မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငှက်ဖျားရောဂါ အကြောင်း သိထားသင့်ရာ

ငှက်ဖျားရောဂါ အကြောင်း သိထားသင့်ရာ

၂၀၁၃ ခုနှစ်မှာ လူပေါင်း ၁၉၈ သန်းကျော်ဟာ ငှက်ဖျားရောဂါ ကူးစက်ခံခဲ့ရပြီး ၅၈၄,၀၀၀ သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတယ်။ သေဆုံးသူ ၅ ယောက်မှာ ၄ ယောက်နီးပါးက အသက်ငါးနှစ်အောက် ကလေးငယ်တွေဖြစ်တယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း တစ်ရာလောက်မှာ ဒီရောဂါအန္တရာယ်ကို စိုးရိမ်နေရပြီး ၃.၂ ဘီလီယံလောက်ဟာ ကူးစက်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။

၁။ ငှက်ဖျားရောဂါဆိုတာ ဘာလဲ

ငှက်ဖျားရောဂါဆိုတာ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါပါ။ အဖျားတက်တာ၊ ခိုက်ခိုက်တုန်အောင် ချမ်းတာ၊ ချွေးစေးထွက်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ မအီမသာခံစားရတာ၊ အော့အန်တာ စတဲ့လက္ခဏာတွေပြတယ်။ ပိုးအမျိုးအစားနဲ့ ရောဂါသက်တမ်းအပေါ် မူတည်ပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်း ရောဂါလက္ခဏာ ပြန်ပေါ်လာတတ်တယ်။

၂။ ငှက်ဖျားရောဂါ ဘယ်လို ပျံ့နှံ့ကူးစက်သလဲ

  1. ၁။ ပလပ်စမိုးဒီးယားလို့ခေါ်တဲ့ ပရိုတိုဇွာ အမျိုးအစား ငှက်ဖျားပိုးဟာ အနောဖီလီလို့ ခေါ်တဲ့ ခြင်မကနေတစ်ဆင့် လူရဲ့သွေးလွှတ်ကြောထဲကို ဝင်လာတယ်။

  2. ၂။ အဲဒီကပ်ပါးပိုးဟာ အကိုက်ခံရသူရဲ့ အသည်းမှာရှိတဲ့ ဆဲလ်တွေထဲကို ဝင်ရောက်ပြီး အဲဒီဆဲလ်တွေထဲမှာ ပိုးကောင်ရေတွေ တိုးတိုးလာတယ်။

  3. ၃။ အသည်းဆဲလ်တွေ ပျက်စီးတဲ့အခါ ကပ်ပါးပိုးတွေ ထွက်သွားတယ်၊ အဲဒီကနေ သွေးနီဥတွေထဲ ကူးပြောင်းဝင်ရောက်သွားတယ်။ အဲဒီထဲမှာ ကပ်ပါးပိုးကောင်ရေတွေ တဖြည်းဖြည်း တိုးများလာပြန်တယ်။

  4. ၄။ သွေးနီဥ ပျက်စီးတဲ့အခါ ကပ်ပါးပိုးကောင်တွေ ထွက်သွားပြီး နောက်ထပ်သွေးနီဥတွေထဲ ဝင်ရောက်သွားတယ်။

  5. ၅။ သွေးနီဥတွေ ပျက်စီးခြင်းနဲ့ ကပ်ပါးပိုး တိုးများခြင်းတို့ ဆက်လက်ဖြစ်ပွားတယ်။ ရောဂါ ကူးစက်ခံရသူဟာ သွေးနီဥတွေ ပျက်စီးတဲ့အခါတိုင်း အဖျားတက်တယ်။

၃။ ဘယ်လို ကာကွယ်နိုင်မလဲ

ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသမှာ နေထိုင်တယ်ဆိုရင် . . .

  • ခြင်ထောင် ထောင်အိပ်ပါ။ ခြင်ထောင်က–

    • ဆေးစိမ်ခြင်ထောင်ဖြစ်သင့်တယ်။

    • အပေါက်၊ အပြဲတွေမရှိပါစေနဲ့။

    • ဖျာအောက်မှာ သေသေချာချာ ထိုးထည့်ပါ။

  • အိမ်မှာ ခြင်နိုင်ဆေးဖြန်းထားပါ။

  • ဖြစ်နိုင်မယ်ဆိုရင် တံခါးနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာ တပ်ထားပါ၊ လေအေးပေးစက်နဲ့ ပန်ကာဖွင့်ထားမယ်ဆိုရင် ခြင်တွေအောင်းမနေစေဖို့ ကူညီပေးနိုင်ပါတယ်။

  • တစ်ကိုယ်လုံး လုံလုံခြုံခြုံရှိစေမယ့် အရောင်နုတဲ့အဝတ်အစားတွေကို ဝတ်ပါ။

  • ဖြစ်နိုင်တဲ့အခါတိုင်း ခြင်တွေအောင်းနေတတ်တဲ့ ချုံများတဲ့နေရာနဲ့ ခြင်တွေ ပေါက်ပွားလေ့ရှိတဲ့ ရေတွင်းရေကန်နားမှာ မနေပါနဲ့။

  • ရောဂါကူးစက်ခံရရင်လည်း အမြန်ဆုံး ဆေးကုသမှု ခံယူပါ။

ငှက်ဖျားရောဂါအဖြစ်များတဲ့နေရာကို ခရီးသွားဖို့စီစဉ်ထားတဲ့အခါ . . .

  • ခရီးမထွက်ခင် လတ်တလောအခြေအနေတွေကို စုံစမ်းထားပါ။ ငှက်ဖျား ရောဂါပိုးက တစ်နေရာနဲ့တစ်နေရာ မတူတဲ့အတွက် သောက်ရမယ့်ဆေးလည်း တူမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီး ဘာတွေဂရုစိုက်ရမလဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်။

  • အဲဒီကိုရောက်တဲ့အခါ ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသမှာနေထိုင်သူတွေအတွက် ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ပါ။

  • ရောဂါကူးစက်ခံရတယ်ဆိုရင် အမြန်ဆုံး ဆေးကုသမှုခံယူပါ။ ရောဂါကူးစက်ခံရပြီး တစ်ပတ်နဲ့ လေးပတ်အတွင်းမှာ ရောဂါလက္ခဏာပြနိုင်တယ်ဆိုတာ သတိပြုမှတ်သားပါ။