မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | လူငယ်များ

ချစ်သူနဲ့ လမ်းခွဲတဲ့ အခါ

ချစ်သူနဲ့ လမ်းခွဲတဲ့ အခါ

အခက်အခဲ

“ကျွန်မနဲ့သင့်တော်တဲ့သူ ရှာတွေ့ပြီလို့ ထင်ခဲ့တယ်။ ‘သူနဲ့တစ်သက်လုံး လက်တွဲ သွားမယ်’ လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ ရည်းစားဖြစ်ပြီး ၂ လလောက်မှာ သူနဲ့လမ်းခွဲခဲ့တယ်။ မျှော်လင့်ချက်ကြီးကြီးမားမားနဲ့ စခဲ့ပေမဲ့ အဆုံးသတ်တာမြန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်လောက်အောင်ပဲ။”—အန္န။ *

“ကျွန်မတို့နှစ်ယောက်က အကြိုက်တူပြီး လိုက်ဖက်ညီတယ်လို့ ထင်ခဲ့တာ။ ကျွန်မတို့လက်ထပ်ဖြစ်မှာလို့ တစ်ထစ်ချ ယုံကြည် ခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ဘယ်လောက်တောင် အသွင်မတူသလဲဆိုတာ သိလာရတယ်။ အဲဒီအခါမှာ ကျွန်မ သူနဲ့လမ်းခွဲခဲ့တယ်။”—အီလန်။

သင်လည်း အဲဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးသလား။ ကြုံခဲ့ဖူးတယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးမှာဖြစ်တယ်။

သိသင့်သိထိုက်ရာ

လမ်းခွဲလိုက်တဲ့အခါ နှစ်ဖက်စလုံး အသည်းကွဲရတယ်။ ကိုယ်က အစပြုပြီး လမ်းခွဲရင်တောင် ခံစားရတာပဲ။ “ကျွန်မ အလူးအလဲ ခံစားခဲ့ရတယ်” လို့ ခြောက်လလောက်တွဲပြီးတဲ့နောက် ရည်းစားနဲ့လမ်းခွဲခဲ့တဲ့ ဆဲရာဆိုတဲ့ မိန်းမငယ်လေးက ပြောတယ်။ “သူက ကျွန်မဘဝထဲမှာ ရှိခဲ့ဖူးပေမဲ့ အခု မရှိတော့ဘူး။ ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ သီချင်းတွေကို ကြားရတဲ့အခါ အတူပျော်ခဲ့တဲ့အချိန်တွေကို ပြန်သတိရမိတယ်။ အတူသွားခဲ့ဖူးတဲ့ နေရာတွေရောက်ရင်လည်း သူက ကျွန်မဘေးမှာမရှိတော့တဲ့ အသိကြောင့် ဝမ်းနည်းကြေကွဲရတယ်။ ကျွန်မက စပြီး လမ်းခွဲခဲ့တဲ့သူဖြစ်ပေမဲ့ ကျွန်မကိုယ်တိုင်လည်း ခံစားနေရပါတယ်။”

လမ်းခွဲလိုက်လို့ အသည်းကွဲရပေမဲ့လည်း အကျိုးရလဒ်ကောင်း ရှိပါတယ်။ “ကိုယ့်ကြောင့် တစ်ဖက်သားကို မထိခိုက်စေချင်ဘူး။ ဒါပေမဲ့ သမီးရည်းစားအနေနဲ့ ဆက်ပြီး လက်တွဲသွားမယ်ဆိုရင်လည်း နှစ်ယောက်စလုံး ထိခိုက်နာကျင်ရမှာပဲ” ဆိုပြီး အီလန်ကပြောတယ်။ ဆဲရာကလည်း အဲဒါကို ထောက်ခံခဲ့တယ်။ “သမီးရည်းစားဘဝမှာတောင် စိတ်ဆင်းရဲနေရတယ်ဆိုရင် အိမ်ထောင်ပြုပြီးသွားရင်လည်း ပျော်မှာမဟုတ်ဘူး။ ဒါကြောင့် လမ်းခွဲလိုက်တာ အကောင်းဆုံးပဲ” လို့ သူပြောတယ်။

လမ်းခွဲလိုက်တာက အမှားတစ်ခုတော့ မဟုတ်ပါဘူး။ အောင်မြင်တဲ့ ပိုးပန်းမှုဆိုတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်တာကို ပြောတာပါ။ ဒါပေမဲ့ အမြဲတမ်း လက်ထပ် ဖြစ်မယ်လို့တော့ မဆိုလိုဘူး။ ကိုယ် ဒါမှမဟုတ် ကိုယ့်ရဲ့ ရည်းစားမှာ ကြီးလေးတဲ့ အားနည်းချက် ရှိနေတယ်ဆိုရင် လမ်းခွဲလိုက်တာက ပိုကောင်းနိုင်တယ်။ အဲဒီလိုလုပ်တာက အမှားတစ်ခုတော့ မဟုတ်ပါဘူး။ ဘဝကို ရှေ့ဆက်လျှောက်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

