မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောမလမ်းများ ရှေးခေတ်အင်ဂျင်နီယာလုပ်ငန်း၏ အထိမ်းအမှတ်များ

ရောမလမ်းများ ရှေးခေတ်အင်ဂျင်နီယာလုပ်ငန်း၏ အထိမ်းအမှတ်များ

ရောမ​လမ်းများ ရှေးခေတ်​အင်ဂျင်နီယာ​လုပ်ငန်း​၏ အထိမ်းအမှတ်​များ

ရောမတို့​၏​အထိမ်းအမှတ်​များ​တွင် အဘယ်အရာ​သည် အထင်ရှားဆုံး​ဖြစ်သနည်း။ ရောမမြို့​တွင်​တွေ့​နိုင်သော ပျက်စီး​ယိုယွင်း​နေသည့် ကော်​လော​စီ​ယမ်​ဇာတ်ရုံ​ဟု ပြော​မည်​လော။ သမိုင်း​တွင် သက်တမ်း​အရှည်​ကြာ​ဆုံး သို့​မဟုတ် သမိုင်း​တွင်​ရ​စ်​စေသော ရောမ​လူတို့၏​တည်ဆောက်​ခြင်း​အကြောင်း ကျွန်ုပ်​တို့​စဉ်းစား​မည်​ဆိုလျှင် လမ်းများ​အကြောင်း စဉ်းစား​ဖို့​လို​ပေမည်။

ရောမ​အဝေးပြေးလမ်း​များ​တွင် ကုန်ပစ္စည်း​များနှင့် စစ်တပ်​များ​သာ ဖြတ်သန်း​သွားခြင်း​မဟုတ်ပါ။ ကျောက်စာ​လေ့လာသူ ရိုမို​လို အေ. စ​တာ​စီ​အို​လီ​က လမ်းများ​အားဖြင့် “အယူအဆ​များ၊ အနုပညာ​လွှမ်းမိုးမှု​များ၊ အတွေးအခေါ်​နှင့်” ခရစ်ယာန်​ဘာသာ​အပါအဝင် “ဘာသာရေးဆိုင်ရာ​ယုံကြည်ချက်များ​ကို ပျံ့နှံ့​စေ​ခဲ့” သည်​ဟု​ဆို​သည်။

ရှေး​အချိန်​က ရောမ​လမ်းများ​ကို အထိမ်းအမှတ်​များ​အဖြစ် ယူမှတ်ခဲ့​ကြသည်။ နှစ်များ​စွာ​အတွင်း ရောမ​တို့သည် မိုင်​ပေါင်း ၅၀,၀၀၀ ကျော်​အထိ​ရောက်​သည့် အသုံးဝင်​သော​လမ်း​ကွန်ရက်​ကို တည်ဆောက်​ခဲ့​ကြ​ပြီး ယင်း​တို့ကို အခု​အခါ နိုင်ငံ​ပေါင်း ၃၀ ကျော်​တွင် တွေ့ရှိ​ရသည်။

ပထမဦးဆုံး အရေးပါသော ဗီ​ယာ​ပါ​ဘ​လ​စ်​ကာ သို့​မဟုတ် ယခု​အခေါ် အဝေးပြေးလမ်း​မကြီး​မှာ ဗီ​ယာ​အက်​ပီ​ယား သို့​မဟုတ် အက်​ပီ​ယန်း​လမ်းမ​ဖြစ်သည်။ လမ်း​ဘုရင်မ​ဟု လူသိ​များသော ယင်း​လမ်းမ​သည် ရောမမြို့​နှင့် အရှေ့တိုင်း​၏ တံခါးပေါက်​ဖြစ်သည့် ဘီ​ရင်​ဒီ​စီ​ယမ် (ယခု​အခေါ် ဘီ​ရင်​ဒီ​စီ) ဆိပ်ကမ်း​မြို့ကို ဆက်သွယ်​ထား​သည်။ ဘီစီ ၃၁၂ ခန့်​တွင် ဤ​လမ်းမ​ကို စ​ဖောက်​လုပ်​သူ ရောမ​အရာရှိ အပ္ပိ​ယာ​စ် ကလောဒိ စီး​ကပ်​စ်​အမည်​ကို အစွဲပြု​ခေါ်​ခြင်း​ဖြစ်သည်။ ထို့​ပြင် ရောမမြို့​မှ အရှေ့ဘက်စူးစူး အေ​ဒ​ရီ​အက်​ဒစ်​ပင်လယ်​အထိ ဆ​လီ​ရီး​ယား​လမ်း​နှင့် ဖလာမီ​နီ​ယား​လမ်း​တို့​ဖြင့် ဆက်သွယ်​ထား​ရာ ရိုင်း​နှင့် ဒန်း​ညု​ဒေသ​များ​အပြင် ဘော်လ်ကန်​ဘက်​သို့​သွားရောက်​နိုင်​စေ​သည်။ အော်​ရီ​လီ​ယား​လမ်းမ​သည် မြောက်ဘက်​ဂေါလ်​နယ်​နှင့် အိုင်​ဘီး​ရီး​ယန်း​ကျွန်းဆွယ်​ဘက်​သို့​လည်းကောင်း၊ အော​စ​တင်း​စ​စ္စ​လမ်းမ​သည် ရောမတို့​၏ ရေပန်းစား​သော​ဆိပ်ကမ်း​မြို့​ဖြစ်သည့် အောစ်တီယာ​သို့​လည်းကောင်း ဦးတည်​သွား​သည်။ ယင်း​အော​စ​တင်း​စ​စ္စ​လမ်း​သည် အာဖရိက​တိုက်​မှ သို့​မဟုတ် အာဖရိက​တိုက်​သို့ ရေကြောင်း​ခရီး​သွားများ​အတွက်​ဖြစ်သည်။

