မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်ရာကို အဘယ်ကြောင့်လုပ်သင့် သနည်း

မှန်ရာကို အဘယ်ကြောင့်လုပ်သင့် သနည်း

မှန်ရာကို အဘယ်ကြောင့်​လုပ်သင့် သနည်း

ပညာတတ်​တစ်ဦး​သည် တစ်ချိန်က ဤသို့​မှတ်ချက်ချ​ခဲ့​သည်– “ငါသည် ကျင့်​ချင်​သော​စိတ်​ရှိသော်လည်း ကောင်းစွာ​ကျင့်​တတ်သော​အခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။ ငါသည် ကျင့်​ချင်​သော​အကျင့်ကောင်း​ကို​မကျင့်၊ မကျင့်​ချင်​သော​အကျင့်ဆိုး​ကို​ကျင့်​၏။” ဤ​ပုဂ္ဂိုလ်​သည် ကောင်းသော​အကျင့်ကို ကျင့်​လို​သော်လည်း အဘယ်ကြောင့်​အခက်တွေ့​ခဲ့​သနည်း။ သူ​ဤသို့​ရှင်းပြ​ခဲ့​သည်– “ထိုသို့ ကောင်းသော​အကျင့်ကို ငါ​ကျင့်​ချင်​သောအခါ မကောင်းသော​အကျင့်ကို ကျင့်​စေ​တတ်သော​တရားကို ငါ​တွေ့​၏။ ငါသည် အတွင်းလူ​အားဖြင့် ဘုရားသခင်​၏​ပညတ်တရား​တော်​ကို နှစ်သက်​၏။ သို့သော်လည်း ငါ့​ကိုယ်​အင်္ဂါများ​၌​ရှိသော တရား​တစ်ပါး​သည် စိတ်​ဝိညာဉ်​တရားကို ဆိုင်ပြိုင်​တိုက်လှန်​သဖြင့် ငါ့​ကိုယ်​အင်္ဂါများ​၌​ရှိသော အပြစ်​တရား​လက်​သို့ ငါ့ကို​ဖမ်းသွား​အပ်နှံ​သည်ကို ငါ​မြင်​၏။”—ရောမ ၇:၁၈၊ ၁၉၊ ၂၁-၂၃

လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ နီးပါး​က မှတ်တမ်းတင်​ခဲ့​သော တမန်​တော်​ပေါလု​၏ ထိုစကား​များသည် မစုံလင်​သော​လူသားများ မှန်ရာကို​ပြုလုပ်​ရန် အဘယ်ကြောင့်​ခက်ခဲ​ရ​ကြောင်း ရှင်းပြသည်။ မှန်ကန်​သည့်​မူများ​စွဲကိုင်​ထား​ရန် အထူးသဖြင့် စုံစမ်းခြင်း​ခံရ​သော​အခြေအနေ​များ​အောက်တွင် ကိုယ်ကျင့်တရား​ခွန်အား လိုအပ်​သည်။ ထို့​ကြောင့် မှန်ရာကို​လုပ်ရန် အရေးကြီးဆုံးသော​အကြောင်းရင်း​ကား အဘယ်နည်း​ဟု ကျွန်ုပ်​တို့​မေးသင့်​သည်။

ကိုယ်ကျင့်တရား​ကောင်း​သူ​တစ်ဦး၏ အနာဂတ်​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​မည်သို့​ဆို​ထား​သည်ကို သုံးသပ်ကြည့်​ပါ။ ဆာလံ ၃၇:၃၇၊ ၃၈ တွင်​ဤသို့​ဖတ်​ရသည်– “စုံလင်ခြင်း​တရားကို​စောင့်ရှောက်​လော့။ ဖြောင့်မတ်ခြင်း​တရားကို ကြည့်ရှု​ဆင်ခြင်​လော့။ ထိုသို့​ပြုသောသူ​သည် အဆုံး​၌ ငြိမ်သက်ခြင်း​ကို ခံစားရ​လိမ့်​မည်။ ပြစ်မှား​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​ရောက်​၍ မတရားသော​သူတို့သည် အဆုံး​၌ ပယ်ရှင်း​ခြင်း​ကို​ခံရ​ကြလိမ့်မည်။” နယပုံပြင် ၂:၂၁၊ ၂၂ တွင်​ကျွန်ုပ်​တို့ကို ဤသို့​ပြောပြ​သည်– “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​၌​နေ၍ စုံလင်သော​သူတို့သည် နေရာကျ​ကြလိမ့်မည်။ အဓမ္မ​လူ​တို့​မူ​ကား ပြည်တော်​မှ​ပယ်ရှင်း​ခြင်း၊ လွန်ကျူး​သော​သူတို့သည် နုတ်​ပစ်​ခြင်း​ကို​ခံရ​ကြလိမ့်မည်။”

ယင်းက​တိ​တော်​များနှင့် သမ္မာကျမ်းစာ​တွင်​တွေ့ရှိ​ရသော အခြား​အချက်များ​က ဘုရားသခင်​နှစ်သက်ရာ​လမ်းစဉ်​ကို လိုက်လျှောက်ရန် ကျွန်ုပ်​တို့အား လှုံ့ဆော်မှု​ဖြစ်စေ​သော်လည်း ယင်း​တို့သည် အခြေခံ​အကြောင်းရင်း မဟုတ်ပါ။ ထို​အကြောင်းရင်း​သည် အသိဉာဏ်​ရှိ​သတ္တဝါ​အားလုံး တစ်ဦးစီ​နှင့်​ပတ်သက်​နေသော အရေးကိစ္စ​နှင့်​ဆက်စပ်​နေသည်။ နောက်​ဆောင်းပါး​တွင် အဆိုပါ​အရေးကိစ္စ​နှင့် ယင်းသည် ကျွန်ုပ်​တို့​အပေါ် မည်သို့​သက်ရောက်မှု​ရှိကြောင်း ဆွေးနွေး​ထား​သည်။