မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ

ယေဟောဝါသက်သေတွေက ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ

တလွဲယူဆလေ့ရှိရာများ

လူအများအထင်လွဲရာ– ယေဟောဝါသက်သေတွေက ခရစ်ယာန်တွေမဟုတ်လို့ အီစတာပွဲ မကျင်းပတာပါ။

 အဖြစ်မှန်– ယေရှုခရစ်ဟာ ကယ်တင်ရှင်ဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ ယေရှုရဲ့ “ခြေတော်ရာကို ထပ်ကြပ်မကွာလိုက်လျှောက်” ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။—၁ ပေတရု ၂:၂၁; လုကာ ၂:၁၁

လူအများအထင်လွဲရာ– ယေရှုဟာ သေခြင်းကနေ ထမြောက်တယ်လို့ သက်သေခံတွေ မယုံကြည်ကြဘူး။

 အဖြစ်မှန်– ယေရှုရှင်ပြန်ထမြောက်တယ် ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်တယ်။ အဲဒါက ခရစ်ယာန်ယုံကြည်ချက်ရဲ့ အခြေခံအယူဝါဒတစ်ခုအဖြစ် အသိအမှတ်ပြုပြီး ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းမှာလည်း အဲဒါကို အလေးပေးဖော်ပြပါတယ်။—၁ ကောရိန္သု ၁၅:၃၊ ၄၊ ၁၂–၁၅

လူအများအထင်လွဲရာ– သက်သေခံတွေရဲ့ ကလေးတွေဟာ အီစတာပွဲနေ့ကနေရတဲ့ ရွှင်လန်းမှု လက်လွတ်ဆုံးရှုံးနေတာကို မိဘတွေက ဂရုမစိုက်ကြဘူး။

 အဖြစ်မှန်- ကျွန်ုပ်တို့ရဲ့ ကလေးတွေကို ကျွန်ုပ်တို့ ချစ်မြတ်နိုးကြပါတယ်။ ကလေးတွေကို လေ့ကျင့်ပေးဖို့နဲ့ သူတို့လေးတွေ ပျော်ရွှင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။—တိတု ၂:၄

ယေဟောဝါသက်သေတွေ ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ

  •   အီစတာပွဲက ကျမ်းစာပေါ်အခြေခံတဲ့ပွဲ မဟုတ်ဘူး။

  •   ယေရှုက ရှင်ပြန်ထမြောက်တဲ့နေ့ကို မဟုတ်ဘဲ မိမိရဲ့သေခြင်းကို အောက်မေ့တဲ့ပွဲ ကျင်းပဖို့ မိန့်မှာခဲ့တယ်။ ကျွန်ုပ်တို့ဟာ ကျမ်းစာပြက္ခဒိန်နဲ့အညီ ယေရှုရဲ့သေခြင်း နှစ်ပတ်လည်နေ့ကို နှစ်တိုင်း ကျင်းပကြတယ်။—လုကာ ၂၂:၁၉၊ ၂၀

  •   အီစတာပွဲ ထုံးတမ်းစဉ်လာတွေက ရှေးခေတ် မျိုးအောင်ခြင်းဆိုင်ရာ ဝတ်ပြုထုံးတမ်းတွေကနေ ဆင်းသက်လာတာဖြစ်တဲ့အတွက် ဘုရားသခင် နှစ်သက်လက်ခံမှာ မဟုတ်ဘူးလို့ ကျွန်ုပ်တို့ ယုံကြည်တယ်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ဖို့ ကျွန်ုပ်တို့ကို တောင်းဆိုထားပြီး ကိုယ်တော်မနှစ်သက်တဲ့ အလေ့အထတွေပါဝင်တဲ့ ဝတ်ပြုရေးကို ဘုရားသခင် မနှစ်သက်ပါဘူး။—မာကု ၁၂:၂၈–၃၀; ၃ ဓမ္မရာဇဝင် ၁၈:၂၁

 အီစတာပွဲ မကျင်းပဖို့ ဆုံးဖြတ်တာက ကျမ်းစာပေါ်လုံးလုံး အခြေခံတယ်လို့ ကျွန်ုပ်တို့ ယုံကြည်တယ်။ “အဆက်ဆက်ခံသော နည်းဥပဒေသ” ကို လိုက်မယ့်အစား ‘ပညာနဲ့ သမ္မာသတိ’ ရှိရှိတွေးတောချင့်ချိန်ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (သုတ္တံ ၃:၂၁; မဿဲ ၁၅:၃) အီစတာပွဲနဲ့ပတ်သက်ပြီး အမေးခံရတဲ့အခါ ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်ကို ဝေမျှပေမဲ့လည်း အီစတာပွဲကျင်းပဖို့ ရွေးချယ်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မလေးမစား မလုပ်ပါဘူး။—၁ ပေတရု ၃:၁၅