မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက်သော့ချက်များ

ကတောက်ကဆများကို ဖြေရှင်းခြင်း

ကတောက်ကဆများကို ဖြေရှင်းခြင်း

ခင်ပွန်းသည်အပြော– “ကျွန်တော်တို့ လက်ထပ်ပြီးတဲ့နောက် စာရာ * နဲ့ ကျွန်တော်ဟာ ကျွန်တော့်မိဘအိမ်မှာပဲ မိသားစုနဲ့အတူ နေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ ကျွန်တော့်ညီရဲ့ ရည်းစားက ကျွန်တော်တို့ကားနဲ့ သူ့ကို အိမ်ပြန်ပို့ပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်လည်း အကူအညီပေးဖြစ်ချင်တာနဲ့ လိုက်ပို့ဖို့ သဘောတူပြီး သားလေးကိုပါ ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တော့ စာရာ တော်တော့်ကို ဒေါသထွက်နေတယ်။ ကျွန်တော်တို့ စ,စကားများကြပြီး မိသားစုရှေ့မှာပဲ ကျွန်တော့်ကို မိန်းမပွေသူလို့ ခေါ်ခဲ့တယ်။ ကျွန်တော်လည်း ဒေါသမထိန်းနိုင်တော့ဘဲ သူ့ကို ပိုစိတ်ဆိုးစေတဲ့စကားတွေ ပြောတော့တာပဲ။”

ဇနီးသည်အပြော– “ကျွန်မတို့သားလေးမှာ စိုးရိမ်စရာ ကျန်းမာရေးပြဿနာ ရှိတယ်၊ ဒီအချိန်မှာ ကျွန်မတို့ဟာ ငွေရေးကြေးရေးလည်း အတော်ခက်နေတယ်။ ဒါကြောင့် ဖာနန်ဒိုဟာ သူ့ ညီရည်းစားနဲ့ သားကိုခေါ်ပြီး ကားနဲ့ထွက်သွားချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မစိတ်ထိခိုက်ခဲ့တယ်။ သူအိမ်ပြန်ရောက်တော့ ကျွန်မရဲ့ခံစားချက်ကို ပြောပြခဲ့တယ်။ ကျွန်မတို့အကြီးအကျယ် စကားများပြီး တစ်ယောက်ကိုတစ်ယောက် ရင့်ရင့်သီးသီး ခေါ်ခဲ့ကြတယ်။ စကားများပြီးနောက် ကျွန်မအတော့်ကို ထိတ်လန့်သွားခဲ့တယ်။”

မောင်နှံစုံတို့ စကားများကြပါက ယင်းသည် သူတို့အချင်းချင်း မချစ်ကြတော့ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ အထက်တွင် တင်ပြခဲ့သော ဖာနန်ဒိုနှင့် စာရာတို့သည် အလွန်ချစ်ကြသည်။ သို့တိုင် အကောင်းဆုံး အိမ်ထောင်များ၌ပင် ရံဖန်ရံခါ ကတောက်ကဆအချို့ ဖြစ်ပေါ်လာပေမည်။

အဘယ်ကြောင့် ကတောက်ကဆများ ဖြစ်ပွားရသနည်း၊ သင့်အိမ်ထောင်ရေး မပြိုကွဲရလေအောင် သင်မည်သည့်အရာ ပြုလုပ်နိုင်သနည်း။ အိမ်ထောင်မင်္ဂလာကို ဘုရားသခင် စတင်ခဲ့သောကြောင့် ယင်းအကြောင်းနှင့် ပတ်သက်၍ သုံးသပ်ထားသည့် ကိုယ်တော့် နှုတ်မြွက်တော် သမ္မာကျမ်းစာကို ဆန်းစစ်ခြင်းက ကျိုးကြောင်းညီညွတ်ပေသည်။—ကမ္ဘာဦး ၂:၂၁၊ ၂၂; ၂ တိမောသေ ၃:၁၆၊ ၁၇

