မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ဆုံးမတော်မူခြင်းကို အမြဲလက်ခံပါ

ယေဟောဝါ၏ဆုံးမတော်မူခြင်းကို အမြဲလက်ခံပါ

ယေဟောဝါ​၏​ဆုံးမ​တော်​မူ​ခြင်း​ကို အမြဲ​လက်ခံပါ

‘ယေဟောဝါ​ဆုံးမ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မနေ​နှင့်။’—သု. ၃:၁၁

၁။ ဘုရားသခင်​၏​ဆုံးမ​တော်​မူ​ခြင်း​ကို အဘယ်ကြောင့်​လက်ခံသင့်​သနည်း။

ကျွန်ုပ်​တို့​ယောက်စီ​ယောက်​တိုင်း ဘုရားသခင်​၏​ဆုံးမ​တော်​မူ​ခြင်း​ကို လက်ခံ​စေသည့် ကောင်းမွန်သော​အကြောင်းရင်း​တစ်ရပ်​ကို ရှေး​ဣသရေလ​ဘုရင် ရှောလမုန် ဤသို့​ဖော်ပြ​၏– ‘ငါ့​သား ယေဟောဝါ​ဆုံးမ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မနေ​နှင့်။ သင်၏​အပြစ်ကို​စစ်ဆေး​တော်​မူ​သောအခါ စိတ်မပျက်​စေ​နှင့်။ ဘုရားသခင်​သည် ချစ်တော်မူ​သော​သူကို ဆုံးမ​တော်​မူ​တတ်၏။ နှစ်သက်​တော်​မူ​သော​သားကို ဒဏ်ခတ်​တော်​မူ​တတ်၏။’ (သု. ၃:၁၁၊ ၁၂) မှန်ပါသည်၊ ကောင်းကင်​ခမည်းတော် သင့်​အား​ဆုံးမ​ရခြင်း​မှာ သင့်ကို ချစ်သော​ကြောင့်​ဖြစ်သည်။

၂။ “ဆုံးမခြင်း” ကို​မည်သို့​ဖွင့်ဆို​သနည်း။ လူတစ်ဦး​သည် မည်သို့​ဆုံးမ ခံရ​နိုင်​သနည်း။

“ဆုံးမခြင်း” သည် ရိုက်နှက်​ဆုံးမခြင်း၊ ပဲ့ပြင်​ခြင်း၊ သွန်သင်ခြင်း​နှင့် ပညာ​ပေးခြင်း​တို့ကို ရည်ညွှန်း​သည်။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– “ဆုံးမခြင်း​မည်​သည်​ကား ခံရ​စဉ်​အခါ ဝမ်းမြောက်စရာ​မထင်၊ ဝမ်းနည်းစရာ​ထင်​တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်း​ကို​ခံရ​သော​သူတို့သည် နောက်​မှ ငြိမ်သက်ခြင်း​နှင့်​စပ်ဆိုင်​သော ဖြောင့်မတ်ခြင်း​အကျိုးကို ခံရ​ကြ​၏။” (ဟေဗြဲ ၁၂:၁၁) ဘုရားသခင်​၏​ဆုံးမခြင်း​ကို လက်ခံ​ကျင့်သုံး​ခြင်း​သည် ဖြောင့်မတ်​သော​လမ်းစဉ်​လိုက်​ရန် အထောက်အကူ​ပြု​နိုင်​ပြီး သန့်ရှင်းသော​ဘုရားသခင် ယေဟောဝါ​နှင့် ပို​၍​ရင်းနှီး​စေနိုင်​သည်။ (ဆာလံ ၉၉:၅) ပဲ့ပြင်​ခြင်း​သည် ယုံကြည်သူချင်း​များ​ထံ​မှ၊ ခရစ်ယာန်​အစည်းအဝေး​များ​တွင် သင်ယူ​သိရှိရာ​များ​မှ၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ရာ​မှ​နှင့် ‘တည်ကြည်သော​ကျေးကျွန်’ ထုတ်ဝေ​သော​စာပေ​များ​မှ လာနိုင်​ပါ​သည်။ (လုကာ ၁၂:၄၂-၄၄) ပြုပြင်​ပြောင်းလဲ​ဖို့​လိုအပ်ရာ​ကို သင့်​အား​သတိပြုမိ​စေသည့်​အခါ သင်​အလွန်​ကျေးဇူး​တင်​ပေမည်! သို့သော် ကြီး​လေး​သော​အပြစ်​ကျူးလွန်​မိ​လျှင် အဘယ်​ဆုံးမမှု လိုအပ်​မည်​နည်း။

အချို့​သူတို့ နှင်ထုတ်​ခံရ​သည့်​အကြောင်းရင်း

၃။ အဘယ်​အချိန်တွင် နှင်ထုတ်​သနည်း။

ဘုရားသခင့်​ကျေးကျွန်​များသည် သမ္မာကျမ်းစာ​နှင့် ခရစ်ယာန်​စာပေ​များ​ကို လေ့လာ​ကြသည်။ ယေဟောဝါ​၏​စံနှုန်း​များ​ကို အစည်းအဝေး​များ၊ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​တွင် ဆွေးနွေး​ကြသည်။ ထို့​ကြောင့် ခရစ်ယာန်​များ​ထံ​မှ ယေဟောဝါ​အဘယ်အရာ​တောင်းဆို​သည်ကို သူတို့​သိ​ကြသည်။ အသင်းသား​တစ်ဦး​သည် ကြီး​လေး​သည့်​အပြစ်ကို နောင်တ​မယူ​ဘဲ​ပြုကျင့်​နေ​မှ​သာ နှင်ထုတ်ခြင်း​ခံရ​သည်။

၄၊ ၅။ ဤ​တွင် ကျမ်းစာ​ထဲ​မှ အဘယ်​နှင်ထုတ်ခြင်း ပုံ​နမူနာကို ဖော်ပြ​ထား​သနည်း။ အသင်းတော်သည် ထို​သူကို ပြန်​လက်ခံရန် အဘယ်ကြောင့် တိုက်တွန်း​ခံ​ခဲ့​ရသနည်း။

