မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို ကောင်းကျိုး ဆိုးကျိုးပြုနိုင်သလား

ကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို ကောင်းကျိုး ဆိုးကျိုးပြုနိုင်သလား

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေ တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ကောင်းကင်တမန်တွေက ဘယ်သူတွေလဲ။

ကောင်းကင်တမန်တွေဆိုတာ ကောင်းကင်မှာရှိတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ သူတို့က လူတွေထက် အဆင့်မြင့်ကြတယ်။ စစ်မှန်တဲ့ဘုရားသခင်ကိုလည်း လူတွေ မမြင်နိုင်ကြပါဘူး။ ဘုရားသခင်ဟာ ကမ္ဘာမြေကြီးကို မဖန်ဆင်းခင် အရင်ဆုံး ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တယ်။ (ယောဘ ၃၈:၄၊ ၇; မဿဲ ၁၈:၁၀) ယေဟောဝါဘုရားသခင်ရဲ့ဝန်းကျင်မှာ သစ္စာရှိတဲ့ ကောင်းကင်တမန်တွေ အများကြီး ရှိနေပါတယ်။ဆာလံ ၁၀၃:၂၀၊ ၂၁; ဒံယေလ ၇:၉၊ ၁၀ တို့ကိုဖတ်ပါ။

၂။ ကောင်းကင်တမန်တွေက လူတွေကို ကူညီပေးနိုင်ပါသလား။

ကောင်းကင်တမန်တွေက ဖြောင့်မတ်တဲ့အမျိုးသားတစ်ဦးဖြစ်သူ လောတကို ကူညီပေးခဲ့တယ်။ လူတွေဆိုးသွမ်းတဲ့အတွက် ဘုရားသခင် ဖျက်ဆီးမယ်လို့ ဆုံးဖြတ်ထားတဲ့မြို့မှာ လောတ နေထိုင်နေတယ်။ ဒါနဲ့ ကောင်းကင်တမန်နှစ်ယောက်က လောတနဲ့ သူ့မိသားစုကို အဲဒီမြို့ကနေထွက်ပြေးဖို့ သတိပေးတယ်။ တချို့ကျတော့ အဲဒီသတိပေးချက်ကို ရယ်စရာလို့ယူမှတ်ပြီး လျစ်လျူရှုခဲ့ကြတယ်။ ဒါပေမဲ့ လောတနဲ့ သူ့သမီးတွေဟာ ကောင်းကင်တမန်တွေကနေတစ်ဆင့် ဘုရားသခင်ပြောတဲ့ သတိပေးချက်ကို လိုက်နာခဲ့တဲ့အတွက် ကပ်ကျော်လွတ်မြောက်သွားကြတယ်။ကမ္ဘာဦး ၁၉:၁၊ ၁၃-၁၇၊ ၂၆ ကိုဖတ်ပါ။

သမ္မာကျမ်းစာအရဆိုရင် ကနေ့အချိန်မှာ ကောင်းကင်တမန်တွေဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သစ္စာရှိရှိဟောပြောနေတဲ့သူတွေကို ညွှန်ကြားခြင်းဖြင့် လူတွေကို ကူညီပေးနေပါတယ်။ (မဿဲ ၂၄:၁၄) အဲဒီသတင်းကောင်းထဲမှာ သတိပေးချက်လည်း ပါတယ်။ လောတကိုပေးတဲ့ သတိပေးချက်လိုပါပဲ၊ အခုပေးနေတဲ့ သတိပေးချက်ကလည်း ရယ်စရာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တမန်တွေကနေတစ်ဆင့်ပေးတဲ့ ဘုရားသခင့်သတိပေးချက် ဖြစ်လို့ပါပဲ။ဗျာဒိတ် ၁:၁; ၁၄:၆၊ ၇ ကိုဖတ်ပါ။

ကျွန်ုပ်တို့ ခက်ခဲဆင်းရဲမှုကြုံရတဲ့အခါ ရင်ဆိုင်နိုင်တဲ့ ခွန်အားပေးဖို့ ကောင်းကင်တမန်တွေကို ဘုရားသခင် အသုံးပြုပါတယ်။ ယေရှုကို ခွန်အားပေးတဲ့နေရာမှာလည်း ကောင်းကင်တမန်တစ်ဦးကို ကိုယ်တော် သုံးခဲ့တယ်။လုကာ ၂၂:၄၁-၄၃ ကိုဖတ်ပါ။

