မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းသောစွမ်းအားတော်—သင့်အသက်တာတွင် လိုအပ်သော စွမ်းအားတစ်ခု

သန့်ရှင်းသောစွမ်းအားတော်—သင့်အသက်တာတွင် လိုအပ်သော စွမ်းအားတစ်ခု

သန့်ရှင်းသောစွမ်းအားတော်—သင့်အသက်တာတွင် လိုအပ်သော စွမ်းအားတစ်ခု

“အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော် [“စွမ်းအားတော်၊” ကဘ] ကို ရုပ်သိမ်းတော်မမူပါနှင့်။” (ဆာလံ ၅၁:၁၁) ယင်းသည် အလွန်ဝမ်းနည်းစရာကောင်းသော အမှားတစ်ခုကိုကျူးလွန်ပြီးနောက် စိတ်အားထက်သန်စွာ တောင်းလျှောက်ခဲ့သည့် ဘုရင်ဒါဝိဒ်၏ဆုတောင်းချက်ဖြစ်သည်။

ဒါဝိဒ်၏အသက်တာတွင် သန့်ရှင်းသောစွမ်းအားတော်၏တန်ခိုးကို မကြာခဏ ခံစားခဲ့ရသည်။ သူ ဆယ်ကျော်သက်အရွယ်သာရှိသေးစဉ် သန့်ရှင်းသောစွမ်းအားတော်သည် ကြောက်မက်ဖွယ်ကောင်းသော စစ်သည်ဂေါလျတ်ကို အနိုင်ရရှိစေခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၄၅-၅၀) ထို့ပြင် ရေးစပ်ခဲ့ဖူးသမျှတွင် အလှဆုံး ဆာလံသီချင်းတချို့ကို ရေးစပ်နိုင်စေခဲ့သည်။ ‘ယေဟောဝါဘုရားသခင်၏ စွမ်းအားတော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ စကားတော်သည် ငါ့လျှာ၌တည်၏’ ဟုဒါဝိဒ်ရှင်းပြခဲ့သည်။—၂ ဓမ္မရာဇဝင် ၂၃:၂

ဒါဝိဒ်၏အသက်တာတွင် သန့်ရှင်းသောစွမ်းအားတော် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ယေရှုခရစ်ကိုယ်တိုင် ထောက်ခံခဲ့သည်။ ယေရှုသည် နားထောင်နေသူများကို တစ်ချိန်တွင် ဤသို့မိန့်ဆိုသည်– ‘ယေဟောဝါဘုရားသခင်က “သင်၏ရန်သူတို့ကို သင်၏ခြေအောက်တွင် ငါမချမထားမီတိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့” ဟု ငါ၏သခင်အား မိန့်တော်မူကြောင်း သန့်ရှင်းသောစွမ်းအားတော်ရသဖြင့် ဒါဝိဒ်မြွက်ဆို၏။’ (မာကု ၁၂:၃၆; ဆာလံ ၁၁၀:၁) ဆာလံသီချင်းများကို ဒါဝိဒ်ရေးစပ်ခဲ့ချိန်တွင် သန့်ရှင်းသောစွမ်းအားတော်၏လမ်းညွှန်မှု ရရှိခဲ့ကြောင်း ယေရှုသိထားသည်။ ထိုသန့်ရှင်းသောစွမ်းအားတော်၏ အကူအညီကို ကျွန်ုပ်တို့လည်း ရရှိနိုင်ပါသလော။

“တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်”

သင်သည် ဆာလံသီချင်းတစ်ပုဒ် ရေးစပ်မည်တော့မဟုတ်ပါ။ သို့သော် လူထွားကြီး ဂေါလျတ်ကဲ့သို့ ထိတ်လန့်စရာကောင်းသော အတားအဆီးများကိုမူ သင် ရင်ဆိုင်ရပေမည်။ ဥပမာ၊ ခင်ခင်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ * သူ၏ခင်ပွန်းသည် သူ့ကိုစွန့်ပစ်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် နောက်အိမ်ထောင်ပြုသွားသည်။ ခင်ခင်သည် အကြွေးများစွာဖြင့် ကျန်ရစ်ခဲ့ပြီး သမီးလေးနှစ်ဦးကိုထောက်ပံ့ရန် ငွေကြေးအကူအညီလည်း မရရှိတော့ချေ။ “သစ္စာဖောက်ခံရပြီး အမှိုက်လို စွန့်ပစ်ခံရတယ်လို့ ကျွန်မခံစားရတယ်။ ကျွန်မကို သူထားသွားပေမဲ့ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က ကျွန်မကို ထောက်မပေးတယ်လို့ ခံစားရတယ်” ဟုသူဆိုသည်။

