မာတိကာဆီ ကျော်သွား

ဘုရားသခင့် ပညတ်တော်ဆယ်ပါးဆိုတာ ဘာတွေလဲ

ဘုရားသခင့် ပညတ်တော်ဆယ်ပါးဆိုတာ ဘာတွေလဲ

ကျမ်းစာအဖြေ

 ပညတ်တော်ဆယ်ပါးဆိုတာ ရှေးအစ္စရေးလူမျိုးကို ဘုရားသခင် ပေးတဲ့ ပညတ်တရားတွေပါ။ ဒီပညတ်တရားတွေကို အာဆီရက် ဟက်ဒဗာရင် ဆိုတဲ့ ဟီဘရူးစကားလုံးကနေ တိုက်ရိုက်ဘာသာပြန်ပြီး ပညတ်တော်ဆယ်ပါးလို့ ခေါ်ပါတယ်။ ဒီစကားလုံးကို ကျမ်းစာရဲ့ ပထမကျမ်းငါးစောင် ပင်တကျွတ် (တိုရာ) မှာ သုံးကြိမ် တွေ့ရပါတယ်။ (ထွက်မြောက်ရာ ၃၄:၂၈။ တရားဟောရာ ၄:၁၃။ ၁၀:၄) ဂရိလို ဒေကာ (တစ်ဆယ်) လိုဂတ်စ် (စကားလုံးများ) လို့ခေါ်ပြီး “ဒေကာလော့ဂ် (ပညတ်တော်ဆယ်ပါး)” ဆိုတဲ့စကားလုံး ဆင်းသက်လာပါတယ်။

 ပညတ်တော်ဆယ်ပါးကို ကျောက်ပြားနှစ်ပြားပေါ်မှာ ဘုရားသခင် ရေးထွင်းပြီး ဆိုင်းနိုင်းတောင်ပေါ်မှာ ပရောဖက် မောရှေကို ပေးအပ်ခဲ့တယ်။ (ထွက်မြောက်ရာ ၂၄:၁၂-၁၈) ပညတ်တော်ဆယ်ပါးကို ထွက်မြောက်ရာ ၂၀:၁-၁၇ နဲ့ တရားဟောရာ ၅:၆-၂၁ တို့မှာ ဖော်ပြထားတယ်။

 ပညတ်တော်ဆယ်ပါး စာရင်း

  1.  ၁။ ယေဟောဝါဘုရားကိုပဲ ကိုးကွယ်ပါ။—ထွက်မြောက်ရာ ၂၀:၃

  2.  ၂။ ရုပ်တု မကိုးကွယ်နဲ့။—ထွက်မြောက်ရာ ၂၀:၄-၆

  3.  ၃။ ဘုရားသခင့်နာမည်ကို တလွဲမသုံးနဲ့။—ထွက်မြောက်ရာ ၂၀:၇

  4.  ၄။ ဥပုသ် စောင့်ပါ။—ထွက်မြောက်ရာ ၂၀:၈-၁၁

  5.  ၅။ မိဘကို ရိုသေပါ။—ထွက်မြောက်ရာ ၂၀:၁၂

  6.  ၆။ လူမသတ်နဲ့။—ထွက်မြောက်ရာ ၂၀:၁၃

  7.  ၇။ အိမ်ထောင်ရေး မဖောက်ပြန်နဲ့။—ထွက်မြောက်ရာ ၂၀:၁၄

  8.  ၈။ မခိုးနဲ့။—ထွက်မြောက်ရာ ၂၀:၁၅

  9.  ၉။ မဟုတ်မမှန် သက်သေ မထွက်ဆိုနဲ့။—ထွက်မြောက်ရာ ၂၀:၁၆

  10.  ၁၀။ လိုချင်တပ်မက်စိတ် မရှိနဲ့။—ထွက်မြောက်ရာ ၂၀:၁၇

 ပညတ်တော်ဆယ်ပါးစာရင်း ဘာကြောင့် မတူသလဲ

 ကျမ်းစာမှာ ပညတ်တစ်ချက်စီကို နံပါတ် မတပ်ထားဘူး။ ပညတ်တွေ စီစဉ်တာနဲ့ပတ်သက်ပြီး သဘောထား မတူကြဘူး။ အထက်ပါစာရင်းကတော့ လူသိများတဲ့ ပညတ်စဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ ပညတ်တော်ဆယ်ပါးစာရင်းတချို့က မတူကြဘူး။ ပထမ၊ ဒုတိယနဲ့ နောက်ဆုံး ပညတ်ချက်တို့မှာ စီစဉ်ထားပုံ မတူကြဘူး။ a