ကျမ်းစာ​တွင်​ပါ​သော နှင်ထုတ်​သည့် ပုံ​နမူနာ​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ “အဘ​၏​မယား​ကို​သိမ်းယူ​ခြင်း​တည်း​ဟူသော [ပြင်ပ] လူ​တို့​တွင်​ပင် မကြား​ရသော မေထုန်​၌​မှီဝဲ​သော​သူ” ကို ကောရိန္သု​အသင်းတော်သည် သည်းခံ​ခွင့်ပြု​ထားခဲ့​ကြသည်။ ပေါလု​က ကောရိန္သု​အသင်းတော်​၏ “ဝိညာဉ်​သည် . . . ကယ်တင်ခြင်း​သို့​ရောက်မည်​အကြောင်း သူ၏​ကိုယ်ခန္ဓာ​ပျက်စီး​ဖို့​ရာ သူ့ကို​စာတန်​လက်​သို့​အပ်နှံ​ကြ” ရန်​တိုက်တွန်း​ခဲ့​သည်။ (၁ ကောရိန္သု ၅:၁-၅) နှင်ထုတ်​လိုက်​သောအခါ ထို​အပြစ်​ပြုသူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​သည်​ဖြစ်၍ သူသည် စာတန့်​လောက​အဝင်​တစ်ဦး ပြန်​ဖြစ်သွား​သည်။ (၁ ယောဟန် ၅:၁၉) ထို​သူကို​နှင်ထုတ်ခြင်း​သည် အသင်းတော်​အတွင်း ဆိုးညစ်သော​ဇာတိ​သဘော​လွှမ်းမိုးမှုကို ဖယ်ရှားခြင်း​ဖြစ်​ပြီး ဘုရားသခင်​ကို​ကြောက်ရွံ့​သော “စိတ်​ဝိညာဉ်” သို့​မဟုတ် စိတ်​သဘောထားကို ထိန်းသိမ်း​ကာကွယ်​ရာ​ရောက်​သည်။—၂ တိမောသေ ၄:၂၂; ၁ ကောရိန္သု ၅:၁၁-၁၃

ယင်း​နောက် များ​မကြာမီတွင် ပေါလု​က ကောရိန္သု​မြို့ရှိ​ခရစ်ယာန်​များ​အား အမှား​ပြုသူ​ကို ပြန်​လက်ခံရန် တိုက်တွန်း​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ ကောရိန္သု​အသင်းသားများ​ကို ‘စာတန် အနိုင်​မယူ’ စေရန်​ဖြစ်သည်ဟု တမန်​တော်​ပြော​ခဲ့​၏။ အပြစ်ပြု​သူသည် နောင်တ​ရပြီး သူ၏​အသက်တာကို စင်ကြယ်​စွာ​ပြန်လည်​နေထိုင်ခဲ့​ကြောင်း ထင်ရှား​သည်။ (၂ ကောရိန္သု ၂:၈-၁၁) ကောရိန္သု​အသင်းသားများ​သည် နောင်တ​ရသူ​ကို ပြန်​လက်ခံဖို့ ငြင်းဆို​မည်​ဆိုပါ​က အကြင်နာမဲ့​ရာ၊ ခွင့်​မလွှတ်​ရာ​ကျ​မည်​ဖြစ်သည်။ ထိုသို့​ဖြစ်​ရန် စာတန်​အလိုရှိ​ရာ စာတန် သူတို့ကို​အနိုင်ယူ​သွားပေ​မည်။ မကြာမီ​ပင် သူတို့သည် နောင်တ​ရသူ​အား ‘အပြစ်ကို​လွှတ်​၍ နှစ်သိမ့်’ မှု​ပေး​ခဲ့​ကြ​ပုံ​ရသည်။—၂ ကောရိန္သု ၂:၅-၇

၆။ နှင်ထုတ်ခြင်း​က အဘယ်အရာကို ဖြစ်မြောက်​စေနိုင်​သနည်း။

နှင်ထုတ်ခြင်း​က အဘယ်အရာကို ဖြစ်မြောက်​စေ​သနည်း။ ယေဟောဝါ​၏ သန့်ရှင်းသော​နာမတော်​ကို ကဲ့ရဲ့​ရှုတ်ချ​စ​ရာ မဖြစ်စေ​သည့်​အပြင် ကိုယ်တော့်​လူမျိုး၏ နာမည်​ကောင်း​ကို ကာကွယ်​ပေး​သည်။ (၁ ပေတရု ၁:၁၄-၁၆) နောင်တ​မယူ​သော​အပြစ်​ပြုသူ​ကို အသင်းတော်​မှ​ဖယ်ရှားခြင်း​ဖြင့် ဘုရားသခင့်​စံနှုန်း​များ​ကို ထောက်ခံ​ရာ​ကျ​ပြီး အသင်းတော်​၏​ဝိညာဉ်​ရေး​သန့်ရှင်းမှုကို ထိန်းသိမ်းရာ​ရောက်​သည်။ နောင်တ​မယူ​သူကိုလည်း အသိတရား​ဝင်လာ​စေ​ပေမည်။

နောင်တ​ယူခြင်း​သည် ထူးခြား​စေ

၇။ ဒါဝိဒ်​သည် မိမိ၏​အပြစ်ကို​ဝန်ခံ​ရန် ပျက်ကွက်​သည့်​အခါ အဘယ်​အကျိုးဆက်​ခံစား​ခဲ့​ရသနည်း။