ရောမတို့​၏​အကြီးဆုံး​ဆောက်လုပ်ရေး​စီမံကိန်း

လမ်းများ​သည် ရောမ​တွင်​နေထိုင်​သူတို့ လမ်းသစ်​များ​မ​ဖောက်​လုပ်​မီ​ကတည်းက​ပင် သူတို့​အတွက် အရေးပါ​ခဲ့​သည်။ တိုင်​ဘာ​မြစ်​အောက်ပိုင်း​၏ တစ်ခု​တည်း​သော​ရေ​တိမ်​ပိုင်း​တွင် ရှေး​လမ်းမများ​စုဆုံ​မိ​ရာ ယင်း​နေရာတွင် မြို့​ဖြစ်လာ​သည်။ ရှေး​စာပေ​တစ်ခု​အဆို​အရ၊ ရောမ​တို့သည် ရှိ​နှင့်​ပြီး​သော​လမ်းများ​ကို ပို​ကောင်း​လာ​စေရန် ကား​သေ့ခ်ျ​တို့ကို အတုယူ​ခဲ့​ကြသည်။ သို့သော် လမ်းဖောက်​ခြင်း​ပညာ​တွင် ရောမတို့​ထက် အမှန်တကယ်​အရင်​ရှေ့ပြေး​သူများ​မှာ အက်​ထ​ရူး​စ​ကင်​လူမျိုးများ​ဖြစ်​နိုင်​သည်။ သူတို့​ဖောက်​ခဲ့​သော​လမ်း​အစိတ်အပိုင်း​တချို့​ကို တွေ့​နိုင်​သေး​သည်။ ထို့​ပြင် ရောမ​ခေတ်​မတိုင်မီ​က ယင်း​ဒေသ​တစ်ဝိုက်​တွင် အသုံးများ​ခဲ့​သည့်​လမ်းများ ရှိ​နှင့်​ပြီး​သား​ဖြစ်သည်။ ထို​လမ်းများ​သည် တိရစ္ဆာန်​များ​ကို စားကျက်​တစ်ခု​မှ​တစ်ခု​သို့ ခေါ်ဆောင်​သွားရာတွင် အသုံးပြု​ခဲ့​ကြ​ပေမည်။ သို့သော် လမ်းမများသည် နွေ​ရာသီ​တွင်​ဖုန်​ထ​ပြီး မိုး​ရာသီ​တွင်​ရွှံ့​ထူ​သောကြောင့် သွားလာ​ရ​ခက်ခဲ​သည်။ ရောမ​တို့သည် သူတို့၏​လမ်းများ​ကို ထိုသို့​သော​လမ်းကြောင်း​ပေါ်​တွင် ဖောက်​လေ့​ရှိသည်။

