မာတိကာဆီ ကျော်သွား

မူလအပြစ်ဆိုတာ ဘာလဲ

မူလအပြစ်ဆိုတာ ဘာလဲ

ကျမ်းစာ အဖြေ

 အာဒံနဲ့ ဧဝဟာ အပြစ်ကျူးလွန်တဲ့ ပထမဆုံး လူသားတွေ ဖြစ်တယ်။ “အကောင်းအဆိုး သိကျွမ်းရာအပင်” ရဲ့ အသီးကို စားလိုက်တဲ့အချိန်မှာ မူလအပြစ်လို့ လူအများ ခေါ်ဆိုတဲ့ အပြစ်ကို သူတို့ ကျူးလွန်ခဲ့ကြတယ်။ a (ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၆။ ရောမ ၅:၁၉) လူသားတွေအတွက် အမှား၊ အမှန်ကို ဘုရားသခင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း သတိရစေတဲ့ အဲဒီအပင်ရဲ့ အသီးကို အာဒံနဲ့ ဧဝ စားပိုင်ခွင့် မရှိဘူး။ အာဒံနဲ့ ဧဝဟာ အပင်ရဲ့ အသီးကို စားလိုက်ခြင်းအားဖြင့် အမှားအမှန်ကို မိမိတို့ဘာသာ ဆုံးဖြတ်ဖို့ ရွေးချယ်လိုက်ကြတယ်။ အဲဒီလိုလုပ်တာက ဘုရားသခင်ရဲ့ အမှားအမှန် ဆုံးဖြတ်ပေးပိုင်ခွင့်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်တယ်။

 “မူလအပြစ်” က အာဒံနဲ့ ဧဝကို ဘယ်လို ထိခိုက်ခဲ့သလဲ

 အာဒံနဲ့ ဧဝဟာ အပြစ်ကျူးလွန်ခဲ့လို့ အိုမင်းပြီး နောက်ဆုံး သေသွားကြတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး၊ ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ ထာဝစဉ် အသက်ရှင်ခွင့် စတာတွေကို ဆုံးရှုံးခဲ့ရတယ်။—ကမ္ဘာဦး ၃:၁၉

 “မူလအပြစ်” က ကျွန်တော်တို့ကို ဘယ်လို ထိခိုက်သလဲ

 အာဒံနဲ့ ဧဝဟာ အပြစ်သားဘဝကို သားစဉ်မြေးဆက်ဆီ လက်ဆင့်ကမ်းပေးလိုက်ကြတယ်။ ဒါက မိဘတွေဆီက မျိုးရိုးဗီဇ ချို့ယွင်းချက်ကို လက်ဆင့်ကမ်းပေးတာနဲ့ တူတယ်။ (ရောမ ၅:၁၂) အဲဒါကြောင့် လူအားလုံးဟာ မွေးကတည်းက “အပြစ်” b ပါလာကြတယ်။ ဆိုလိုတာက လူတွေဟာ အပြစ်သားအနေနဲ့ မွေးလာကြတယ်၊ အပြစ်လုပ်ဖို့ လွယ်ကြတယ်။—ဆာလံ ၅၁:၅။ ဧဖက် ၂:၃

 အပြစ်ကို အမွေခံခဲ့ရလို့ ကျွန်တော်တို့ ဖျားနာကြ၊ အိုမင်းပြီး သေကြရတယ်။ (ရောမ ၆:၂၃) ကိုယ်တိုင်ရဲ့ အမှားတွေနဲ့ တခြားသူတွေရဲ့ အမှားအကျိုးဆက်တွေကိုလည်း ခံစားကြရတယ်။—ဒေသနာ ၈:၉။ ယာကုပ် ၃:၂