ကြီး​လေး​သော​အပြစ်​ပြုသူ အများစု​သည် စစ်မှန်​သည့်​နောင်တ​ရ​ကြ​ပြီး အသင်းတော်​မှ နှင်ထုတ်ခြင်း​ကို မခံရ​ကြ​ပါ။ အချို့​သူတို့​အဖို့​မူ စစ်မှန်​သည့်​နောင်တ​ယူ​ရန် လွယ်ကူ​မည်​မဟုတ်။ ဆာလံ ၃၂ ကို​စပ်ဆို​ခဲ့​သော ဣသရေလ​ဘုရင်​ဒါဝိဒ်​ကို သုံးသပ်ကြည့်​ပါ။ ဗာသရှေဘ​နှင့်​ပတ်သက်​ပုံ​ရသည့် သူ၏​ကြီး​လေး​သော​အပြစ်ကို အချိန်​အတန်ကြာ​သည်​အထိ ဝန်မခံ​ခဲ့​ကြောင်း ထို​သီချင်း​တွင်​ဖော်ပြ​ထား​သည်။ ရလဒ်​မှာ သူ၏​အပြစ်​ကြောင့်​ခံစားရ​သည့် ဝမ်းနည်း​ကြေကွဲမှု​က နွေ​ကာလ​၏​အပူရှိန်​ကြောင့် သွေ့ခြောက်​သော​အပင်​ကဲ့သို့ သူ၏​ခွန်အား​လျော့နည်း​ခဲ့​သည်။ ဒါဝိဒ်​သည် ကာယရေး​ရော စိတ်ဓာတ်​ရေးပါ ဝေဒနာ​ခံစား​ခဲ့​ရသည်။ သို့သော် သူ ‘လွန်ကျူး​သော​အရာ​ကို ဖော်ပြ​တောင်းပန်​သောအခါ ယေဟောဝါ​သည် သူ၏​ပြစ်မှားခြင်း​အပြစ်ကို လွှတ်တော်​မူ​ခဲ့​သည်။’ (ဆာလံ ၃၂:၃-၅) ၎င်းနောက် ဒါဝိဒ်​ဤသို့​သီဆို​ခဲ့​၏– ‘ထာဝရ​ဘုရားသခင် အပြစ်တင်​တော်​မူ​ခြင်း​နှင့် လွတ်​သော​သူသည် မင်္ဂလာ​ရှိ၏။’ (ဆာလံ ၃၂:၁၊ ၂) ဘုရားသခင့်​ကရုဏာတော်​ခံစား​ရခြင်း​သည် အလွန်​ကောင်းမြတ်လှ​သည်!

၈၊ ၉။ နောင်တ​ရ​ကြောင်း မည်သို့​တင်ပြ​သနည်း။ ယင်းသည် နှင်ထုတ်​ခံရ​သူ​တစ်ဦး​ကို ပြန်လည်​လက်ခံခြင်း​ကိစ္စ​တွင် မည်မျှ​အရေးပါ​သနည်း။

သို့​ဖြစ်၍ အပြစ်​ပြုသူ​တစ်ဦး​သည် ကရုဏာ​ခံရ​ရန် နောင်တ​ယူရ​မည်​မှာ ရှင်းနေပါသည်။ သို့သော် မိမိ၏​အပြစ်​ဖော်ထုတ်​ခံရ​မည်​ကို ရှက်​ခြင်း၊ ကြောက်​ခြင်း​မရှိခြင်း​သည် နောင်တ​ရခြင်း​ဖြစ်သည်။ “နောင်တ​ရခြင်း” မည်​သည် အကျင့်ဆိုး​နှင့် အပြစ်​အတွက်​ဝမ်းနည်းမှု​ကြောင့် “စိတ်​ကို​ပြောင်းလဲ​လိုက်ခြင်း” ဖြစ်သည်။ နောင်တ​ယူ​သူ​တစ်ဦး​သည် “ကျိုးပဲ့​ကြေမွ​သော​နှလုံး” ရှိပြီး ဖြစ်​နိုင်​မည်​ဆိုလျှင် ‘အမှား​ကို​ပြုပြင်’ လို​သည်။—ဆာလံ ၅၁:၁၇; ၂ ကောရိန္သု ၇:၁၁က​ဘ။

ခရစ်ယာန်​အသင်းတော်​အတွင်း ပြန်​လက်ခံခြင်း​ကိစ္စ​တွင် နောင်တ​ယူခြင်း​သည် အလွန်​အရေးကြီးသော​အချက်​ဖြစ်သည်။ နှင်ထုတ်​ခံရ​သူ​တစ်ဦး​ကို အချိန်​အကန့်အသတ်​တစ်ခု​ကြာပြီးနောက် အသင်းတော်တွင် အလိုအလျောက် ပြန်​လက်ခံ​မည်​မဟုတ်ပါ။ သူ့ကို​ပြန်​လက်ခံ​နိုင်​ရန် သူ၏​နှလုံး​အခြေအနေ​သည် ပြောင်းလဲမှု​ရှိ​ရမည်။ မိမိ၏​အပြစ်​သည် ကြီး​လေး​ကြောင်း၊ ယေဟောဝါ​နှင့် အသင်းတော်ကို ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်စေ​ခဲ့​ကြောင်း​တို့ကို ထို​သူ​အသိအမှတ်ပြု​ရမည်။ အပြစ်ပြု​သူသည် နောင်တ​ယူရ​မည်၊ ခွင့်လွှတ်​ခံရ​ရန် ထက်သန်​စွာ ဆုတောင်း​ရမည်၊ ဘုရားသခင်​၏ ဖြောင့်မတ်​သော​တောင်းဆိုချက်​များ​ကို လုပ်ဆောင်​ရမည်။ ပြန်​လက်ခံရန်​တောင်းဆို​သည့်​အခါ သူသည် နောင်တ​ရသည့်​အထောက်အထား​များ ပေါ်လွင်​နေ​သင့်​ပြီး “နောင်တ​ရခြင်း​နှင့်​ထိုက်တန်​သော​အကျင့်ကို” တင်ပြ​သင့်​သည်။—တမန်​တော် ၂၆:၂၀

အမှား​ကို အဘယ်ကြောင့်​ဝန်ခံ​ရသနည်း

၁၀၊ ၁၁။ အပြစ်ကို​ဖုံးကွယ်​ရန် အဘယ်ကြောင့် မကြိုးစား​သင့်​သနည်း။

၁၀ အပြစ်​ပြုသူ​အချို့​က ဤသို့​ဆင်ခြင်​ကြ​ပေမည်– ‘တစ်ယောက်ယောက်​ကို ငါ့ရဲ့​အပြစ်​အကြောင်း ပြောပြ​လိုက်ရင် အဖြေ​ရ​ခက်​တဲ့​မေးခွန်းတွေ ဖြေ​နေရ​ဦး​မယ်၊ နှင်ထုတ်​တာ​လည်း​ခံရ​နိုင်တယ်။ ဒီအတိုင်း​ထား​လိုက်မယ်​ဆိုရင် အဲ့​ဒါတွေကို ရှောင်နိုင်မယ်၊ အသင်းတော်က​ဘယ်သူမှ​လည်း သိ​မှာ​မှ​မဟုတ်တာ။’ ထိုသို့​စဉ်းစားခြင်း​ဖြင့် အရေးကြီးသော​အချက်​အချို့​ကို ထည့်တွက်​ရန် ပျက်ကွက်​ကြသည်။ အဘယ်အရာ​များ​နည်း။