 ပညတ်တော်ဆယ်ပါးရဲ့ ရည်ရွယ်ချက်က ဘာလဲ

 မောရှေပညတ်ကျမ်းထဲမှာ ပညတ်တော်ဆယ်ပါး ပါတယ်။ ပညတ်ကျမ်းမှာ ပညတ်ချက် ၆၀၀ ကျော် ပါဝင်ပြီး ဘုရားသခင်နဲ့ ရှေးအစ္စရေးလူမျိုးရဲ့ သဘောတူညီချက်၊ ပဋိညာဉ်ဆိုင်ရာ စည်းကမ်းချက်တွေ ပါဝင်တယ်။ (ထွက်မြောက်ရာ ၃၄:၂၇) မောရှေပညတ်ကို လိုက်နာရင် သာယာဝပြောကြမယ်ဆိုပြီး အစ္စရေးတွေကို ဘုရားသခင် ကတိပြုခဲ့တယ်။ (တရားဟောရာ ၂၈:၁-၁၄) ဒါပေမဲ့ ပညတ်ကျမ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကတိထားရာ မေရှိယခေါ် ခရစ်တော်ဆီ အစ္စရေးတွေကို ပို့ဆောင်ပေးဖို့ပါပဲ။—ဂလာတိ ၃:၂၄

 ခရစ်ယာန်တွေ ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းကြရမလား

 စောင့်ထိန်းစရာ မလိုဘူး။ ပညတ်တော်ဆယ်ပါး အပါအဝင် ပညတ်ကျမ်းကို အထူးသဖြင့် ရှေးအစ္စရေးလူမျိုးကို ဘုရားသခင် ပေးခဲ့တယ်။ (တရားဟောရာ ၅:၂၊ ၃။ ဆာလံ ၁၄၇:၁၉၊ ၂၀) မောရှေပညတ်ကျမ်းက ခရစ်ယာန်တွေကို မချုပ်နှောင်ထားဘူး။ ဂျူးခရစ်ယာန်တွေတောင် “ပညတ်တရားအောက်ကနေ လွတ်မြောက်လာ” ကြပြီ။ (ရောမ ၇:၆) b မောရှေပညတ်ကို ယေရှု သွန်သင်ခဲ့ရာအားလုံး ပါဝင်တဲ့ “ခရစ်တော်ရဲ့ တရား” နဲ့ အစားထိုးလိုက်ပါပြီ။—ဂလာတိ ၆:၂။ မဿဲ ၂၈:၁၉၊ ၂၀

 ပညတ်တော်ဆယ်ပါးဟာ အခုချိန်မှာ လက်တွေ့ကျသေးရဲ့လား

 လက်တွေ့ကျတုန်းပါပဲ။ ဘုရားသခင့်အတွေးအခေါ်ကို ဖော်ပြတဲ့ ပညတ်တော်ဆယ်ပါးကို လေ့လာရင် အကျိုးရနိုင်ပါတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ပညတ်တော်ဆယ်ပါးဟာ ဘယ်တော့မှ ခေတ်နောက်ကျမှာ မဟုတ်တဲ့ အားထားရတဲ့ အခြေခံမူတွေကို အခြေခံထားပါတယ်။ (ဆာလံ ၁၁၁:၇၊ ၈) ဒီအခြေခံမူတွေဟာ ဓမ္မသစ်ကျမ်းလို့ လူအများ ခေါ်ကြတဲ့ သွန်သင်ချက်တွေရဲ့ အခြေခံလည်း ဖြစ်ပါတယ်။—“ ဓမ္မသစ်ကျမ်းမှာ တွေ့ရတဲ့ ပညတ်တော်ဆယ်ပါးထဲက အခြေခံမူများ” ကို ကြည့်ပါ။

