မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါ အသက် ဆက်မရှင်ချင်တော့ဘူး ဆိုရင်

ငါ အသက် ဆက်မရှင်ချင်တော့ဘူး ဆိုရင်

 “နှစ်အနည်းငယ်အကြာက ကျွန်တော် ဆိုးဆိုးဝါးဝါး စိတ်ဖိစီးခဲ့တယ်။ မီးတောက်တွေကို နေ့တိုင်း ငြိမ်းသတ်နေရသလို ခံစားခဲ့ရတယ်။ အဲဒီတုန်းက ကိုယ်ကိုယ့်ကို သတ်သေဖို့ပဲ တွေးခဲ့တယ်။ တကယ်သေချင်လို့တော့ မဟုတ်ပါဘူး။ ဒီလိုမျိုး ဆက်မခံစားနိုင်တော့လို့ပါ။”—ဂျော်နသန်၊ ၁၇ နှစ်။

 အထက်တန်းကျောင်းသား ၁၄,၀၀၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါ ကျောင်းသား ၅ ယောက်ထဲက ၁ ယောက်ဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ကိုယ်ကိုယ့်ကိုသတ်သေဖို့ စဉ်းစားခဲ့တယ်လို့ ဝန်ခံကြတယ်။ a အသက် ဆက်မရှင်ချင်တော့ဘူးလို့ သင်ခံစားနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

  •   စောင့်ပါ။ စိတ်ကူးပေါက်သလို ချက်ချင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားပါ။ ပြဿနာတွေကြောင့် ချောင်ပိတ်မိနေရင်တောင် ဖြေရှင်းနည်း တစ်နည်းမဟုတ် တစ်နည်း ရှိပါတယ်။

 ဝင်္ကပါထဲ ပိတ်မိနေတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ ခံစားချက်တွေက အမြဲမမှန်နိုင်ဘူး။ ဖြေရှင်းနည်းတွေ ရှိပါတယ်။ သင့်တော်တဲ့ အကူအညီရရင် ပြဿနာကို ထင်တာထက်တောင် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်။

  •  ကျမ်းစာအခြေခံမူ– “ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရပေမဲ့ မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ကြံရာမရဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး။”—၂ ကောရိန္သု ၄:၈

     အကြံပြုချက်– ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်စိတ် ပိုပြင်းထန်လာတယ်၊ ရှည်ကြာလာတယ်ဆိုရင် ရနိုင်တဲ့ အကူအညီတွေကို စုံစမ်းပါ။ ကိုယ့်ကိုယ်ကိုသတ်သေမှုကို ကာကွယ်ပေးတဲ့ အရေးပေါ်ဖုန်းလိုင်း၊ ဆေးရုံအရေးပေါ်ဌာန စတာတွေဖြစ်နိုင်တယ်။ အဲဒီက ဝန်ထမ်းတွေဟာ အကူအညီပေးဖို့ လေ့ကျင့်ခံထားရသူတွေဖြစ်ပြီး သင့်ကို တကယ်ကူညီပေးချင်ကြတယ်။

  •   တစ်ယောက်ယောက်ကို ပြောပြပါ။ သင့်ကို ဂရုစိုက်ပြီး ကူညီပေးချင်သူတွေရှိတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဖြစ်နိုင်တယ်။ သူတို့ကို မပြောပြဘူးဆိုရင် ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာ သူတို့သိမှာ မဟုတ်ဘူး။

 တချို့က မျက်မှန်တပ်မှ ကြည်ကြည်လင်လင် မြင်ရတယ်။ သူငယ်ချင်းတစ်ယောက်ဟာ ကိုယ့်ရဲ့မျက်မှန် ဖြစ်လာနိုင်တယ်။ ပြဿနာတွေကို မှန်မှန်ကန်ကန် မြင်တတ်ဖို့၊ အသက်ဆက်ရှင်ချင်စိတ်ရှိလာဖို့ သင့်ကို ကူညီပေးနိုင်တယ်။