၁၁ ယေဟောဝါ​သည် “ချစ်​သနားခြင်း​မေတ္တာက​ရု​ဏာ​နှင့်​ပြည့်စုံ​၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ သစ္စာစောင့်ခြင်း​နှင့် ကြွယ်ဝ​တော်​မူ​ထ​သော၊ အထောင်အသောင်း​များသော​သူတို့အား သနားခြင်း​ကျေးဇူး​တရားကို စောင့်​တော်​မူ​ထ​သော၊ . . . တရားတော်​ကို​လွန်ကျူးခြင်း၊ ပြစ်မှားခြင်း​အပြစ်​တို့ကို ဖြေလွှတ်” တော်​မူ​သော​အရှင်ဖြစ်​သည်။ သို့သော် ကိုယ်တော်​သည် မိမိ၏​လူမျိုး​ကို “အတော်အတန်​ဆုံးမ” ကာ ပဲ့ပြင်​တော်​မူ​သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇; ယေရမိ ၃၀:၁၁) အကယ်၍ သင်သည် ကြီး​လေး​သော​အပြစ်ပြု​မိ​ပြီး သင်၏​အပြစ်ကို ဝှက်ထား​ဖို့​ကြိုးစား​မည်​ဆိုလျှင် ဘုရားသခင်​၏ ကရုဏာတော်​ကို မည်သို့​ရနိုင်​မည်​နည်း။ ယေဟောဝါ​သည် ယင်းကို​သိရှိ​တော်​မူ​ပြီး အမှား​ကို မသိကျိုးကျွန်​ပြု​မည်​မဟုတ်ပါ။—သု. ၁၅:၃; ဟဗက္ကုတ် ၁:၁၃

၁၂၊ ၁၃။ အမှား​ကို​ဖုံးကွယ်​ထား​ဖို့​ကြိုးစား​လျှင် အဘယ်အရာ​ဖြစ်​နိုင်​သနည်း။

၁၂ သင်သည် ကြီး​လေး​သော​အပြစ် ကျူးလွန်​ခဲ့​ပါ​က အပြစ်​ဝန်ခံခြင်း​သည် စင်ကြယ်သော​ကိုယ်ကို​ကိုယ်​သိသောစိတ် ပြန်လည်​ရရှိရန် အထောက်အကူ​ပြု​နိုင်​သည်။ (၁ တိမောသေ ၁:၁၈-၂၀) သို့သော် အပြစ်ဝန်ခံ​ရန် ပျက်ကွက်​ပါ​က ကိုယ်ကို​ကိုယ်​သိသောစိတ် ညစ်ညူး​စေနိုင်​ပြီး အပြစ်​ပို​၍​ကျူးလွန်​မိ​နိုင်​သည်။ သင်၏​အပြစ်​သည် အခြားသူ သို့​မဟုတ် အသင်းတော်ကို ဆန့်ကျင်ခြင်း​မျှ​သာ​မဟုတ်​သည်ကို သတိရပါ။ ဘုရားသခင်​ကို ဆန့်ကျင်ခြင်း​ဖြစ်သည်။ ဆာလံဆရာ​က ဤသို့​သီဆို​ခဲ့​၏– ‘ထာဝရ​ဘုရားသခင်​၏​ပလ္လင်တော်​သည် ကောင်းကင်ပေါ်​မှာ​တည်​၏။ မျက်စိတော်​သည်​ကြည့်ရှု​၍ မျက်​ခ​မ်း​တော်​သည် လူသား​တို့ကို စစ်​တော်​မူ​၏။ ထာဝရ​ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ [နှင့် မတရားသော​သူတို့] ကို​စုံစမ်း​တော်​မူ​၏။’—ဆာလံ ၁၁:၄၊ ၅

၁၃ ကြီး​လေး​သည့်​အပြစ်ကို ဖုံးကွယ်​ထားပြီး စင်ကြယ်သော​ခရစ်ယာန်​အသင်းတော်​အတွင်း​နေ​ရန် ကြိုးစား​သူ​မည်သူ​မဆို​ကို ယေဟောဝါ ကောင်းချီး​ပေး​မည်​မဟုတ်ပါ။ (ယာကုပ် ၄:၆) ထို့​ကြောင့် သင်သည် အပြစ်ပြု​မိ​ပြီး​နောက် မှန်ကန်​ရာ​ကို​လုပ်ဆောင်​လို​ပါ​က နှိမ့်ချစွာ​အပြစ်ဝန်ခံ​ဖို့ မတွန့်​ဆုတ်​ပါ​နှင့်။ သို့​မဟုတ်လျှင် သင်၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် မကြည်မလင်​ဖြစ်​မည်၊ အထူးသဖြင့် သင်​ပြစ်မှား​မိ​သော ကြီး​လေး​သည့်​အပြစ်​မျိုး​နှင့်​ပတ်သက်​သည့် ဆုံးမ​စကား​များ​ကို ဖတ်ရှု၊ ကြားနာ​ရချိန်​တို့​တွင်​ဖြစ်သည်။ ယေဟောဝါ​သည် ဘုရင်​ရှောလု​၏​အဖြစ်​တွင်​ကဲ့သို့ သင့်ထံ​မှ ကိုယ်တော်​၏​ဝိညာဉ်​တော်​ရုပ်သိမ်း​လိုက်​လျှင်​ကော အသို့နည်း။ (၁ ဓမ္မ​ရာဇဝင် ၁၆:၁၄) ဘုရားသခင်​၏​ဝိညာဉ်​တော်​မ​ရှိလျှင် သင်သည် ပို​၍​ကြီး​လေး​သော​အပြစ်ကို​ပင် ကျူးလွန်​မိ​နိုင်​သည်။