ရောမ​လမ်းများ​သည် ဂရုတစိုက်​ပုံစံ​ရေးဆွဲ​ပြီး တည်တံ့​ခိုင်မြဲ​အောင်၊ အသုံးဝင်​အောင်၊ လှပ​အောင်​ဖောက်​လုပ်ခဲ့ကြ​သည်။ လမ်းမများ​ကို လမ်းစ​မှ​လမ်းဆုံး​အထိ အဖြစ်​နိုင်​ဆုံး​ခရီးလမ်း​တို​အောင် ဖောက်​လေ့​ရှိသောကြောင့် လမ်း​အများစုမှာ ဖြောင့်တန်း​နေခြင်း​ဖြစ်သည်။ သို့သော် လမ်းမများသည် မြေပြင်​အနေအထား​များ​ပေါ်​မူတည်၍ ဖောက်​ရန်လို​သည်။ ရောမ​အင်ဂျင်နီယာ​များသည် တောင်ကုန်း​တောင်တန်း​ဒေသ​များ​တွင် လမ်းများ​ဖောက်​လုပ်သော​အခါ ဖြစ်​နိုင်​သည့်​အခါ နေ​ရော​င်​ရသော​တောင်​တစ်ဖက်​ခြမ်း​တစ်လျှောက် တောင်စောင်း​၏​အလယ်ပိုင်း​မှ ဖောက်​ခဲ့​ကြသည်။ ဤသို့​ဖောက်​လုပ်ခြင်း​သည် လမ်း​အသုံးပြု​သူများ​အတွက် ရာသီဥတု​အလွန်​ဆိုးရွား​သည့် အခြေအနေ​များ​ကြောင့် ဖြစ်ပေါ်​နိုင်​သည့် မည်သည့်​အဆင်မပြေမှု​ကို​မဆို လျော့နည်းစေ​သည်။

သို့​ဆိုလျှင် ရောမ​တို့သည် သူတို့​လမ်းများ​ကို မည်သို့​ဖောက်​လုပ်ခဲ့ကြ​သနည်း။ နည်း​မျိုး​မျိုး​ရှိသော်လည်း ရှေးဟောင်း​သုတေသန တူးဖော်​တွေ့ရှိချက်​အရ ဤသို့​အခြေခံ​အချက်များ​ကို တွေ့ရှိ​ရသည်။

ဦးဆုံး၊ လမ်း​ပုံစံ​ကို ရေးဆွဲ​ကြသည်။ ဤ​အလုပ်ကို လမ်းဖောက်​မည့်​ဒေသ​ရှိ မြေ​တိုင်း​များ​အား တာဝန်​ပေး​ခဲ့​ကြသည်။ ထို့နောက် အားစိုက်​ရသည့်​မြေတူးခြင်း​အလုပ်​မျိုးကို စစ်သား​များ၊ အလုပ်သမား​များ သို့​မဟုတ် ကျွန်​များ​က​တူးကြ​သည်။ အပြိုင်​ရေ​မြောင်း​နှစ်ခု​ကို တူး​သည်။ ထို​ရေ​မြောင်နှစ်ခု​ကြား အကျဉ်း​ဆုံး​အကွာအဝေး​မှာ ၈ ပေ​ဖြစ်​ပြီး ပုံမှန်​အကွာအဝေး​မှာ ၁၄ ပေ​ရှိ၍ လမ်းကွေ့များ​တွင် ထို​ထက်​ပို​ကျယ်​လေ့​ရှိသည်။ လမ်း​တစ်ဖက်တစ်ချက်​ရှိ လူ​သွား​လမ်း​အပါအဝင် လမ်း​၏​အကျယ်​မှာ စုစုပေါင်း ၃၃ ပေ​ရှိ​နိုင်​သည်။ ရေ​မြောင်း​နှစ်ခု​ကြား​ရှိ​မြေ​ပွ​ကို ဖယ်ရှား​ပြီး လမ်းကို ခွက်​အောင်​လုပ်​ရသည်။ မြေမာ​ရောက်​သည်​တိုင်အောင် မြေ​ပွ​များ​ကို​ဖယ်ရှား​ပြီး​နောက် အမျိုးအစား​မတူ​သော​ပစ္စည်း​များ​ဖြင့် သုံး​လွှာ သို့​မဟုတ် လေး​လွှာ​အထိ လောင်း​ထည့်ကြ​သည်။ ပထမ​အလွှာ​သည် ကျောက်တုံး၊ ကျောက်ကျိုး​ကျောက်ပဲ့​များ​ဖြစ်​နိုင်​သည်။ ဒုတိယ​အလွှာ​တွင် အင်္ဂတေ​ကိုင်ထား​ပုံ​ရသည့် ကျောက်စရစ်​တုံး​များ​ခင်း​ထား​သည်။ ထို​အလွှာ​ပေါ်​တွင် တစ်ဖန်​ကျောက်စရစ်​ခဲ​ဖြင့် ဖိ​သိပ်​သည်။

