မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”

ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”

 “ရဲစွမ်းသတ္တိ ရှိပါလို့ ငါ မိန့်မှာထားတယ် မဟုတ်လား။ မကြောက်ပါနဲ့။ မင်းရဲ့ ဘုရားသခင် ယေဟောဝါဟာ မင်းသွားလေရာမှာ အတူရှိနေမယ်။”—ယောရှု ၁:၉ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “သင့်ကို ငါ မှာထားသည် မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်း ရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ ဘုရားသခင် ထာဝရဘုရား ရှိသည်။”—ယောရှု ၁:၉၊ ယုဒသန်ကျမ်း။

ယောရှု ၁:၉ ရဲ့ အဓိပ္ပာယ်

 ယေဟောဝါဘုရားက a မိမိကို သစ္စာရှိရှိ ဝတ်ပြုတဲ့ ယောရှု မခံရပ်နိုင်ပုံရတဲ့ အခက်အခဲတွေ ကြုံရချိန်မှာတောင် “ရဲစွမ်းသတ္တိ ရှိ” နိုင်တယ်ဆိုတာ ဒီကျမ်းပိုဒ်ပါ စကားတွေနဲ့ စိတ်ချစေတယ်။ ယောရှုသာ ဘုရားသခင့် ပညတ်တွေကို နာခံမယ်ဆိုရင် ကြောက်စရာအကြောင်း လုံးဝ မရှိဘူး။ ယေဟောဝါ အတူရှိနေပြီး အောင်မြင်ဖို့ ကူညီပေးမှာ ဖြစ်လို့ပါ။ ယောရှုကို ညွှန်ကြားချက်တွေ ပေးတာ၊ ရန်သူတွေကို အောင်နိုင်စေတာက ယောရှုနဲ့အတူ ဘုရားသခင် ရှိနေတဲ့သဘောပါပဲ။

 ဘယ်နည်းနဲ့ ယောရှု “ရဲစွမ်းသတ္တိ ရှိ” နိုင်သလဲ။ အဲဒီအချိန်တုန်းက ယေဟောဝါ ပေးထားတဲ့ ကျမ်းစောင်တွေကနေ ရဲစွမ်းသတ္တိနဲ့ ခွန်အား ရနိုင်ပါတယ်။ အဲဒီကျမ်းစောင်တွေထဲမှာ “[ယောရှုကို ယေဟောဝါရဲ့] ကျွန် မောရှေ မှာကြားခဲ့တဲ့ ပညတ်တရား” ပါဝင်တယ်။ b (ယောရှု ၁:၇) ပညတ်ကျမ်းကို “နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်” ဖို့ ယေဟောဝါ မိန့်မှာတယ်။ (ယောရှု ၁:၈) ဒီလို ဖတ်ရွတ်ဆင်ခြင်တာက ဘုရားသခင့်အလိုတော်အတိုင်း လုပ်နိုင်ဖို့ ယောရှုကို ကူညီပေးတယ်။ ကျမ်းစောင်ကနေ သိလာရတာတွေအတိုင်း လုပ်ဆောင်ဖို့၊ “အဲဒီမှာ ရေးထားသမျှကို ဂရုတစိုက် လိုက်နာ” ရမယ်။ ဒါဆိုရင် ဉာဏ်ပညာရှိရှိ လုပ်ဆောင်ပြီး အောင်မြင်နိုင်မယ်။ အဲဒီအတိုင်းပဲ ဖြစ်ခဲ့တယ်။ ယောရှုဟာ အခက်အခဲတွေ ကြုံရပေမဲ့ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ အသက်တာ ပိုင်ဆိုင်ခဲ့တယ်။—ယောရှု ၂၃:၁၄။ ၂၄:၁၅