တည်ကြည်သော သင့်​ညီအစ်ကို​များ​ကို ယုံကြည်ပါ

၁၄။ အမှား​ပြုသူ​သည် ယာကုပ် ၅:၁၄၊ ၁၅ ပါ​ဆုံးမ​စကား​ကို အဘယ်ကြောင့်​လိုက်နာသင့်​သနည်း။

၁၄ ထို့​ကြောင့် နောင်တ​ရသော​အပြစ်ပြု​မိ​သူသည် အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။ “သင်း​အုပ်​တို့ကို​ခေါ်​၍ သူတို့သည် သခင်​ဘုရား​၏​နာမတော်​ကို​အမှီပြုလျက် လူနာ​ကို​ဆီ​နှင့်​လူး၍ သူ့​အပေါ်မှာ​ဆုတောင်း​ကြ​စေ။ ထို​သို့ပြုလျှင် ယုံကြည်ခြင်း [ဖြင့်​ဆုတောင်းချက်] သည် လူနာ​ကို​ကယ်ဆယ်​၍ သခင်​ဘုရား​သည် သူ့ကို​ထမြောက်​စေတော်မူ​မည်။” (ယာကုပ် ၅:၁၄၊ ၁၅) “နောင်တ​ရခြင်း​နှင့် ထိုက်တန်​သော​အကျင့်ကို ကျင့်” ရာ​တွင် အကြီးအကဲ​များ​ထံ​သို့​ချဉ်းကပ်​ခြင်း​သည် နည်း​တစ်နည်း​ဖြစ်သည်။ (မဿဲ ၃:၈) တည်ကြည်​ပြီး မေတ္တာ​ပြည့်ဝ​သည့် ထို​အမျိုးသားများသည် ‘ယေဟောဝါ​၏​နာမတော်​ကို​အမှီပြုလျက် ဆီ​နှင့်​လူး၍ ဆုတောင်း’ ပေး​ကြ​ပေမည်။ အနာ​သက်သာ​စေသော​ဆီ​ကဲ့သို့ သူတို့​ပေး​သော ကျမ်းစာ​အခြေပြု​ဆုံးမ​စကား​သည် အမှန်​နောင်တ​ရသူ​မည်သူ​မဆို​အတွက် နှစ်သိမ့်မှု​ဖြစ်စေ​မည်။—ယေရမိ ၈:၂၂

၁၅၊ ၁၆။ ယေဇကျေလ ၃၄:၁၅၊ ၁၆ တွင်​မှတ်တမ်း​တင်ထား​သည့် ဘုရားသခင့်​ပုံသက်သေ​ကို ခရစ်ယာန်​အကြီးအကဲ​များ မည်သို့​လိုက်လျှောက်​ကြ​သနည်း။

၁၅ ဘီစီ ၅၃၇ တွင် ဂျူး​လူမျိုး​ကို ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ​လွတ်မြောက်​ပေး​ပြီး ဝိညာဉ်​ရေး​ဣသရေလ​အမျိုး​ကို အေဒီ ၁၉၁၉ တွင် ‘မဟာ​ဗာဗုလုန်’ မှ လွတ်မြောက်​ပေးခြင်း​တို့သည် ကျွန်ုပ်​တို့၏​သိုးထိန်းကြီး ယေဟောဝါ​၏ အလွန်​မေတ္တာ​ပြည့်ဝသော ပုံ​နမူနာ​ပင်​ဖြစ်သည်! (ဗျာ. ၁၇:၃-၅; ဂလာတိ ၆:၁၆) သို့ဖြင့် ဘုရားသခင်​သည် ဤ​ကတိတော်​ကို ပြည့်စုံ​စေ​ခဲ့​သည်– “ငါသည် ငါ့​သိုးများ​ကို​ကျွေးမွေး​မည်။ အိပ်ရာကို​လည်း ငါ​ပေး​မည်။ ပျောက်သော​သိုး​ကို ငါ​ရှာ​မည်။ သူတစ်ပါး​နှင်​သော​သိုး​ကို လိုက်၍​ဆောင်​ခဲ့​မည်။ အရိုးကျိုး​သော​သိုး​ကို အဝတ်​နှင့်​စည်း​မည်။ အားနည်း​သော​သိုး​ကို မစ​မည်။”—ယေဇကျေလ ၃၄:၁၅၊ ၁၆

၁၆ ယေဟောဝါ​သည် မိမိ၏​ပုံဆောင်​သိုးများ​ကို​ကျွေးမွေး​ကာ လုံခြုံ​သော​နေရာတွင်​နား​စေတော်မူ​ပြီး ပျောက်သော​သိုး​တို့ကို ရှာ​တော်​မူ​ခဲ့​သည်။ အလားတူ​ပင် ခရစ်ယာန်​သိုးထိန်း​များသည် ဘုရားသခင်​၏​သိုးများ ဝိညာဉ်​ရေး​အစာ ကောင်းစွာ​စားသုံး​နိုင်​ရန်​နှင့် လုံခြုံမှု​ရှိ​ရန် သေချာ​စေ​ကြသည်။ အကြီးအကဲ​များသည် အသင်းတော်​မှလမ်းလွဲ​နေသော​သိုး​ကို ရှာဖွေ​ကြသည်။ ဘုရားသခင်​သည် “အရိုးကျိုး​သော​သိုး​ကို အဝတ်​နှင့်​စည်း” တော်​မူ​သကဲ့သို့ ကြီးကြပ်မှူး​များသည် တစ်ဦး​တစ်ယောက်​၏​အပြော သို့​မဟုတ် မိမိ​ကိုယ်တိုင်​၏​လုပ်ရပ်များ​ကြောင့် ထိခိုက်​ဒဏ်ရာ​ရ​နေသူတို့​ကို “အဝတ်​နှင့်​စည်း” ပေး​ကြသည်။ ထို့​ပြင် ဘုရားသခင်​သည် ‘အားနည်း၍ ဖျားနာ​နေသော​သိုး​တို့ကို မစ’ တော်​မူ​သကဲ့သို့ အကြီးအကဲ​များသည် ဝိညာဉ်ရေးတွင် ဖျားနာ​နေ​သူ၊ ဖြစ်​နိုင်​သည်​မှာ မိမိ​ကိုယ်တိုင်​၏​အမှား​ကြောင့် ဖျားနာ​နေသူတို့​ကို အကူအညီ​ပေး​ကြသည်။