ရောမ​လမ်း​အချို့​၏​မျက်နှာပြင်​ကို ကျောက်စရစ်​ခဲ​များ​ဖြင့်​သာ ခင်း​ထားခြင်း​ဖြစ်သည်။ သို့​တိုင်၊ ထို​ကျောက်ခင်းလမ်း​များသည် ထို​အချိန်​ကလူ​တို့အတွက် ချီးမွမ်း​အံ့သြဖွယ်ရာ​ဖြစ်​ခဲ့​သည်။ ထို​လမ်းများ​၏​အပေါ်​ဆုံး​မျက်နှာပြင်​ကို များသောအားဖြင့် ဒေသ​အတွင်း​တွေ့​နိုင်သော ကျောက်ပြား​ကြီး​များ​ဖြင့် စီ​ခင်း​ထား​လေ့​ရှိသည်။ မိုး​ရေ​များ လမ်း​တစ်ဖက်တစ်ချက်​ရှိ ရေ​မြောင်း​ထဲ​စီးဝင်​နိုင်​ရန် လမ်း​၏​အလယ်ပိုင်း​သည် အနည်းငယ်​မို့​တက်​နေသည်။ ထိုသို့​ဖောက်​လုပ်ခြင်း​ကြောင့် ထို​အထိမ်းအမှတ်​လမ်းများ​သည် ရေရှည်​ခိုင်ခံ့​ပြီး အချို့​မှာ ယနေ့​ထိ​တိုင် တွေ့​နိုင်​သေး​သည်။

အက်​ပီ​ယန်း​လမ်းမ​ဖောက်​လုပ်ပြီးနောက် နှစ်ပေါင်း ၉၀၀ ခန့်အကြာ​တွင် ဘိုင်ဇန်တီယမ်​လူမျိုး သမိုင်း​ပညာရှင် ပ​ရို​ကို​ပီး​ယာ​စ်​က ယင်းကို “အံ့ဖွယ်” အဖြစ် ဖော်ပြ​ခဲ့​သည်။ လမ်း​မျက်နှာပြင်​ပေါ်​ရှိ ကျောက်ပြား​များနှင့်​ပတ်သက်​၍ သူက ဤသို့​ရေးသားခဲ့​သည်– “အချိန်​များစွာ​ကြာညောင်း​သွားခဲ့​ပြီး နေ့စဉ်​နေ့တိုင်း ယာဉ်များ​စွာ​ဖြတ်သန်း​သွား​လင့်​ကစား ထို​လမ်းများ​၏​အခြေအနေ​မှာ ဖရိုဖရဲ​မရှိ၊ ချောမွေ့​နေသော​မျက်နှာပြင်​မှာလည်း ပျက်စီး​သွားခြင်း​မရှိခဲ့​ချေ။”