စိန်ခေါ်ချက်များကို သဘောပေါက်ခြင်း

ဇနီးမောင်နှံ အများစုတို့သည် အချင်းချင်းတစ်ဦးကိုတစ်ဦး မေတ္တာကြင်နာမှုတို့ဖြင့် ပြုမူဆက်ဆံလိုကြသည်။ သို့သော် သမ္မာကျမ်းစာက “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” ဟုမှန်ကန်စွာ ဖော်ပြထားသည်။ (ရောမ ၃:၂၃) ထို့ကြောင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ချိန်တွင် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ပေမည်။ အချေအတင် စတင်လာပါက အော်ဟစ်ခြင်းနှင့် ကြမ်းတမ်းရိုင်းစိုင်းသော စကားလုံးများသုံးခြင်းကဲ့သို့သော အကျင့်ဆိုးများကို တွန်းလှန်ရန် အချို့သူတို့ အမှန်ပင် အခက်တွေ့ပေမည်။ (ရောမ ၇:၂၁; ဧဖက် ၄:၃၁) အဘယ်အခြားအချက်များက တင်းမာမှုကို ဖြစ်စေနိုင်သနည်း။

ခင်ပွန်းသည်နှင့် ဇနီးသည်တို့သည် စကားပြောဆိုဆက်သွယ်ပုံ ကွာခြားလေ့ရှိတတ်သည်။ “ကျွန်မတို့ လက်ထပ်စက ကိစ္စရပ်တွေ ဆွေးနွေးတာနဲ့ပတ်သက်ပြီး ကျွန်မတို့ သဘောထား အရမ်းကွာခြားတာကို တွေ့ခဲ့ရတယ်။ ကျွန်မက ဘာဖြစ်တာလဲဆိုတာလောက်ပဲ မဟုတ်ဘဲ ဘာကြောင့်နဲ့ ဘယ်လိုဖြစ်သလဲဆိုတာကိုလည်း ပြောချင်တယ်။ ကျွန်မခင်ပွန်းကျတော့ အဆုံးရလဒ်လောက်သာ စိတ်ဝင်စားပုံရတယ်” ဟု မီချီကိုက ပြောသည်။

မီချီကို၏ပြဿနာသည် အဆန်းမဟုတ်ပါ။ အိမ်ထောင်များစွာတွင် တစ်ဦးက သဘောထားကွဲလွဲမှုတစ်ရပ်ကို အသေးစိတ်ဆွေးနွေးလိုပြီး အခြားတစ်ဦးမှာ အငြင်းအခုံ မလုပ်လိုဘဲ ယင်းအကြောင်းကို ရှောင်လိုသည်။ တစ်ခါတစ်ရံ အိမ်ထောင်ဖက်တစ်ဦးက ကိစ္စရပ်ကို ဆွေးနွေးရန် ပိုအားသန်လေလေ အခြားတစ်ဦးမှာမူ ယင်းအကြောင်းကို ရှောင်ရန် ပိုကြိုးစားလေလေဖြစ်သည်။ သင့်အိမ်ထောင်တွင် ဤပုံစံဖြစ်ပေါ်နေကြောင်း သတိပြုမိပါသလော။ တစ်ဦးက အသေးစိတ်ဆွေးနွေးရန် အစဉ်လိုလားသူဖြစ်ပြီး အခြားတစ်ဦးမှာမူ ယင်းသို့ အသေးစိတ်ဆွေးနွေးခြင်းကို ရှောင်လိုသူဖြစ်နေသလော။

သုံးသပ်ရန် နောက်အချက်မှာ အိမ်ထောင်သည် ဇနီးမောင်နှံတို့သည် အိမ်ထောင်ဖက်အပေါ် မည်သို့ ပြောဆိုဆက်သွယ်သင့်ပုံနှင့်ပတ်သက်သော သူ၏ရှုမြင်ချက်ကို သူတို့၏မိသားစုနောက်ခံက လွှမ်းမိုးပေမည်။ အိမ်ထောင်သက်ငါးနှစ် ရှိပြီဖြစ်သော ဂျတ်စတင်က ဤသို့ပြောသည်– “ကျွန်တော်က သိုသိုသိပ်သိပ်နေတတ်တဲ့ မိသားစုကလာတဲ့အတွက် ကျွန်တော့် ခံစားချက်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ခက်တယ်။ ဒါက ကျွန်တော့်ဇနီးကို မချင့်မရဲဖြစ်စေတယ်။ သူ့မိသားစုကျတော့ အရမ်းပွင့်လင်းကြတဲ့အတွက် သူဘယ်လို ခံစားနေရသလဲဆိုတာကို ကျွန်တော့်ကိုပြောပြဖို့ သူ့မှာ ဘာပြဿနာမှမရှိဘူး။”