ခင်ခင်သည် သန့်ရှင်းသောစွမ်းအားတော် အလိုအလျောက်ရမည်ဟု မျှော်လင့်ခဲ့ပါသလော။ မမျှော်လင့်ခဲ့ချေ၊ စွမ်းအားတော်ရရန် ဘုရားသခင်ကို နေ့တိုင်း အသနားခံဆုတောင်းခဲ့သည်။ အနာဂတ်ကို သတ္တိရှိရှိရင်ဆိုင်နိုင်ရန်၊ သမီးလေးနှစ်ဦးကို ကောင်းစွာကြည့်ရှုစောင့်ရှောက်ရန်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသောစိတ် ပြန်ရှိလာရန် ဘုရားသခင်ထံမှ ခွန်အားလိုအပ်ကြောင်း သူသိထားသည်။ “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်” ဟူသော ယေရှု၏စကားကို သူနှလုံးသွင်းထားသည်။—မဿဲ ၇:၇

ညီညီလည်း ဘုရားသခင့်စွမ်းအားတော် လိုအပ်ကြောင်း ခံစားခဲ့ရသည်၊ သို့သော် အခြားအကြောင်းရင်းများကြောင့်ဖြစ်သည်။ သူသည် ဆေးရွက်ကြီးနှင့် ဆေးခြောက်ကို မပြတ်သုံးစွဲသူဖြစ်သည်။ နှစ်နှစ်တိုင်တိုင် ဆေးဖြတ်ဖို့ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ “ဆေးဖြတ်တဲ့အခါ အကြီးအကျယ်ခံစားရတယ်။ ခန္ဓာကိုယ်က ဆေးကိုပဲ နေ့တိုင်း တောင့်တနေတယ်” ဟုညီညီ ရှင်းပြသည်။

သူ ဤသို့ဆက်ပြော၏– “ဒါပေမဲ့ ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုနိုင်ဖို့ ကျွန်တော့်အသက်တာကို ပြောင်းလဲရမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကျမ်းစာထဲက အကျိုးပြုတဲ့အတွေးတွေနဲ့ ကျွန်တော့်စိတ်ကို ဖြည့်ထားဖို့ ကြိုးစားတယ်။ သန့်ရှင်းတဲ့အသက်တာနဲ့နေနိုင်အောင် ခွန်အားပေးပါဆိုပြီး ဘုရားသခင်ဆီ နေ့တိုင်း ထက်ထက်သန်သန် ဆုတောင်းတယ်။ ကျွန်တော့်ဘာသာ အောင်မြင်နိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်လေ။ ပြီးတော့ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် ဘယ်လိုဖြေကြားလိုက်တယ်ဆိုတာ သိလာတယ်၊ အထူးသဖြင့် ဆေးပြန်သုံးမိလို့ စိတ်ပျက်သွားတဲ့အခါမျိုးမှာပေါ့။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က ကျွန်တော့်ကို ခွန်အားအသစ်တွေပေးတယ်လို့ ယုံကြည်တယ်၊ ကိုယ်တော်ရဲ့ စွမ်းအားတော်သာမရှိရင် ဆေးစွဲနေတာကို ကျွန်တော် ဘယ်တော့မှ ဖြတ်လို့ရမှာမဟုတ်ဘူး။”—ဖိလိပ္ပိ ၄:၆-၈

‘လင်းယုန်ကဲ့သို့ အတောင်များကို အသစ်ပြုပြင်’

ခင်ခင်နှင့်ညီညီကဲ့သို့ပင် သန်းနှင့်ချီသော ယေဟောဝါသက်သေများသည် မိမိတို့၏အသက်တာတွင် သန့်ရှင်းသောစွမ်းအားတော်၏တန်ခိုးကို ခံစားကြရသည်။ သင်အလိုရှိပါက စကြ၀ဠာကိုဖန်ဆင်းရာတွင် ယေဟောဝါအသုံးပြုခဲ့သော စွမ်းအားတော်ကို ရရှိနိုင်ပါသည်။ မလျှော့သောဇွဲဖြင့် ယင်းကို သင်တောင်းခံပါက ဘုရားသခင်သည် မိမိ၏စွမ်းအားတော်ကို တလိုတလားနှင့် ထက်ထက်သန်သန် ပေးတော်မူမည်။ သို့သော် ယင်းစွမ်းအားတော်ရရှိရန် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် အမှန်တရားကိုလေ့လာပြီး ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် စိတ်ရင်းမှန်နှင့်ကြိုးစားဖို့လိုသည်။—ဟေရှာယ ၅၅:၆; ဟေဗြဲ ၁၁:၆

သင်သည် ဘုရားသခင်၏အမှုတော်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန်နှင့် အသက်တာတွင် ပေါ်ပေါက်လာနိုင်သော မည်သည့်အခက်အခဲများကိုမဆို ရင်ဆိုင်ရန် သန့်ရှင်းသောစွမ်းအားတော်၏ လုပ်ဆောင်နိုင်စွမ်းဖြင့် ခွန်အားရရှိပေမည်။ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ကို ဤသို့အာမခံထား၏– ‘ယေဟောဝါဘုရားသခင်သည် . . . မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ . . . ကိုယ်တော်ကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ လင်းယုန်ကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါမမောရကြ။’—ဟေရှာယ ၄၀:၂၈-၃၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အမည်တချို့ကို ပြောင်းထားပါသည်။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