ထို​လမ်းမများသည် မြစ်များ​ကဲ့သို့​သော သဘာဝ​အတားအဆီး​များ​ကို မည်သို့​ဖြတ်ကျော်​နိုင်​သနည်း။ တစ်ချက်​မှာ တံတား​များ​အားဖြင့်​ဖြစ်သည်။ အချို့​တံတား​များသည် ယခု​တိုင်အောင်​တည်ရှိ​ပြီး ယင်း​တို့​က ရှေး​ရောမ​လူတို့၏ ထူးခြား​ထင်ရှားသော နည်း​ပညာ​ဆိုင်ရာ​ကျွမ်းကျင်​မှု​ကို အထင်အရှား​ဖော်ပြ​သည်။ ရောမ​လမ်းစ​နစ်​တွင်​ပါ​သည့် ဥမင်​လိုဏ်ခေါင်း​များ​ကို လူသိ​နည်း​မည်​ဖြစ်သော်လည်း ထို​အချိန်​က အသုံးပြု​သော​နည်း​ပညာ​နှင့် ကိရိယာ​များ​ကို စဉ်းစား​ကြည့်​သော် ယင်း​တို့ကို​တည်ဆောက်​ခြင်း​သည် များစွာ​ခက်ခဲ​ခဲ့​ပေမည်။ ကိုးကားချက်​တစ်ခု​က ဤသို့​ဆို​ထား​သည်– “ရောမတို့​၏​အင်ဂျင်နီယာ​ပညာ​သည် . . . ရာစုနှစ်​နှင့်​ချီ​၍ ပြိုင်ဘက်​ကင်း​ခဲ့​သည်။” ဥပမာတစ်ခု​မှာ ဖလာမီ​နီ​ယား​လမ်း​ဖြတ်သွား​သည့် ဖို​လို​ဒေသ​ရှိ ဥမင်​လိုဏ်ခေါင်း​ဖြစ်သည်။ အေဒီ ၇၈ တွင် အင်ဂျင်နီယာ​များ ဂရုတစိုက်​စီစဉ်​ရေးဆွဲ​ပြီး​နောက် အရှည်​ပေ ၁၃၀၊ အကျယ် ၁၆ ပေ​နှင့် အမြင့် ၁၆ ပေ​ရှိသော ဥမင်​လိုဏ်ခေါင်း​တစ်ခု​ဖောက်ရာ​တွင် မာကျော​သော​ကျောက်တုံး​ကြီး​များ​ကို တူးထုတ်​ခဲ့​ကြသည်။ ထို​အချိန်​က ရရှိနိုင်သော​ကိရိယာ​များ​ကို​ထောက်ရှု​သော် ယင်းသည် အမှန်ပင်​မှတ်သား​လောက်​သည့် ပြီးမြောက်​အောင်မြင်မှု​တစ်ခု​ဖြစ်သည်။ ထိုသို့​သော​လမ်းစ​နစ်​တစ်ခု​ဖောက်​လုပ်ခြင်း​သည် လူ​တို့​စွန့်စား​ပြုလုပ်​သည့်​အရာများ​ထဲ​တွင် အကြီးမားဆုံး​ပြီးမြောက်မှု​တစ်ခု​ဖြစ်သည်။

ခရီးသည်​များနှင့် အယူအဆ​များ​ပျံ့နှံ့​စေခြင်း

စစ်သား​များနှင့် ကုန်သည်​များ၊ တရားဟော​ဆရာများ​နှင့် ကမ္ဘာ​လှည့်​ခရီးသည်​များ၊ သရုပ်ဆောင်​များနှင့် ဂလက်ဒီယေတာ​သတ်ပုတ်​သူများ​အားလုံး​သည် ဤ​လမ်းများ​ကို အသုံးပြု​ခဲ့​ကြသည်။ ထို​ခြေလျင်​ခရီး​သွား​ကြ​သူတို့သည် တစ်နေ့​ကို ၁၅ မိုင်​မှ မိုင် ၂၀ အထိ သွား​နိုင်​သည်။ ခရီး​သွား​သူတို့သည် မိုင်​တိုင်​များ​ကို​ကြည့်​ခြင်း​ဖြင့် ခရီး​အကွာအဝေး​နှင့်​ပတ်သက်သော အချက်အလက်​များ​ကို သိရှိ​နိုင်​သည်။ ပုံစံ​အမျိုးမျိုး​ရှိသော ထို​ကျောက်တိုင်​များသည် များသောအားဖြင့် ထုလုံးရှည်​ပုံ​ရှိပြီး ရောမတို့​၏ တစ်မိုင်​အကွာအဝေး​ဖြစ်သော ၄,၈၅၄ ပေ​တိုင်း​တွင် စိုက်ထူ​ထား​သည်။ ခရီးသည်​များ မြင်းများ​ကို​ပြောင်း​စီး​နိုင်​ရန်၊ တစ်စုံတစ်ခု​ကို ဝယ်ယူ​နိုင်​ရန် သို့​မဟုတ် အကြောင်း​တစ်ခုခု​ကြောင့် ည​တည်းခို​နိုင်​ရန် စခန်း​ထောက်​များလည်းရှိသည်။ အချို့​သော​စခန်း​ထောက်​များသည် မြို့ငယ်​လေး​များ​ဖြစ်လာ​လေ​သည်။