သိုးထိန်း​များ ကူညီ​ပေး​ကြ​ပုံ

၁၇။ အကြီးအကဲ​များ​၏ ဝိညာဉ်​ရေး​အကူအညီကို​ယူ​ရန် အဘယ်ကြောင့် မတွန့်​ဆုတ်​သင့်​သနည်း။

၁၇ အကြီးအကဲ​များသည် ဤ​ဆုံးမ​စကား​ကို ဝမ်းမြောက်​စွာ လိုက်လျှောက်​ကြသည်– ‘ဆက်၍​ကရုဏာ​ပြ​ပါ . . . ယင်းကို ကြောက်ရွံ့​သော​စိတ်ဖြင့် ဆောင်ရွက်​ပါ။’ (ယုဒ ၂၃က​ဘ) အချို့​ခရစ်ယာန်​များသည် လိင်​အကျင့်​ယိုယွင်းမှု​ထဲ ကျဆင်း​ခြင်း​ဖြင့် ကြီး​လေး​သည့်​အပြစ် ပြု​ခဲ့​ကြသည်။ သို့သော် သူတို့သည် စစ်မှန်​သည့်​နောင်တ​ရမည်​ဆိုလျှင် သူတို့အား ဝိညာဉ်​ရေး​အကူအညီ​ပေး​ရန် စိတ်​ထက်သန်​ကြသော အကြီးအကဲ​များ​၏ ကရုဏာ​မေတ္တာပါ​သော ကူညီ​ပေး​မှု​ကို မျှော်လင့်​နိုင်​ပါ​သည်။ ပေါလု​က မိမိ​ကိုယ်တိုင်​အပါအဝင် ထိုသို့​သော​အမျိုးသားများ​နှင့်​ပတ်သက်​၍ ဤသို့​ဆို​ခဲ့​၏– “ငါ​တို့သည် သင်တို့​ယုံ​၏​ကြည်​ခြင်း​ကို အစိုးရ​သည်မဟုတ်။ သင်တို့၏​ဝမ်းမြောက်ခြင်း​အကြောင်းကို ကူမ​၍​သာ​ပြု​ကြ​၏။” (၂ ကောရိန္သု ၁:၂၄) သို့​ဖြစ်၍ သူတို့၏​ဝိညာဉ်​ရေး​အကူအညီကို​ယူ​ရန် ဘယ်တော့​မျှ မတွန့်​ဆုတ်​ပါ​နှင့်။

၁၈။ အကြီးအကဲ​များသည် အမှား​ပြု​မိ​သူ​ယုံကြည်သူချင်း​တို့ကို မည်သို့​ကိုင်တွယ်​ကြ​သနည်း။

၁၈ သင်သည် ကြီး​လေး​သည့်​အပြစ်ပြု​မိ​ပြီ​ဆိုလျှင် အကြီးအကဲ​များ​ကို အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။ သူတို့သည် ဘုရားသခင့်​သိုးတော်စု​၏ အဓိက​သိုးထိန်း​များ​ဖြစ်သော​ကြောင့်​ဖြစ်သည်။ (၁ ပေတရု ၅:၁-၄) အနာတရ​ဖြစ်နေ​သည့်​အတွက် အော်မြည်​နေသော ယဉ်ပါး​သည့်​သိုး​တစ်ကောင်​ကို မေတ္တာ​ပြည့်ဝသော မည်သည့်​သိုးထိန်း​မျှ အပြစ်ပေး​မည်​မဟုတ်ပါ။ ထို့​ကြောင့် အမှား​ပြု​မိ​သော​ယုံကြည်သူချင်း​များ​ကို အကြီးအကဲ​များ ကိုင်တွယ်​ရာ​တွင် အမှား​ပြု​သည့်​အတွက် မည်သို့​အပြစ်ပေး​ရမည် ဟူ​သည့်​အချက်​အပေါ်​မဟုတ်ဘဲ အပြစ်​အပေါ်​အာရုံစိုက်​ကာ ဖြစ်​နိုင်​မည်​ဆိုလျှင် ဝိညာဉ်​ရေး​ပြန်လည်​ရှင်သန်​လာ​စေရန် ပြု​ကြသည်။ (ယာကုပ် ၅:၁၃-၂၀) အကြီးအကဲ​များသည် ဖြောင့်မတ်​စွာ​စီရင်​ကြ​ပြီး ‘သိုးများ​ကို သနား​ကြင်နာ​စွာ ဆက်ဆံ’ ကြ​ရမည်။ (တမန်​တော် ၂၀:၂၉၊ ၃၀; ဟေရှာယ ၃၂:၁၊ ၂) ခရစ်ယာန်​အားလုံး​ကဲ့သို့​ပင် အကြီးအကဲ​များသည် “တရား​သဖြင့်​ပြုခြင်း၊ ကရုဏာ​ကို​နှစ်သက်ခြင်း၊ သင်၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချသော​စိတ်​နှင့်​ကျင့်​နေ” ကြသည်။ (မိက္ခာ ၆:၈) ထို​အရည်အချင်းများ​သည် “[ယေဟောဝါ​၏] အထံတော်​၌​ကျက်စား​သော သိုးစု” ၏​အသက်တာ၊ မြင့်မြတ်​သော​လုပ်ငန်းတော်​တို့​နှင့်​ပတ်သက်​သည့် ဆုံးဖြတ်ချက်​များ​ချ​ရာ​တွင် အရေးပါ​သည်။—ဆာလံ ၁၀၀:၃

၁၉။ ခရစ်ယာန်​အကြီးအကဲ​များသည် အဘယ်​သဘောထား​ဖြင့် တစ်စုံ​တစ်ဦး​ကို ပြုပြင်​တည့်မတ်​ပေး​ဖို့ ကြိုးစား​ကြ​သနည်း။