ပြဿနာများလျော့နည်းရန် အဘယ်ကြောင့် ကြိုးပမ်းရမည်နည်း

လေ့လာသူများ တွေ့ရှိချက်အရ အိမ်ထောင်တစ်ခု မည်မျှပျော်ရွှင်မည်ကို ဖော်ညွှန်းသည့် စိတ်အချရဆုံးအရာမှာ မောင်နှံစုံတို့သည် တစ်ဦးကိုတစ်ဦး ချစ်ကြောင်း အကြိမ်မည်မျှပြောခြင်း မဟုတ်ပေ။ လိင်ဆက်ဆံခြင်းနှင့် ငွေကြေးဖူလုံခြင်းသည်လည်း အဓိကအကြောင်းရင်းများ မဟုတ်ပါ။ ယင်းအစား အောင်မြင်သော အိမ်ထောင်ရေး၏ အားအထားရဆုံးအရာမှာ ဖြစ်ပေါ်လာသော မည်သည့် ကတောက်ကဆကိုမဆို ခင်ပွန်းနှင့် ဇနီးသည်တို့ မည်သို့ ကောင်းစွာကိုင်တွယ်ဖြေရှင်းကြသည် ဟူသော အချက်ဖြစ်သည်။

ထို့ပြင် မောင်နှံတစ်စုံ လက်ထပ်သည့်အခါ သူတို့ကိုဖက်စပ်၍ ထမ်းပိုးတင်သူမှာ လူမဟုတ်ဘဲ ဘုရားသခင်ဖြစ်သည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၉:၄-၆) ထို့ကြောင့် သာယာသောအိမ်ထောင်သည် ဘုရားသခင်ကို ဂုဏ်တင်သည်။ သို့သော် ခင်ပွန်းသည်,သည် မိမိဇနီးအား မေတ္တာနှင့် စာနာမှုပြရန် ပျက်ကွက်ပါက ယေဟောဝါဘုရားသခင်သည် သူ၏ဆုတောင်းချက်များကို လျစ်လျူရှုပေမည်။ (၁ ပေတရု ၃:၇) ဇနီးသည်,သည် မိမိခင်ပွန်းကို မရိုသေပါက ခင်ပွန်းသည်ကို အိမ်ထောင်ဦးခေါင်းအဖြစ် ခန့်အပ်သော ယေဟောဝါကို အမှန်ပင် မရိုသေရာရောက်သည်။—၁ ကောရိန္သု ၁၁:၃

အောင်မြင်ရန်သော့ချက်များ—ထိခိုက်နစ်နာအောင် ပြောဆိုသည့်အကျင့်ကို ရှောင်ပါ

သင့်ပြောဆိုဆက်သွယ်နည်း သို့မဟုတ် မိသားစုနောက်ခံ မည်သို့ပင်ရှိပါစေ သင်သည် သမ္မာကျမ်းစာမူများကို ကျင့်သုံးပြီး ကတောက်ကဆများကို ထိထိရောက်ရောက် ဖြေရှင်းဖို့ဆိုလျှင် ထိခိုက်နစ်နာအောင် ပြောဆိုသည့်အကျင့်အချို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ မိမိကိုယ်ကို အောက်ပါမေးခွန်းများ မေးကြည့်ပါ–

‘လက်တုံ့မပြန်မိအောင် ငါ ထိန်းချုပ်သလား။’