ခရစ်ယာန်​ဘာသာ​မမွေးဖွား​မီ​လေး​တွင် ဆီဇာ ဩ​ဂတ်​စ်​တပ်​စ်​သည် လမ်း​ပြုပြင်​ထိန်းသိမ်း​ခြင်း​အစီအစဉ်ကို စတင်​လုပ်ဆောင်ခဲ့​သည်။ သူသည် လမ်း​တစ်ခု သို့​မဟုတ် နှစ်ခု၊ သုံးခုကို ကြည့်ရှု​ထိန်းသိမ်း​ရန် တာဝန်ခံ​အရာရှိများ​ကို ခန့်​ထားခဲ့​သည်။ မီလီ​ယာ​ရီ​ယမ် အော​ရီ​ယမ်​ဟု​လူသိ​များ​ခဲ့​သည့် ရွှေ​မိုင်​တိုင်​ကို ရောမ​ဖိုရမ်​တွင် သူ​စိုက်ထူ​ခဲ့​သည်။ ကြေး​သွန်း​ထားသော​စာလုံး​များ​ပါရှိ​သည့် ဤ​တိုင်​သည် အီတလီ​နိုင်ငံ​ရှိ ရောမ​လမ်း​အားလုံး​၏ စံ​လမ်းဆုံး​ဖြစ်သည်။ ယင်းကြောင့် ဤ​စကားပုံ​ကို​ဖြစ်ပေါ်​စေ​သည်– “ဘယ်​လမ်း​က​သွား​သွား ရောမမြို့​တော်​ကြီး​ကို ရောက်​တာ​ပဲ။” ဩ​ဂတ်​စ်​တပ်​စ်​သည် အင်ပါယာ​တစ်ခုလုံး​၏ လမ်းစ​နစ်​ကို ပြသထား​သည့်​မြေပုံ​ကိုလည်း ရေးဆွဲ​ခဲ့​သည်။ လမ်း​ကွန်ရက်​သည် ထို​အချိန်​ကလူ​တို့၏​လိုအပ်ရာ​များနှင့် ထို​အချိန်​က​စံနှုန်း​များ​အရ အကောင်းဆုံး​အခြေအနေ​တွင် ရှိခဲ့​ပုံ​ရသည်။

ရှေးခေတ်​က ခရီးသည်​အချို့​သည် မိမိတို့​ခရီးစဉ်​များ​ကို အလွယ်တကူ​သိရှိ​နိုင်​ရန် လမ်းညွှန်​စာ​များ သို့​မဟုတ် ခရီးစဉ်​အညွှန်းများ​ကို​ပင် အသုံးပြု​ခဲ့​ကြသည်။ ထို​အညွှန်းများ​က ရပ်နား​ရာ​ဒေသ​တစ်ခု​နှင့်​တစ်ခု​ကြား အကွာအဝေး​နှင့် ထို​ရပ်နား​ရာ​ဒေသ​များ​တွင် မည်သည့်​ဝန်ဆောင်မှု​များ ရနိုင်​သည်ကို​ပါ ဖော်​ပြပေး​သည်။ သို့သော် ထို​လမ်းညွှန်​စာ​များသည် တန်ဖိုး​ကြီး​ပေး​ရသော​ကြောင့် လူတိုင်း​မရရှိ​နိုင်​ချေ။