၁၉ ခရစ်ယာန်​သိုးထိန်း​များသည် သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခန့်အပ်​ခံရ​သူတို့​ဖြစ်​ပြီး ယင်း​၏​ဦးဆောင်မှု​ကို ရှာကြံ​ကြသည်။ ‘လူသည် သတိလစ်၍ တစ်စုံတစ်ခု​သော အပြစ်ကို​ပြု​မိ​လျှင်’—အမှတ်တမဲ့ မှားယွင်း​မိ​လျှင်—ဝိညာဉ်ရေးတွင် ရင့်ကျက်သော​အမျိုးသားများသည် “သိမ်မွေ့​နူးညံ့​သော​သဘော​နှင့် ထိုသို့​သော​သူကို​မ​စ၍၊ သူ၏​နေရာ၌​တည်မြဲ​တည်စေ​ပြန်​ကြ” ရန်​ကြိုးစား​ကြသည်။ (ဂလာတိ ၆:၁; တမန်​တော် ၂၀:၂၈) ထောက်ထား​စာနာ​တတ်သော ဆရာဝန်​တစ်ဦး​သည် ကြိုး​နေသော​လက်ကို ဂရုတစိုက်​ဖြင့် ပြန်​ဆက်​ပေး​သကဲ့သို့ အကြီးအကဲ​များသည် ထို​သူ၏​စဉ်းစား​တွေးခေါ်ပုံ​ကို ပြုပြင်ပေး​ရန် ကြိုးစား​ရာ​တွင် ပြဿနာ​ကို ဂရုစိုက်​ကြသော်လည်း မလိုအပ်ဘဲ​နာကျင်မှု​မဖြစ်စေ​ရန် နူးညံ့​သိမ်မွေ့​မှု​နှင့်အတူ ဘုရားသခင့်​စံနှုန်း​များ​ကို ပြတ်ပြတ်သားသား ကိုင်စွဲ​ကြသည်။ (ကောလောသဲ ၃:၁၂) အကြီးအကဲ​များသည် ဆုတောင်း​ပြီး ကျမ်းချက်​များ​ကို​အခြေခံ​ကာ ကရုဏာ​ပြ​သင့်​မပြသင့်​ကို ဆုံးဖြတ်​ကြသော​ကြောင့် သူတို့၏​ဆုံးဖြတ်ချက်​သည် ကိစ္စရပ်​အပေါ် ဘုရားသခင့်​ရှုမြင်ပုံကို ထင်ဟပ်​နေပါ​လိမ့်​မည်။—မဿဲ ၁၈:၁၈

၂၀။ တစ်စုံ​တစ်ဦး​ကို ဆုံးမ​ပြီး​ကြောင်း အသင်းတော်ကို​ကြေညာ​ရန် အဘယ်​အချိန်တွင် လိုအပ်​မည်​နည်း။

၂၀ ပြု​မိ​သည့်​အပြစ်ကို လူ​အတော်များများ သိထားကြသည်၊ သို့​မဟုတ် ထိုသို့​သိလာ​နိုင်​သည်​ဆိုပါ​က အသင်းတော်​၏​ဂုဏ်​သိက္ခာ​ကို ကာကွယ်​ရန်​အ​လို့​ငှာ အသင်းတော်တွင် ကြေညာ​ခြင်း​သည် သင့်လျော်​ပေမည်။ အသင်းတော်ကို​အသိပေး​ဖို့​လိုအပ်​မည်​ဆိုလျှင်​လည်း ကြေညာ​ပေမည်။ တရားရေး​ဆုံးမ ခံရ​ချိန်​အတွင်း ဝိညာဉ်ရေးတွင်​ပြန်​ကျန်းမာ​လာ​ခြင်း​ကို လူတစ်ဦး​၏​လုပ်ဆောင်မှု အခိုက်အတန့်​အကန့်အသတ်​ဖြစ်စေ​သည့် ထိခိုက်​ဒဏ်ရာ​ရ​ရာ​မှ ပြန်လည်​ကောင်း​လာ​ခြင်း​နှင့် နှိုင်းယှဉ်​နိုင်​ပေမည်။ နောင်တ​ရသူ​သည် အချိန်​အပိုင်းအခြား​တစ်ခု​အထိ အစည်းအဝေး​များ​တွင် မှတ်ချက်​ပေး​မည့်​အစား နားထောင်ခြင်း​သည် ပို​၍​အကျိုး​ဖြစ်​ပေမည်။ သူသည် ဝိညာဉ်ရေးတွင်​အားနည်းနေ​မည်​ဆိုလျှင် ပြန်လည်​အားရှိ​လာဖို့ တစ်ဦးဦး​နှင့်​ကျမ်းစာ​လေ့လာ​ရန် အကြီးအကဲ​များ စီစဉ်​ပေး​မည်။ ဤသို့ဖြင့် သူသည် ‘ယုံကြည်ခြင်း၌ စိတ်​သန်​သော​သူ’ ပြန်​ဖြစ်လာ​ပေမည်။ (တိတု ၂:၂) ယင်း​တို့အားလုံး​သည် အမှား​ပြုသူ​ကို အပြစ်ပေး​သည့်​ရည်ရွယ်ချက်​ဖြင့်​မဟုတ်ဘဲ မေတ္တာဖြင့်​ပြုလုပ်​ပေးခြင်း​ဖြစ်သည်။

၂၁။ အမှား​ပြုခြင်း​ဆိုင်ရာ အချို့​ကိစ္စရပ်​များ​ကို မည်သို့​ကိုင်တွယ်​ကြ​မည်​နည်း။

၂၁ အကြီးအကဲ​များသည် နည်း​အမျိုးမျိုးဖြင့် ဝိညာဉ်​ရေး​အကူအညီ​ပေး​နိုင်​ကြသည်။ ဥပမာ၊ ညီအစ်ကို​တစ်ဦး​သည် ယခင်​က သောက်ကြူး​သည့်​ပြဿနာ​ရှိခဲ့​ဖူး​ပြီး အိမ်​၌​မိမိ​တစ်ဦးတည်း​ရှိ​စဉ် တစ်ကြိမ်၊ နှစ်ကြိမ် သောက်ကြူး​ခဲ့​သည်​ဆိုပါစို့။ သို့​မဟုတ်၊ ဆေးလိပ်​ဖြတ်​ခဲ့​သည်​မှာ ကြာပြီ​ဖြစ်သော်လည်း အားနည်းချိန်​အတွင်း တစ်ကြိမ်​နှစ်ကြိမ် ပြန်​သောက်​မိ​သည်​ဆိုပါစို့။ သူသည် ဘုရားသခင်​ထံ​ဆုတောင်း​ပြီး ကိုယ်တော်​ခွင့်လွှတ်​တော်​မူ​သည်​ဟု ယုံကြည်​စိတ်ချ​လျှင်​ပင် ထိုသို့​သော​အပြစ် အကျင့်​ဖြစ်​မသွား​စေရန် အကြီးအကဲ​တစ်ဦး​အား အကူအညီ​တောင်းခံ​သင့်​သည်။ အကြီးအကဲ​တစ်ဦး သို့​မဟုတ် နှစ်ဦး​သည် ယင်းကို ကိုင်တွယ်​ပေ​လိမ့်​မည်။ သို့သော် ပါဝင်​ပတ်သက်​ခဲ့​သည့် အခြား​အရာများ​ရှိ​နိုင်သော​ကြောင့် အကြီးအကဲ(များ)သည် ဦးစီး​ကြီးကြပ်မှူး​အား အသိပေး​ပေမည်။