 ပညတ်တော်ဆယ်ပါး အပါအဝင် မောရှေပညတ်တစ်ကျမ်းလုံးဟာ အဓိကပညတ် နှစ်ချက်အပေါ် အခြေခံထားတယ်လို့ ယေရှု သွန်သင်ခဲ့တယ်။ “‘ယေဟောဝါ ဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။’ ဒီပညတ်ဟာ ပထမဆုံး၊ အရေးကြီးဆုံး ပညတ်ပဲ။ ပြီးတော့ ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’ ဆိုတဲ့ ဒုတိယပညတ်ဟာ ပထမပညတ်နဲ့ ဆင်တူတယ်။ ပညတ်ကျမ်းရော ပရောဖက်ကျမ်းရှိသမျှပါ အဲဒီပညတ်နှစ်ခုပေါ်မှာ အခြေခံထားတယ်။” (မဿဲ ၂၂:၃၄-၄၀) ဒါကြောင့် ခရစ်ယာန်တွေဟာ မောရှေပညတ်ကို စောင့်ထိန်းစရာ မလိုပေမဲ့ ဘုရားသခင်နဲ့ လူသားချင်းတွေကို ချစ်ဖို့ မိန့်မှာခံရတယ်။—ယောဟန် ၁၃:၃၄။ ၁ ယောဟန် ၄:၂၀၊ ၂၁

  ဓမ္မသစ်ကျမ်းမှာ တွေ့ရတဲ့ ပညတ်တော်ဆယ်ပါးထဲက အခြေခံမူများ

အခြေခံမူ

ဓမ္မသစ်ကျမ်း ရည်ညွှန်း

ယေဟောဝါဘုရားကိုပဲ ကိုးကွယ်ပါ

ဗျာဒိတ် ၂၂:၈၊ ၉

ရုပ်တု မကိုးကွယ်နဲ့

၁ ကောရိန္သု ၁၀:၁၄

ဘုရားသခင့်နာမည်ကို ရိုသေပါ

မဿဲ ၆:၉

ဘုရားသခင်ကို မှန်မှန် ကိုးကွယ်ပါ

ဟီဘရူး ၁၀:၂၄၊ ၂၅

မိဘကို ရိုသေပါ

ဧဖက် ၆:၁၊ ၂

လူမသတ်နဲ့

၁ ယောဟန် ၃:၁၅

အိမ်ထောင်ရေး မဖောက်ပြန်နဲ့

ဟီဘရူး ၁၃:၄

မခိုးနဲ့

ဧဖက် ၄:၂၈

မဟုတ်မမှန် သက်သေ မထွက်ဆိုနဲ့

ဧဖက် ၄:၂၅

လိုချင်တပ်မက်စိတ် မရှိနဲ့

လုကာ ၁၂:၁၅

a ဂျူးထုံးတမ်းစဉ်လာအရ “ထွက်မြောက်ရာ ၂၀:၂ ကို ပထမ ‘ပညတ်’ လို့ သတ်မှတ်တယ်။ အခန်းငယ် ၃-၆ ကို ဒုတိယပညတ်လို့ သတ်မှတ်တယ်။” (ဂျူးစွယ်စုံကျမ်း) ကက်သလစ်တွေကတော့ ထွက်မြောက်ရာ အခန်းကြီး ၂၀၊ အခန်းငယ် ၁-၆ ကို ပညတ်တစ်ချက်တည်းလို့ ယူဆကြတယ်။ ဒါကြောင့် ဘုရားသခင့်နာမည်ကို တလွဲမသုံးဖို့ အမိန့်ဟာ ဒုတိယပညတ် ဖြစ်လာတယ်။ ပညတ်ဆယ်ချက် ပြည့်ဖို့ သူတစ်ပါးမယား တပ်မက်ခြင်းနဲ့ သူတစ်ပါးဥစ္စာ တပ်မက်ခြင်းကို ပညတ်နှစ်ချက်အဖြစ် ခွဲလိုက်ကြတယ်။

b ရောမ ၇:၇ မှာ ဆယ်ချက်မြောက် ပညတ်ကို “ပညတ်တရား” ဥပမာအဖြစ် ဖော်ပြထားလို့ မောရှေပညတ်ကျမ်းမှာ ပညတ်တော်ဆယ်ပါး ပါဝင်ကြောင်း သက်သေထူတယ်။