မာတိကာဆီ ကျော်သွား

ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်က ဘာလဲ

ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်က ဘာလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို ပိုသိကျွမ်းလာဖို့၊ ကိုယ်တော်နဲ့မိတ်ဆွေဖြစ်လာဖို့၊ ကျွန်ုပ်တို့ အစွမ်းအစရှိသမျှနဲ့ ကိုယ်တော်ကို ချစ်ပြီးအမှုဆောင်ဖို့ ဘုရားသခင် အလိုရှိပါတယ်။ (မဿဲ ၂၂:၃၇၊ ၃၈; ယာကုပ် ၄:၈) ဘုရားသခင်ရဲ့အလိုတော်ကို ဘယ်လိုထမ်းဆောင်နိုင်မလဲဆိုတာ ယေရှုရဲ့အသက်တာနဲ့ သွန်သင်ချက်တွေကနေ သင်ယူနိုင်တယ်။ (ယောဟန် ၇:၁၆၊ ၁၇) ယေရှုဟာ ဘုရားသခင်ရဲ့အလိုတော်အကြောင်း ပြောရုံသက်သက်မဟုတ်ဘဲ အလိုတော်နဲ့အညီ အသက်ရှင်ခဲ့တယ်။ ယေရှုက သူ့ဘဝရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဒီလိုတောင် ပြောခဲ့တယ်- “ငါသည် ငါ့အလိုအတိုင်းဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏။”–ယောဟန် ၆:၃၈

ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်ကဘာလဲဆိုတာ သိနိုင်ဖို့ အထူးနိမိတ်တွေ၊ ရူပါရုံတွေလိုအပ်သလား

 မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာမှာ လူသားတွေအတွက် ဘုရားသခင်ရဲ့ သတင်းစကားပါရှိတယ်။ “ကောင်းမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝ” လာဖို့ သင်လိုအပ်တဲ့ အရာတွေ ကျမ်းစာထဲမှာပါရှိပါတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင့်အလိုတော်ကို သင် သိနိုင်အောင် သမ္မာကျမ်းစာကို “စဉ်းစားဆင်ခြင်နိုင်စွမ်း” နဲ့အသုံးပြုဖို့ ကိုယ်တော် အလိုရှိတယ်။–ရောမ ၁၂:၁၊ ၂; ဧဖက် ၅:၁၇

ဘုရားသခင်ရဲ့အလိုတော်ကို ငါတကယ်ဆောင်နိုင်ပါ့မလား

 ဆောင်နိုင်ပါတယ်။ “ဘုရားသခင်ရဲ့ပညတ်တွေကို လိုက်နာဖို့ အရမ်းမခက်ပါဘူး” လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၅:၃Easy-to-Read Version) ဘုရားသခင်ရဲ့ပညတ်တွေကို နာခံတာက အမြဲတမ်းလွယ်ကူတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ရရှိမယ့်အကျိုးကျေးဇူးက သင်ပေးဆပ်ရတာထက် အများကြီး သာလွန်တယ်။ ယေရှုကိုယ်တိုင် ဒီလိုပြောခဲ့တယ်- “ဘုရားသခင်၏ တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏။”–လုကာ ၁၁:၂၈