ထိုသို့​ဖြစ်သည့်​တိုင် ခရစ်ယာန်​ဧဝံဂေလိတရား​ဟော​ဆရာများ​သည် အစီအစဉ်များ​ဆွဲ​ကာ ဝေးလံ​သော​ခရီး​များစွာကို သွားခဲ့​ကြသည်။ တမန်​တော်​ပေါလု​သည် မိမိ၏​တစ်ခေတ်​တည်း​သားများ​ကဲ့သို့​ပင် အရှေ့ဘက်​သို့​သွား​သည့်​အခါ တိုက်​မြဲ​လေ​၏​အကူအညီ​နှင့် ပင်လယ်​လမ်းဖြင့်​သွား​ရန် ရွေးချယ်​လေ့​ရှိသည်။ (တမန်​တော် ၁၄:၂၅၊ ၂၆; ၂၀:၃; ၂၁:၁-၃) မြေထဲပင်လယ်​တွင် ထို​တိုက်​မြဲ​လေ​သည် နွေ​ကာလ​တွင် အနောက်ဘက်​မှ တိုက်ခတ်​သည်။ သို့သော် ပေါလု​သည် အနောက်ဘက်​သို့​ခရီးထွက်​သောအခါ ရောမ​လမ်းကို အသုံးပြု၍ ကုန်း​လမ်းဖြင့်​သွားလေ့​ရှိသည်။ ပေါလု​သည် ထို​ကုန်း​လမ်းများ​အတိုင်း သူ၏​ဒုတိယ​နှင့် တတိယ​သာသနာပြု​ခရီးစဉ်​များ​ကို နှင်ခဲ့​သည်။ (တမန်​တော် ၁၅:၃၆-၄၁; ၁၆:၆-၈; ၁၇:၁၊ ၁၀; ၁၈:၂၂၊ ၂၃; ၁၉:၁) * အေဒီ ၅၉ ခန့်​တွင် ပေါလု​သည် အက်​ပီ​ယန်း လမ်းအတိုင်း ရောမ​ဘက်​သို့​ခရီးနှင်​ခဲ့​ရာ ရောမမြို့​အရှေ့တောင်ဘက် ၄၆ မိုင်​တွင်ရှိသော လူစည်ကား​သည့်​အက်​ပီ​ဖိုရမ် သို့​မဟုတ် အပ္ပိ​ဈေး​တွင် ယုံကြည်သူချင်း​များနှင့် တွေ့ဆုံ​ခဲ့​သည်။ အခြားသူ​တို့သည် ရောမမြို့​မှ ကိုးမိုင်​ဝေးသည့် သုံး​ဇရပ်​ခေါ် နား​နေရာ​အရပ်ဒေသ​အထိ ပေါလု​ကို ခရီး​ဦး​ကြို​ခဲ့​ကြသည်။ (တမန်​တော် ၂၈:၁၃-၁၅) အေဒီ ၆၀ ခန့်​တွင် ပေါလု​က ‘လောက​နိုင်ငံ​တစ်လျှောက်​လုံး​တွင်’ သတင်းကောင်း​ဟောပြောခဲ့ပြီ​ဟု ပြော​နိုင်​ခဲ့​သည်။ (ကောလောသဲ ၁:၆၊ ၂၃) ထိုသို့​ဖြစ်လာ​နိုင်​ရန် လမ်းစ​နစ်​သည် တစ်စိတ်​တစ်ပိုင်း​အဖြစ် ပါဝင်​ခဲ့​သည်။

ထို့​ကြောင့် ရောမ​လမ်းများ​သည် သာမန်​လမ်း​ဖြစ်​ရုံ​သက်​သက်​မဟုတ်ဘဲ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ပျံ့နှံ့​စေသည့် ထာဝရ​အထိမ်းအမှတ်​များ​ဖြစ်နေ​လေ​တော့​သည်။—မဿဲ ၂၄:၁၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော “ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” ဘရိုရှာ၊ စာမျက်နှာ ၃၃ ပါ မြေပုံ​ကို ကြည့်​ပါ။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ရောမ မိုင်​တိုင်​တစ်ခု

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အီတလီ​နိုင်ငံ၊ ရှေးဟောင်း အောစ်တီယာ​မြို့ရှိ လမ်း​တစ်​လမ်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဩစတြီးယား​နိုင်ငံ၊ ရှေး​လှည်း​ယာဉ်များ သွား​ရာ​ဘီး​ကြောင်း​များ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဂျော်ဒန်​နိုင်ငံ၊ မိုင်​တိုင်​များ​ပါ​သည့် ရောမ​လမ်း​တစ်​လမ်း​၏ အစိတ်အပိုင်း​တစ်ခု

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရောမမြို့​ဆင်ခြေ​ဖုံး​ဒေသ​ရှိ ဗီ​ယာ​အက်​ပီ​ယား

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ရောမမြို့​ပြင် ဗီ​ယာ​အက်​ပီ​ယား လမ်းပေါ်​ရှိ သင်္ချိုင်း​အပျက်အယွင်း​များ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မာ့ခ်ျ​ဒေသ၊ ဖလာမီ​နီ​ယား​လမ်းပေါ်​ရှိ ဖို​လို​ဥမင်​လိုဏ်ခေါင်း

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

အီတလီ​နိုင်ငံ၊ ရီ​မီ​နီ​မြို့ရှိ အက်​မီလီး​ယား​လမ်းပေါ်​ရှိ တိုင်​ဘီး​ရီး​ယပ်စ်​တံတား

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

လူစည်ကား​သော​အက်​ပီ​ဖိုရမ် သို့​မဟုတ် အပ္ပိ​ဈေး​တွင် ယုံကြည်သူချင်း​များ​ကို ပေါလု​တွေ့ဆုံ​ခဲ့

[Picture Credit Lines on page 15]

Far left, Ostia: ©danilo donadoni/​Marka/​age fotostock; far right, road with mileposts: Pictorial Archive (Near Eastern History) Est.