‘ကျွန်တော့်ကို ခွန်အားပေးပါဆိုပြီး ဘုရားသခင်ဆီ နေ့တိုင်း ထက်ထက်သန်သန် ဆုတောင်းတယ်။ ကျွန်တော့်ဘာသာ အောင်မြင်နိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်လေ။ ပြီးတော့ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် ဘယ်လိုဖြေကြားလိုက်တယ်ဆိုတာ သိလာတယ်’

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သန့်ရှင်းသောစွမ်းအားတော်၏ လုပ်ဆောင်ချက်

ဘုရားသခင်သည် သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြု၍ ကမ္ဘာမြေကြီးနှင့် စကြ၀ဠာကိုဖန်ဆင်းခဲ့သည်။ ‘အိုယေဟောဝါဘုရားသခင်၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏’ ဟုဆာလံဆရာကြွေးကြော်ခဲ့သည်။ ‘စွမ်းအားတော်ကိုလွှတ်၍ သူတို့ကိုဖန်ဆင်းတော်မူ၏။’—ဆာလံ ၁၀၄:၂၄၊ ၃၀; ကမ္ဘာဦး ၁:၂; ယောဘ ၃၃:၄

သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင်အားကြောက်ရွံ့သော အမျိုးသားများကို သမ္မာကျမ်းစာရေးရန် လမ်းညွှန်ပေးခဲ့သည်။ ‘ကျမ်းစာတစ်အုပ်လုံးသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် . . . အကျိုးရှိ၏။’ (၂ တိမောသေ ၃:၁၆) “ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” ဟူသောဂရိစကားလုံးသည် စာသားအရ “ဘုရားသခင်၏ထွက်သက်လေဖြင့် မှုတ်သွင်း” ဟုအဓိပ္ပာယ်ရ၏။ ယေဟောဝါဘုရားသခင်၏ ထွက်သက်လေ သို့မဟုတ် စွမ်းအားတော်သည် ကျမ်းရေးသူများ၏အတွေးကို လမ်းညွှန်ပေးခဲ့ရာ သူတို့သည် ‘ဘုရားသခင်၏စကားတော်’ ကိုရေးသား ဖော်ပြနိုင်ခဲ့သည်။—၁ သက်သာလောနိတ် ၂:၁၃

သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင့်ကျေးကျွန်များကို အနာဂတ်အကြောင်း တိကျမှန်ကန်စွာ ကြိုပြောနိုင်စွမ်းရှိစေခဲ့သည်။ တမန်တော်ပေတရုက ဤသို့ရှင်းပြခဲ့သည်– ‘ကျမ်းစာပရောဖက်ပြုချက်သည် တစ်ဦးတစ်ယောက်၏ဖွင့်ဆိုချက်မှ ဖြစ်ပေါ်လာခြင်းမဟုတ်။ အကြောင်းမူကား ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မည်သည့်အခါမျှ ဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ ပရောဖက်ပြုခြင်းဖြစ်၏။’—၂ ပေတရု ၁:၂၀၊ ၂၁; ယောလ ၂:၂၈

သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းဟောပြောရန်၊ အံ့ဖွယ်အမှုများပြုလုပ်ရန် ယေရှုနှင့် ယုံကြည်သူအမျိုးသားများကို ထောက်ကူပေးခဲ့သည်။ ယေရှု ဤသို့မိန့်ဆိုခဲ့၏– ‘ယေဟောဝါဘုရားသခင်၏ စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကို ဘိသိက်ပေးတော်မူ၏။ ငါ့ကို စေလွှတ်တော်မူရခြင်းမှာ သုံ့ပန်းများ လွတ်မြောက်ခွင့်နှင့် မျက်မမြင်များ ပြန်မြင်ခွင့်အကြောင်းကို ဟောပြောရန် ဖြစ်၏။’ —လုကာ ၄:၁၈; မဿဲ ၁၂:၂၈

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို ထောက်ကူပေးနိုင်သော နည်းလမ်းများ

သန့်ရှင်းသောစွမ်းအားတော်သည် သွေးဆောင်မှုကို တွန်းလှန်ရန်နှင့် အကျိုးယုတ်စေသောအကျင့်များကို အောင်မြင်ရန် သင့်ကို ခွန်အားပေးနိုင်သည်။ တမန်တော်ပေါလု ဤသို့ဆို၏– “ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။”—၁ ကောရိန္သု ၁၀:၁၃

သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင်နှစ်သက်သောအရည်အသွေးများ ပြုစုပျိုးထောင်ရန် သင့်ကို ထောက်ကူပေးနိုင်သည်။ “ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးများမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပေတည်း။ ထိုအရာများကို ဆန့်ကျင်သောပညတ်ဟူ၍ မရှိ။”—ဂလာတိ ၅:၂၂၊ ၂၃

သန့်ရှင်းသောစွမ်းအားတော်သည် ဝမ်းနည်းပူဆွေးမှုကို  ခံရပ်ရန် သင့်ကို ခွန်အားပေးနိုင်သည်။ “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏။” —ဖိလိပ္ပိ ၄:၁၃