“နှာခေါင်းကို ဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏” ဟု ပညာရှိနယပုံပြင်တစ်ခုက ဆို၏။ (သု. ၃၀:၃၃) ယင်းက ဘာကိုဆိုလိုသနည်း။ ဤဥပမာကို သုံးသပ်ကြည့်ပါ။ အစပြုစဉ်က မိသားစုဝင်ငွေ မည်သို့ သုံးစွဲရမည်နှင့်ပတ်သက်၍ သဘောထားများ ကိုယ်စီပြောကြရာမှ (“မင်းဟာ အသုံးမကျဘူး” ဟူ၍) တစ်ဦးကိုတစ်ဦး အပြန်အလှန် အပြစ်တင်သည့်အဖြစ်သို့ လျင်မြန်စွာ ဦးတည်သွားစေနိုင်သည်။ သင့်အိမ်ထောင်ဖက်က သင့်စရိုက်နှင့်ပတ်သက်၍ ပြစ်တင်ပြောဆိုသည့်သဘောဖြင့် ‘သင့်နှာခေါင်းကို ဆွဲလိမ်’ ပါက သင်လည်း ပြန်ပြီး ‘ဆွဲလိမ်’ လိုစိတ် ရှိပေမည်။ သို့သော် လက်တုံ့ပြန်မှုသည် ဒေါသကိုသာ ဖြစ်စေပြီး သဘောထားကွဲလွဲမှုကို ပြင်းထန်စေသည်။

ကျမ်းရေးသူယာကုပ်က ဤသို့ သတိပေးခဲ့သည်– “အဘယ်မျှလောက်များစွာသော ထင်းကို အနည်းငယ်သော မီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။ လျှာသည် မီးဖြစ်၏။” (ယာကုပ် ၃:၅၊ ၆) အိမ်ထောင်ဖက်တို့သည် မိမိတို့လျှာကို ထိန်းရန် ပျက်ကွက်သည့်အခါ သေးငယ်သော သဘောထားကွဲပြားမှုတို့သည် ဒေါသထိန်းမရသည့် ကတောက်ကဆအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိသွားနိုင်သည်။ စိတ်ထိခိုက်ဖွယ် ကောင်းသော အငြင်းအခုံများစွာရှိသည့် အိမ်ထောင်များသည် မေတ္တာသီးပွင့်နိုင်သည့်ဝန်းကျင် မဖြစ်စေပါ။

တုံ့ပြန်မည့်အစား ကဲ့ရဲ့ခြင်းကို ခံရသောအခါ “ပြန်၍မကဲ့ရဲ့” သော ယေရှုကို သင် တုပနိုင်မည်လော။ (၁ ပေတရု ၂:၂၃) ဒေါသထွက် ငြင်းခုံမှုကို အမြန်ဆုံး ငြိမ်းအေးစေနိုင်သော နည်းမှာ သင့်အိမ်ထောင်ဖက်၏ အမြင်ကို အသိအမှတ်ပြုပြီး မိမိဘက်မှ ကတောက်ကဆ ဖြစ်စေသည့်အတွက် တောင်းပန်ရန် ဖြစ်သည်။

ဤအရာ ကြိုးစားကြည့်ပါ– နောက်တစ်ကြိမ် အငြင်းပွားမှု ဖြစ်ပေါ်လာပါက မိမိကိုယ်ကို ဤသို့မေးပါ– ‘ငါ့အိမ်ထောင်ဖက်ရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုလိုက်ရင် ငါ့အတွက် ဘာထိခိုက်နစ်နာစရာ ရှိလို့လဲ။ ဒီပြဿနာဖြစ်အောင် ငါဘာလုပ်ခဲ့သလဲ။ ငါ့ရဲ့အမှားကို တောင်းပန်ဖို့ ငါ့ကို ဘာက တားဆီးသလဲ။’

‘ငါ့အိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို ငါ ပေါ့ပေါ့ဆဆ သဘောထားသလား သို့မဟုတ် သေးသိမ်အောင် ငါလုပ်မိသလား။’