 ယောရှုကို ယေဟောဝါ ပြောတဲ့ စကားတွေက ကျွန်တော်တို့ကိုလည်း အားရှိစေတယ်။ ယေဟောဝါက အခက်အခဲ ကြုံနေရတဲ့ မိမိလူတွေကို အလွန် ဂရုစိုက်မှန်း အဲဒီစကားတွေကနေ သိရတယ်။ သူတို့တွေကို ယောရှုလိုပဲ အောင်မြင်စေချင်တယ်။ ယောရှုလိုပဲ ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာကို မှန်မှန် ဖတ်ရှုဆင်ခြင်ပြီး လိုက်နာခြင်းအားဖြင့် “ရဲစွမ်းသတ္တိရှိ” နိုင်ပါတယ်။

ယောရှု ၁:၉ ရဲ့ အထက်အောက်စကား

 မောရှေ သေဆုံးပြီးနောက် အစ္စရေးလူမျိုးကို ဦးဆောင်ဖို့ ယောရှုကို ယေဟောဝါ တာဝန်ပေးတယ်။ (ယောရှု ၁:၁၊ ၂) ကတိထားရာ ခါနန်ပြည်ထဲ အစ္စရေးတွေ ဝင်ခါနီးအချိန်မှာပေါ့။ အင်အားကြီး ရန်သူတွေကို တိုက်ခိုက်ခဲ့ရတယ်။ ဥပမာ၊ ယောရှုက အလွန် ဆိုးသွမ်းတဲ့ ခါနန်လူတွေကို တိုက်ခိုက်ခဲ့ရတယ်။ c (တရားဟောရာ ၉:၅။ ၂၀:၁၇၊ ၁၈) ခါနန်လူတွေက လူအင်အား၊ စစ်အင်အား ပိုများတယ်။ (ယောရှု ၉:၁၊ ၂။ ၁၇:၁၈) ယောရှုက ယေဟောဝါ ညွှန်ကြားတဲ့အတိုင်း သတ္တိရှိရှိ လုပ်ဆောင်တယ်။ အင်အားကြီး ရန်သူတွေကို ခြောက်နှစ်အတွင်း တိုက်ခိုက်အောင်မြင်နိုင်ခဲ့လို့ ယောရှုနဲ့အတူ ဘုရားသခင် ရှိနေတာ သေချာပါတယ်။—ယောရှု ၂၁:၄၃၊ ၄၄

a ဘုရားနာမည် ယေဟောဝါဆိုတာ ဟီဘရူးအက္ခရာ လေးလုံး יהוה (ယဟဝဟ) ကနေ ပြန်ဆိုထားတာပါ။ တက်တြာဂရမ်မီတန်လို့ သိထားကြတယ်။ ယုဒသန်ကျမ်းမှာတော့ “ထာဝရဘုရား” လို့ ဘာသာပြန်ထားတယ်။ ယေဟောဝါအကြောင်း၊ တချို့ဘာသာပြန်ကျမ်းမှာ ဒီနာမည် မသုံးတဲ့အကြောင်း သိချင်ရင် “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

b ယောရှု ရနိုင်တဲ့ ကျမ်းစောင်တွေမှာ မောရှေ ရေးတဲ့ ကျမ်းငါးစောင် (ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာ၊ တရားဟောရာ)၊ ယောဘကျမ်းစောင်၊ ဆာလံတစ်ပုဒ်၊ နှစ်ပုဒ် ပါဝင်ပုံရတယ်။ အခုတော့ အဲဒီကျမ်းစောင်အားလုံး ပါတဲ့ ကျမ်းစာကို ကျွန်တော်တို့ ရထားပါပြီ။

c စစ်တိုက်ခဲ့ရတဲ့ အကြောင်းရင်းကို သိချင်ရင် ၂၀၁၀၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ပါတဲ့ “ဘုရားသခင်သည် ခါနာန်လူမျိုးကို အဘယ်ကြောင့် စစ်ဆင်နွှဲခဲ့သနည်း” ဆောင်းပါးကို ကြည့်ပါ။