ဘုရားသခင်​ဆုံးမ​တော်​မူ​ခြင်း​ကို ဆက်၍​လက်ခံ​နေပါ

၂၂၊ ၂၃။ ဘုရားသခင်​၏​ဆုံးမ​တော်​မူ​ခြင်း​ကို အဘယ်ကြောင့် ဆက်၍​လက်ခံသင့်​သနည်း။

၂၂ ဘုရားသခင့်​မျက်နှာသာ​ရရှိရန် ခရစ်ယာန်​ယောက်​တိုင်း​သည် ယေဟောဝါ​၏​ဆုံးမခြင်း​ကို ဂရုပြု​ရမည်။ (၁ တိမောသေ ၅:၂၀) သင်သည် ကျမ်းစာ​နှင့် ခရစ်ယာန်​စာပေ​များ​ကို​လေ့လာ​သည့်​အခါ သို့​မဟုတ် ယေဟောဝါ​လူမျိုး၏​အစည်းအဝေး​များ၊ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​တွင်​တင်ဆက်​သော ဆုံးမ​စကား​များ​ကို ကြား​ရသည့်​အခါ မည်သည့်​ပဲ့ပြင်​မှု​ကို​မဆို လက်တွေ့​လိုက်နာ​ကျင့်သုံး​ပါ။ ယေဟောဝါ​အလိုတော်နှင့်​အညီ လုပ်ဆောင်ရန် နိုးနိုးကြားကြား​ရှိပါ။ သို့​ဖြစ်​လျှင် ဘုရားသခင်​ဆုံးမ​တော်​မူ​ခြင်း​သည် အပြစ်​မပြုမိ​စေရန်​ကာကွယ်​ပေး​သည့် ခိုင်ခံ့​သော​အုတ်တံတိုင်း​ကဲ့သို့ ဝိညာဉ်​ရေး​အကာအကွယ်​တစ်ခု​အဖြစ် သင့်​အား အထောက်အကူ​ပြု​ပေမည်။

၂၃ ဘုရားသခင်​ဆုံးမ​တော်​မူ​ခြင်း​ကို လက်ခံခြင်း​သည် သင့်​အား ဘုရားသခင့်​မေတ္တာ​၌ တည်​နေ​စေ​လိမ့်​မည်။ မှန်ပါသည်၊ အချို့​သူတို့သည် ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​သော်လည်း သင်သည် ‘သင်၏​နှလုံးကို စောင့်ရှောက်’ ကာ ‘ပညာရှိ​ကဲ့သို့ ကျင့်ဆောင်’ မည်​ဆိုပါ​က ယင်း​သို့​ဖြစ်စရာ အကြောင်း​မရှိပါ။ (သု. ၄:၂၃; ဧဖက် ၅:၁၅) သို့သော် ယခု သင်သည် နှင်ထုတ်​ခံ​ထား​ရသူ​ဖြစ်ပါ​က ပြန်​လက်ခံ​စေသည့် အဆင့်များ​ကို အဘယ်ကြောင့်​မ​တက်လှမ်း​ဘဲ​နေ​မည်​နည်း။ ဘုရားသခင်​ထံ​အပ်နှံ​ထား​ကြ​သူအား​လုံး​သည် ကိုယ်တော်​အား “ရွှင်လန်းသော​စိတ်” နှင့်​တည်ကြည်​စွာ​ဝတ်ပြု​ကိုးကွယ်​ရန် ကိုယ်တော်​အလိုရှိ​တော်​မူ​သည်။ (တရားဟောရာ ၂၈:၄၇) သင်သည် ယေဟောဝါ​၏​ဆုံးမ​တော်​မူ​ခြင်း​ကို အမြဲ​လက်ခံ​မည်​ဆိုပါ​က ထိုသို့​ထာဝစဉ်​ဝတ်ပြု​ကိုးကွယ်​နိုင်​မည်။—ဆာလံ ၁၀၀:၂

သင်​မည်သို့​ဖြေဆို​မည်​နည်း

• အချို့​သူတို့သည် ခရစ်ယာန်​အသင်းတော်​မှ အဘယ်ကြောင့်​နှင်ထုတ်​ခံရ​သနည်း။

• စစ်မှန်သော​နောင်တ​တွင် အဘယ်အရာ​ပါဝင်​သနည်း။

• ကြီး​လေး​သော​အပြစ်ကို အဘယ်ကြောင့်​ဝန်ခံ​သင့်​သနည်း။

• ခရစ်ယာန်​အကြီးအကဲ​များသည် နောင်တ​ရသော​အမှား​ပြုသူ​ကို အဘယ်​နည်းများဖြင့် အကူအညီ​ပေး​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

တမန်​တော်​ပေါလု​သည် နှင်ထုတ်ခြင်း​နှင့်​ပတ်သက်​သည့် ညွှန်ကြားချက်​များ​ကို ကောရိန္သု​အသင်းတော်​ထံ အဘယ်ကြောင့် ပေး​ပို့​ခဲ့​သနည်း

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ရှေးခေတ်​သိုးထိန်း​များ​ကဲ့သို့​ပင် ခရစ်ယာန်​အကြီးအကဲ​များသည် ဒဏ်ရာ​ရ​နေသော ဘုရားသခင်​၏​သိုး​တို့ကို “အဝတ်​နှင့်​စည်း” ပေး​ကြ