‘သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း၊ စိတ်ကြင်နာခြင်း ရှိကြလော့’ ဟုဘုရားသခင့်နှုတ်မြွက်တော်က ပညတ်ထားသည်။ (၁ ပေတရု ၃:၈) ယင်းအကြံပေးချက်ကို ကျင့်သုံးရန် ပျက်ကွက်သည့် အကြောင်းရင်း နှစ်ရပ်ကို သုံးသပ်ကြည့်ပါ။ တစ်ချက်မှာ သင့်ကြင်ဖော်၏ခံစားချက် သို့မဟုတ် အတွင်းစိတ်သဘောထားကို ထိုးထွင်းမသိမြင်၍ ဖြစ်ပေမည်။ ဥပမာ၊ သင့်ကြင်ဖော်က အချို့ကိစ္စကို သင့်ထက်ပို၍ စိုးရိမ်နေပါက “မင်းက ပိုလွန်းတာပါ” ဟု သင်ပြောတတ်ပေမည်။ သင့်ရည်ရွယ်ချက်က သင့်ကြင်ဖော်အား ပြဿနာကို နည်းလမ်းကျကျ မြင်ရန် ကူညီလို၍ ဖြစ်ပေမည်။ သို့သော် ယင်းသို့ပြောလိုက်ခြင်းက အများအားဖြင့် နှစ်သိမ့်မှု မဖြစ်စေပါ။ ဇနီးနှင့် ခင်ပွန်းနှစ်ဦးစလုံးက မိမိတို့ ချစ်မြတ်နိုးရသူတို့သည် မိမိတို့ကို နားလည်စာနာတတ်သူများဖြစ်ကြောင်း သိရန်လိုအပ်သည်။

အလွန်မာနကြီးခြင်းက မိမိကြင်ဖော်၏ခံစားချက်ကို သေးသိမ်အောင် လုပ်သူတစ်ဦး ဖြစ်စေနိုင်သေးသည်။ မာနကြီးသူတစ်ဦးသည် အခြားသူကို အမြဲတစေ အထင်သေးခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ရန် ကြိုးစားသည်။ သူသည် ချိုးချိုးဖဲ့ဖဲ့ ရှုတ်ချပြောဆိုခြင်း သို့မဟုတ် အပျက်သဘော နှိုင်းယှဉ်ခြင်းတို့ကို ပြုလုပ်ပေမည်။ ယေရှုအချိန်က ဖာရိရှဲနှင့် ကျမ်းတတ်တို့၏ နမူနာကို သုံးသပ်ကြည့်ပါ။ အုပ်စုအနေနှင့် မာနကြီးသော ဖာရိရှဲနှင့် ကျမ်းတတ်တို့သည် သူတို့၏သဘောထားနှင့် ကွဲပြားကြောင်း ထုတ်ဖော်ပြောသူ မည်သူကိုမဆို—ဖာရိရှဲအချင်းချင်းကိုပင်—စော်ကားရှုတ်ချသော အသုံးအနှုန်းများ သုံး၍ ဝေဖန်ခဲ့ကြသည်။ (ယောဟန် ၇:၄၅-၅၂) ယေရှုသည် ထိုသူတို့နှင့် မတူပါ။ လူတို့သည် ကိုယ်တော်အား သူတို့၏သဘောထားကို ဖော်ပြသည့်အခါ ကိုယ်တော် သူတို့အပေါ် စာနာမှုရှိခဲ့သည်။—မဿဲ ၂၀:၂၉-၃၄; မာကု ၅:၂၅-၃၄

သင့်ကြင်ဖော်သည် သူ၏သဘောထားကို ဖွင့်ပြောသည့်အခါ သင်မည်သို့ တုံ့ပြန်ကြောင်း စဉ်းစားကြည့်ပါ။ သင်၏စကားလုံး၊ အသံနှင့် မျက်နှာအနေအထားတို့ဖြင့် စာနာမှုပြပါသလော။ သို့မဟုတ် သင့်ကြင်ဖော်၏ ခံစားချက်ကို သင် အလျင်အမြန် ဖယ်ထုတ်တတ်သလော။

ဤအရာကြိုးစားကြည့်ပါ– လာမည့်အပတ်များတွင် သင့်ကြင်ဖော်အား သင်မည်သို့ စကားပြောဆိုသည်ကို သတိပြုမှတ်သားကြည့်ပါ။ သင်သည် စိတ်ဝင်စားမှု မပြဘဲနေမည် သို့မဟုတ် သိက္ခာကျစေသောစကား တစ်စုံတစ်ရာပြောမိလျှင် ချက်ချင်းတောင်းပန်ပါ။

‘ငါ့ကြင်ဖော်ရဲ့ စိတ်သဘောထားဟာ တစ်ကိုယ်ကောင်းဆန်တယ်လို့ ငါယူမှတ်လေ့ရှိသလား။’

 