 “မူလအပြစ်” ရဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်နိုင်သလား

 လွတ်မြောက်နိုင်ပါတယ်။ ယေရှုဟာ “ကျွန်တော်တို့ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ်” အသေခံခဲ့တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (၁ ယောဟန် ၄:၁၀) ယေရှုရဲ့ ပူဇော်သက္ကာက အမွေခံခဲ့ရတဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်စေနိုင်တယ်။ အာဒံနဲ့ ဧဝ ဆုံးရှုံးခဲ့တဲ့ ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ ထာဝစဉ် အသက်ရှင်ခွင့် အလားအလာကို ပြန်ရရှိစေနိုင်တယ်။—ယောဟန် ၃:၁၆ c

 “မူလအပြစ်” နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

 ယူဆချက်အမှား။ မူလအပြစ်ကြောင့် ကျွန်တော်တို့ ဘုရားနဲ့ ဆက်ဆံရေးကောင်း ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။

 အမှန်တရား။ ဘုရားသခင်က အာဒံနဲ့ ဧဝရဲ့အပြစ်ကြောင့် ကျွန်တော်တို့ကို အပြစ်မတင်ပါဘူး။ ကျွန်တော်တို့ မစုံလင်ဘူးဆိုတာ ဘုရား နားလည်တယ်။ ကျွန်တော်တို့ လုပ်နိုင်တာထက် ဘုရား ပိုမမျှော်လင့်ဘူး။ (ဆာလံ ၁၀၃:၁၄) အမွေခံခဲ့ရတဲ့ အပြစ်ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်ကြပေမဲ့ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အခွင့်အရေး ပေးထားပါတယ်။—ပညာအလိမ္မာ ၃:၃၂

 ယူဆချက်အမှား။ နှစ်ခြင်းက မူလအပြစ်ကနေ လွတ်မြောက်စေတယ်။ အဲဒါကြောင့် ကလေးငယ်တွေလည်း နှစ်ခြင်းခံဖို့ လိုတယ်။

 အမှန်တရား။ ကယ်တင်ခြင်း ရဖို့အတွက် နှစ်ခြင်းခံဖို့ အရေးကြီးတာ မှန်ပေမဲ့ ယေရှုရဲ့ ပူဇော်သက္ကာကို ယုံကြည်မှသာ အပြစ်ကနေ သန့်စင်ခံရမယ်။ (၁ ပေတရု ၃:၂၁။ ၁ ယောဟန် ၁:၇) စစ်မှန်တဲ့ ယုံကြည်ခြင်းက အသိပညာကို အခြေခံတာကြောင့် မွေးကင်းစကလေးတွေ ယုံကြည်ခြင်း ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် နို့စို့ကလေးတွေကို နှစ်ခြင်းပေးတာ ကျမ်းစာ မထောက်ခံဘူး။ အဲဒါကို အစောပိုင်း ခရစ်ယာန်တွေကြားမှာ အထင်အရှား တွေ့မြင်ရတယ်။ ကလေးတွေ မဟုတ်ဘဲ ဘုရားရဲ့ တရားစကားကို ယုံကြည်တဲ့ ယုံကြည်သူ ‘အမျိုးသား၊ အမျိုးသမီးတွေ’ နှစ်ခြင်းခံခဲ့ကြတယ်။—တမန်တော် ၂:၄၁။ ၈:၁၂

 ယူဆချက်အမှား။ တားမြစ်ထားတဲ့ အသီးကို ဧဝ အရင်စားလိုက်လို့ အမျိုးသမီးတွေဟာ ဘုရားရဲ့ ကျိန်ခြင်းကို ခံကြရတယ်။

 အမှန်တရား။ ဘုရားက အမျိုးသမီးတွေကို မကျိန်ဘဲ “မာရ်နတ် စာတန်လို့ ခေါ်တဲ့ ရှေးမြွေဟောင်း” ကို ကျိန်ခဲ့တယ်။ (ဗျာဒိတ် ၁၂:၉။ ကမ္ဘာဦး ၃:၁၄) အဲဒီအပြင် ဘုရားသခင်ဟာ ဧဝကို မဟုတ်ဘဲ အာဒံကို မူလအပြစ်အတွက် တာဝန်ယူစေခဲ့တယ်။—ရောမ ၅:၁၂

