြောင့် မတုံ့ပြန်တာလဲ

 ယေဟောဝါသက်သေတွေက လှောင်ပြောင်ကဲ့ရဲ့တာ၊ စွပ်စွဲတာတွေကို ကျမ်းစာအကြံပေးချက်အတိုင်း လိုက်ပြီးမတုံ့ပြန်ဘူး။ ဥပမာ- ကျမ်းစာမှာ “မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်း . . . ခံရလိမ့်မည်” လို့ ပြောထားတယ်။ (သုတ္တံ ၉:​၇၊ ၈။ ၂၆:၄) စွပ်စွဲချက်အမှားတွေကြောင့် မလိုအပ်ဘဲ အငြင်းပွားပြီး စကားများမယ့်အစား ဘုရားသခင်နှစ်သက်တာကိုလုပ်ဖို့ အာရုံစိုက်ကြတယ်။​—ဆာလံ ၁၁၉:၆၉

 ဒါပေမဲ့ “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏” လို့ ကျမ်းစာပြောတယ်။ (ဒေသနာ ၃:၇) အဲဒီအတိုင်းပါပဲ၊ စိတ်ရင်းမှန်နဲ့ အမှန်တရားကိုသိချင်လို့ မေးလာတာမျိုးဆိုရင်တော့ ဖြေဆိုပေးပေမဲ့ အချည်းနှီး အငြင်းအခုန် ဖြစ်စေတာမျိုးကိုတော့ ရှောင်တယ်။ ကျွန်တော်တို့ဟာ ယေရှုနဲ့ ပထမရာစုက ခရစ်ယာန်တွေရဲ့ သွန်သင်နည်းနဲ့ ပုံနမူနာကို လိုက်လျှောက်ပါတယ်။

  •   ယေရှုဟာ ပိလတ်မင်းရှေ့မှာ မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ဘာမှ ပြန်မဖြေခဲ့ဘူး။ (မဿဲ ၂၇:​၁၁-၁၄။ ၁ ပေတရု ၂:​၂၁-၂၃) သူ့ကို စားကြူး၊ သောက်ကြူးတဲ့သူလို့ စွပ်စွဲတဲ့အခါမှာလည်း ဘာမှပြန်မပြောခဲ့ဘူး။ အဲဒီအစား “ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များဖြင့် သက်သေထူ၏’’ ဆိုတာနဲ့အညီ သူ့ရဲ့လုပ်ရပ်နဲ့ ပြန်ဖြေပေးခဲ့တယ်။ (မဿဲ ၁၁:၁၉) ဒါပေမဲ့ အခြေအနေအရ လိုအပ်လာရင်တော့ မဟုတ်မမှန်ပြောတဲ့သူတွေကို သတ္တိရှိရှိ တုံ့ပြန်ခဲ့တယ်။​—မဿဲ ၁၅:​၁-၃။ မာကု ၃:​၂၂-၃၀

     မှားယွင်းတဲ့ စွပ်စွဲချက်တွေကြောင့် စိတ်ဓာတ်မကျဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးခဲ့တယ်။ ကိုယ်တော်က “ငါ့ကြောင့် လူတို့၏ ရှုတ်ချခြင်း၊ ညှဉ်းဆဲခြင်း၊ မဟုတ်မမှန် ပြစ်တင်ပြောဆိုခြင်း ခံရသည့်အခါ သင်တို့သည် ပျော်ရွှင်ကြ၏” လို့ပြောခဲ့တယ်။ (မဿဲ ၅:​၁၁၊ ၁၂) အဲဒီလို စွပ်စွဲချက်တွေကြောင့် သက်သေခံဖို့ အခွင့်အရေးရတဲ့အခါ “ဆန့်ကျင်သူအားလုံး စုပေါင်း၍ပင် မငြင်းခုံ၊ မဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို သင်တို့အား ငါပေးမည်” လို့ ကတိပေးခဲ့တယ်။​—လုကာ ၂၁:​၁၂-၁၅

  •   တမန်တော်ပေါလုက အတိုက်အခံလုပ်တဲ့သူတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ အကြောင်းအရာတွေ အငြင်းအခုံမလုပ်ဖို့ ခရစ်ယာန်တွေကို သတိပေးခဲ့ပြီး အဲဒါတွေက “အကျိုးမရှိ၊ အချည်းနှီးဖြစ်ကြ၏” လို့ ပြောခဲ့တယ်။​—တိတု ၃:၉။ ရောမ ၁၆:​၁၇၊ ၁၈

  •   တမန်တော်ပေတရုက ဖြစ်နိုင်ရင် ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ ခရစ်ယာန်တွေကို အားပေးခဲ့တယ်။ (၁ ပေတရု ၃:၁၅) တစ်ခါတလေ အပြောထက် အလုပ်က တာသွားတယ်ဆိုတာ သူအသိအမှတ်ပြုတယ်။ ဒါကြောင့် “ကောင်းမှုပြုခြင်းဖြင့် လူမိုက်တို့၏အသိပညာမရှိ၍ ပြောသောစကားများကို တိတ်စေ” မယ်လို့ သူရေးခဲ့တယ်။​—၁ ပေတရု ၂:​၁၂-၁၅