‘ယောဘသည် အကျိုးမရဘဲ ဘုရားသခင်ဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။’ (ယောဘ ၁:၉၊ ၁၀) ယင်းစကားလုံးများဖြင့် စာတန်သည် တည်ကြည်သူယောဘ၏ စိတ်ရင်းကို သံသယရှိခဲ့၏။ အိမ်ထောင်သည်တို့သည် ဂရုမစိုက်ပါက အလားတူပုံစံ ပြုမိပေမည်။ ဥပမာ၊ သင့်ကြင်ဖော်သည် သင့်အတွက် ကောင်းသည့်အရာတစ်ခုခု ပြုလုပ်ပေးသည် ဆိုပါစို့၊ သူသည် တစ်စုံတစ်ရာ လိုချင်နေ၍ သို့မဟုတ် တစ်ခုခုကို ဖုံးကွယ်ထားလို၍ ဖြစ်မည်ဟု သင် စဉ်းစားနေသလော။ သင့်ကြင်ဖော် အမှားတစ်ခုပြုမိလျှင် သူသည် တစ်ကိုယ်ကောင်းဆန်သူ၊ ဂရုမစိုက်တတ်သူဖြစ်ကြောင်း ယင်းအမှားကို အထောက်အထားအဖြစ် သင်ရှုမြင်ပါသလော။ အတိတ်က အလားတူ အမှားများကို သင်ချက်ချင်း ပြန်အမှတ်ရပြီး ယခုအမှားကိုလည်း မေ့မရအောင် ဖြစ်စေသလော။

ဤအရာကို ကြိုးစားကြည့်ပါ– သင့်ကြင်ဖော် သင့်အတွက်လုပ်ဆောင်ပေးသည့် ချီးကျူးထိုက်သောအရာများနှင့် ယင်းအပြုအမူများ ဖြစ်ပေါ်စေနိုင်သည့် ကောင်းသော ရည်ရွယ်ချက်များကို မှတ်ထားပါ။

တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်–“မေတ္တာသည် . . . အပြစ်ရှိသည်ဟု မထင်တတ် [“ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်၊” ကဘ]။” (၁ ကောရိန္သု ၁၃:၄၊ ၅) စစ်မှန်သောမေတ္တာက ကျွန်ုပ်တို့သည် မစုံလင်၊ အမှားပြုတတ်ကြောင်း အသိအမှတ်ပြုသည်။ သို့သော် ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်ပါ။ ပေါလုက မေတ္တာသည် “ခပ်သိမ်းသောအရာကို ယုံတတ်၏” ဟုလည်း ဆိုခဲ့သည်။ (၁ ကောရိန္သု ၁၃:၇) ယင်းမေတ္တာမျိုးသည် ယုံလွယ်ခြင်းမဟုတ်ပါ၊ သို့သော် ယင်းသည် ယုံရန်အသင့်ရှိသည်။ ယင်းသည် အဆိုးမြင်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာအားပေးသော မေတ္တာမျိုးသည် ခွင့်လွှတ်ရန်အသင့် ရှိပြီး အခြားသူ၏ စိတ်လှုံ့ဆော်မှုမှာ အဆိုးမဟုတ်ဘဲ အကောင်းဖြစ်သည်ဟု လိုလိုလားလား ယူဆတတ်သည်။ (ဆာလံ ၈၆:၅; ဧဖက် ၄:၃၂) ဤမေတ္တာမျိုးကို အိမ်ထောင်ဖက်တို့ အချင်းချင်း ကျင့်သုံးကြသည့်အခါ ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝကို ခံစားရပေလိမ့်မည်။

မိမိကိုယ်ကိုမေးပါ . . .

  • ဆောင်းပါးအစတွင် တင်ပြခဲ့သော မောင်နှံစုံသည် မည်သည့်အမှားများ ပြုလုပ်ခဲ့သနည်း။

  • ကျွန်ုပ်အိမ်ထောင်တွင် အလားတူအမှားများ ပြုခြင်းကို မည်သို့ ရှောင်နိုင်သနည်း။

  • ဆောင်းပါးတွင် ဖော်ပြသည့် အချက်များတွင် မည်သည့် အချက်ကို ကျွန်ုပ် အများဆုံးလုပ်ဆောင်ရန် လိုသနည်း။

^ အပိုဒ်၊ 3 နာမည်များ ပြောင်းထားသည်။