လုပ်ဆောင်နိုင်ရာ

အသည်းကွဲမယ်ဆိုတာကိုတော့ အသိအမှတ်ပြုပါ။ “သူငယ်ချင်းတစ်ယောက်ဆိုတာထက် သူငယ်ချင်းကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်” လို့ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အီလန်က ဆိုတယ်။ အဲဒီလောက် ရင်းနှီးခဲ့တဲ့သူတစ်ယောက်နဲ့ လမ်းခွဲရတဲ့အခါ ဝမ်းနည်းကြေကွဲရတာက သဘာဝပါပဲ။ “လမ်းခွဲလိုက်ရတာက အကောင်းဆုံးဆိုတာ သိပေမဲ့လည်း ခံစားရတာပါပဲ” လို့ အာဒံလို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်က ပြောတယ်။ ကျမ်းစာထဲက ဘုရင်ဒါဝိဒ်လိုပဲ သင်လည်း ခံစားနေရနိုင်တယ်။ သောကဝေဒနာခံစားနေရချိန်မှာ ‘တစ်ညလုံး ငိုရလွန်းလို့ အိပ်ရာဟာ မျက်ရည်တွေ စိုရွှဲနေပြီ’ လို့ သူရေးခဲ့တယ်။ (ဆာလံ ၆:၆ကဘ) တစ်ခါတလေ အသည်းကွဲတဲ့ ဝေဒနာကို အကောင်းဆုံးဖြေဖျောက်နိုင်တဲ့နည်းကတော့ အဲဒါကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်တယ်။ အဲဒါက ဝေဒနာသက်သာစေဖို့ ပထမခြေလှမ်းဖြစ်တယ်။—ကျမ်းစာအကြံပြုချက်– ဆာလံ ၄:၄

ကိုယ့်ကို ဂရုစိုက်တဲ့သူတွေနဲ့ ပေါင်းသင်းပါ။ အဲဒီလိုလုပ်ဖို့ လွယ်မှာ မဟုတ်ပါဘူး။ “အစပိုင်းမှာဆိုရင် လူတွေကို တွေ့တောင်မတွေ့ချင်ဘူး” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အန္နက ဝန်ခံခဲ့တယ်။ “ဖြစ်ခဲ့တာတွေကို လက်ခံဖို့ ကျွန်မအတွက် အချိန်လိုအပ်ခဲ့တယ်။” ဒါပေမဲ့ အန္နဟာ အားပေးကူညီချင်တဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ အချိန်ပေး ပေါင်းသင်းရကျိုးနပ်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သိလာခဲ့တယ်။ “အခုတော့ စိတ်ထိန်းတတ်လာပြီ။ ကျွန်မ အရင်ကလောက် အလူးအလဲ ခံစားရတာမျိုး မဖြစ်တော့ဘူး” လို့ သူပြောတယ်။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၇:၁၇

ဖြစ်ခဲ့တာတွေကနေ သင်ခန်းစာယူပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီအတွေ့အကြုံကနေ ငါ ဘာပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို သိလိုက်ရသလဲ။ နောက်တစ်ကြိမ်ဆိုရင် ဒီထက်ပိုကောင်းအောင် ငါဘာလုပ်နိုင်မလဲ။’ “အချိန်ကြာလာတဲ့အခါ အဖြစ်အပျက်တွေကို ကောင်းကောင်းပြန်ဆန်းစစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခံစားချက်ကိုဘေးဖယ်ပြီး ခေါင်းအေးအေးနဲ့ စဉ်းစားနိုင်ဖို့တော့ အချိန်လိုခဲ့တယ်” လို့ မာစီယာဆိုတဲ့ မိန်းမငယ်လေးက ပြောတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အာဒံလည်း အဲဒီနည်းတူ ခံစားခဲ့ရတယ်။ “အသည်းကွဲတဲ့စိတ်ကို ဖြေဖျောက်ဖို့ တစ်နှစ်လောက် အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအတွေ့အကြုံကနေ သင်ခန်းစာယူနိုင်ဖို့က အဲဒီထက်မက ပိုကြာခဲ့တယ်။ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကနေ ကိုယ့်အကြောင်း၊ လိင်ခြားသူအကြောင်းနဲ့ သမီးရည်းစား ဆက်ဆံရေးအကြောင်းတွေကို ပိုသိလာခဲ့တယ်။ အခုဆိုရင် လမ်းခွဲလိုက်ရလို့ အသည်းကွဲတဲ့ဝေဒနာ သိပ်မခံစားရတော့ဘူး” ဆိုပြီး သူပြောပြတယ်။

ခံစားချက်တွေအကြောင်း ရင်ဖွင့်ဆုတောင်းပါ။ ဘုရားသခင်က ‘စိတ်နှလုံးကြေကွဲနေသူတွေကို ကုသပေးပြီး သူတို့ရဲ့ဒဏ်ရာတွေကို စည်းပေးတယ်’ ဆိုပြီး ကျမ်းစာမှာပြောထားတယ်။ (ဆာလံ ၁၄၇:၃ကဘ) ယေဟောဝါဟာ အောင်သွယ်ပေးတဲ့သူ မဟုတ်တဲ့အတွက် ချစ်သူနဲ့လမ်းခွဲလိုက်တဲ့အခါမှာလည်း အပြစ်တင်လို့မရဘူး။ ဒါပေမဲ့ ယေဟောဝါက ကျွန်တော်တို့အကျိုးကို စိတ်ဝင်စားတယ်။ ဒါကြောင့် ခံစားချက်တွေကို ကိုယ်တော့်ထံ ဆုတောင်းခြင်းဖြင့် ရင်ဖွင့်နိုင်ပါတယ်။—ကျမ်းစာအကြံပြုချက်– ၁ ပေတရု ၅:၇

^ အပိုဒ်၊ 4 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။