  •  ကျမ်းစာအခြေခံမူ– “မိတ်ဆွေစစ်ဆိုတာ ... ဒုက္ခရောက်ချိန်မှာ အားကိုးရ” တယ်။—ပညာအလိမ္မာ ၁၇:၁၇

     အကြံပြုချက်– “ငါ အခုတစ်လော တော်တော်ဆိုးတဲ့ အတွေးတွေ ပေါ်ပေါ်နေတယ်။ အဲဒီအကြောင်း ပြောပြလို့ရလား” ဒါမှမဟုတ် “ငါ့မှာ ပြဿနာလေးတွေ ရှိနေတယ်။ တစ်ယောက်တည်း မနိုင်တော့ဘူးထင်တယ်။ ငါ့ကို ကူညီပေးချင်လား” ဆိုပြီး စကားစနိုင်တယ်။

  •   ဆရာဝန်နဲ့ ပြပါ။ စိတ်ကျဝေဒနာတို့လို ကျန်းမာရေး ပြဿနာကြောင့်လည်း အသက်ရှင်စိတ်မရှိတော့တာ ဖြစ်နိုင်တယ်။ သတင်းကောင်းကတော့ ကုသပျောက်ကင်းနိုင်ပါတယ်။

 တုပ်ကွေးမိရင် အစာစားချင်စိတ်မရှိသလို စိတ်ကျရောဂါရရင် အသက်ရှင်ချင်စိတ် မရှိဘူး။ ရောဂါနှစ်မျိုးစလုံးဟာ ကုသရင် ပျောက်ကင်းနိုင်တယ်။

  •  ကျမ်းစာအခြေခံမူ– “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။”— မဿဲ ၉:၁၂

     အကြံပြုချက်– လုံလုံလောက်လောက် အိပ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ အာဟာရရှိတာ စားပါ။ ခန္ဓာကိုယ်ကျန်းမာရေးက စိတ်ခံစားချက်အပေါ် အကျိုးသက်ရောက်မှု ရှိတယ်။

  •   ဆုတောင်းပါ။ ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အရှင်က “ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်။” (၁ ယောဟန် ၃:၂၀) ဒီနေ့ပဲ ဆုတောင်းကြည့်ပါလား။ ဖန်ဆင်းရှင်ရဲ့နာမည် ယေဟောဝါကို သုံးပြီး ကိုယ် ခံစားနေတာအားလုံးကို ပြောပြပါ။

 တချို့ဝန်ထုပ်တွေကို ကိုယ်တစ်ယောက်တည်း ထမ်းနေရတာ လေးလွန်းပါတယ်။ ဖန်ဆင်းရှင်ယေဟောဝါက သင့်ကို လိုလိုလားလား ကူညီပေးချင်တယ်။

  •  ကျမ်းစာအခြေခံမူ– “ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ... ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိလိပ္ပိ ၄:၆၊ ၇

     အကြံပြုချက်– ကိုယ့်ပြဿနာတွေအပြင် ဒီနေ့မှာ ဘုရားကို ကျေးဇူးကြောင်းပြောပြနိုင်တဲ့ ကောင်းတာတစ်ခုလောက် တွေးကြည့်ပါ။ (ကောလောသဲ ၃:၁၅) ကျေးဇူးတင်စိတ်က ဘဝကို မျှော်လင့်ချက် ပိုရှိစေတယ်။

 အသက်ဆက်မရှင်ချင်တော့ဘူးဆိုရင် အကူအညီ ရယူပါ။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျော်နသန်လည်း အကူအညီ ရယူခဲ့တယ်။ သူအခုလို ပြောပြတယ်– “မိဘတွေနဲ့ အများကြီး စကားပြောဖို့၊ ဆေးကုသမှုခံယူဖို့ လိုအပ်ခဲ့တယ်။ အခုတော့ အများကြီးကောင်းလာပြီ။ ဝမ်းနည်းတဲ့စိတ်တွေ တစ်ခါတစ်ခါတော့ ပြန်ပေါ်လာပေမဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်တဲ့စိတ်တော့ မရှိတော့ဘူး။”

a အမေရိကန်၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ၂၀၁၉ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းဖြစ်တယ်။