 အာဒံက ဇနီးကို ဩဇာလွှမ်းမိုးလိမ့်မယ်လို့ ဘုရား ဘာကြောင့် ပြောခဲ့သလဲ။ (ကမ္ဘာဦး ၃:၁၆) အဲဒီလိုပြောတဲ့အတွက် ဘုရားက အဲဒီအမူအကျင့်ကို လျစ်လျူရှု ခွင့်လွှတ်တာ မဟုတ်ဘူး။ အပြစ်ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးကို ကြိုတင်ပြောနေခြင်း ဖြစ်တယ်။ အမျိုးသားတွေ ဇနီးကို ချစ်ပြီး ဂုဏ်တင်ဖို့၊ လေးစားဖို့ ဘုရားသခင် မျှော်လင့်တယ်။—ဧဖက် ၅:၂၅။ ၁ ပေတရု ၃:၇

 ယူဆချက်အမှား။ မူလအပြစ်က လိင်ဆက်ဆံခြင်း ဖြစ်တယ်။

 အမှန်တရား။ မူလအပြစ်ဆိုတာ လိင်ဆက်ဆံခြင်း မဟုတ်မှန်း အောက်ပါအချက်တွေက ဖော်ပြတယ်–

  •   အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကို မစားဖို့ အာဒံကို ဘုရားသခင် ပညတ်ပေးတုန်းက အာဒံ တစ်ယောက်တည်းပဲ ရှိသေးတယ်။ ဇနီး မရှိသေးဘူး။—ကမ္ဘာဦး ၂:၁၇၊ ၁၈

  •   “သားသမီးတွေ အများကြီး မွေးကြ” လို့ အာဒံနဲ့ ဧဝကို ဘုရားသခင် ညွှန်ကြားခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဘုရားကိုယ်တိုင် အမိန့်ပေးထားတဲ့အရာအတွက် အပြစ်ပေးတယ်ဆိုရင် ရက်စက်ရာကျပါတယ်။

  •   အာဒံနဲ့ ဧဝတို့ဟာ သီးခြားစီ အပြစ်ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်။ ဧဝက အရင် အပြစ်ပြုပြီးနောက်မှ အာဒံ အပြစ်ကျူးလွန်ခဲ့တာ ဖြစ်တယ်။—ကမ္ဘာဦး ၃:၆

  •   ဇနီးမောင်နှံ လိင်ဆက်ဆံတာကို ကျမ်းစာ မတားမြစ်ဘူး။—ပညာအလိမ္မာ ၅:၁၈၊ ၁၉။ ၁ ကောရိန္သု ၇:၃

a ကျမ်းစာမှာ “မူလအပြစ်” ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ တကယ်တော့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ပထမဆုံးအပြစ်က စာတန်ရဲ့ လှည့်စားတဲ့စကား၊ ဧဝကို ဗြောင်လိမ်ညာတာ ဖြစ်တယ်။—ကမ္ဘာဦး ၃:၄၊ ၅။ ယောဟန် ၈:၄၄

b ကျမ်းစာမှာ “အပြစ်” ဆိုတဲ့ စကားလုံးက လုပ်ရပ်ကိုပဲ ပြောတာ မဟုတ်ဘူး။ မစုံလင်မှု၊ လူတွေ အမွေခံခဲ့ရတဲ့ အပြစ်သားဘဝကိုလည်း ဆိုလိုတယ်။

c ယေရှုရဲ့ ပူဇော်သက္ကာနဲ့ အဲဒီပူဇော်သက္ကာကနေ အကျိုးခံစားရနိုင်ပုံ အကြောင်းတွေကို သိနိုင်ဖို့ “ယေရှု ဘယ်လို ကယ်တင်သလဲ” ဆောင်းပါးကို ဖတ်ပါ။