မကြာခင် ခက်ခဲဆင်းရဲမှုတွေကို ဖြစ်ပေါ်စေတဲ့ လူဆိုးတွေကို ဘုရားသခင်ဖယ်ရှားတဲ့အခါ ကောင်းကင်တမန်တွေကို သုံးပါလိမ့်မယ်။ အဲဒီနောက် လူသားထုတစ်ရပ်လုံး ငြိမ်သက်အေးချမ်းသွားပါလိမ့်မယ်။၂ သက်သာလောနိတ် ၁:၆-၈ ကိုဖတ်ပါ။

၃။ ဆိုးသွမ်းတဲ့ ကောင်းကင်တမန်တွေကကော ကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိပါသလား။

မြေကြီးပေါ်ကလူတွေ ဘုရားသခင်စကား နားမထောင်ဘဲ အာခံကြသလိုပဲ ကောင်းကင်ပေါ်မှာရှိတဲ့ ကောင်းကင်တမန် အတော်များများလည်း ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြတယ်။ (၂ ပေတရု ၂:၄) ဆိုးသွမ်းတဲ့ ကောင်းကင်တမန်တွေရဲ့ ခေါင်းဆောင်ကတော့ စာတန်ပဲဖြစ်ပါတယ်။ စာတန်နဲ့ သူ့နောက်လိုက် ကောင်းကင်တမန်ဆိုးတွေဟာ လူသားထုကို လှည့်စားနေပါတယ်။ဗျာဒိတ် ၁၂:၉ ကိုဖတ်ပါ။

စာတန်က မရိုးသားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူ့အုပ်ချုပ်မှုတွေနဲ့ မှားယွင်းတဲ့ ဘာသာတရားတွေကိုသုံးပြီး လူတွေကို လှည့်စားကာ ဘုရားသခင်နဲ့ဝေးကွာသွားအောင် ပြုလုပ်နေတယ်။ ဒါကြောင့် လူတွေကို ဒုက္ခရောက်စေတဲ့ တရားမမျှတမှု၊ အကြမ်းဖက်မှုနဲ့ ခက်ခဲဆင်းရဲမှုတွေအတွက် တာဝန်ရှိသူက စာတန်ပဲဖြစ်ပါတယ်။—၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။

၄။ ဆိုးသွမ်းတဲ့ကောင်းကင်တမန်တွေက လူတွေကို ဘယ်လိုလှည့်စားသလဲ။

လူသေပြီးနောက် သူ့ရဲ့ကိုယ်ခန္ဓာထဲကနေ မသေနိုင်တဲ့အရာတစ်ခု ထွက်သွားပြီး အဲဒီအရာက လူတွေနဲ့ပြောဆိုဆက်ဆံနိုင်တယ်ဆိုတဲ့ သွန်သင်ချက်နဲ့ လူများစွာကို စာတန်လှည့်စားနေတယ်။ ကျမ်းစာကတော့ လူသေရင် ဘာမှမလုပ်နိုင်တော့ဘူးလို့ ပြောတယ်။ (ဒေသနာ ၉:၅) ဒါပေမဲ့ ချစ်မြတ်နိုးရတဲ့ ကွယ်လွန်သွားသူတွေရဲ့အသံအတိုင်း ကောင်းကင်တမန်ဆိုးတွေ လိုက်ပြောပြီး လူတွေကို လှည့်စားကြတယ်။ (ဟေရှာယ ၈:၁၉) ကောင်းကင်တမန်ဆိုးတွေဟာ နတ်ဝင်သည်၊ ရှေ့ဖြစ်ဟောတဲ့သူ၊ နက္ခတ်ဗေဒင်ပညာကနေတစ်ဆင့်လည်း လှည့်စားကြတယ်။ အဲဒီအတတ်ပညာအားလုံးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကျမ်းစာက သတိပေးပါတယ်။ ဒါကြောင့် ကောင်းကင်တမန်ဆိုးတွေနဲ့ ဆက်နွှယ်နေတဲ့အရာတွေ ကျွန်ုပ်တို့မှာရှိနေတယ်ဆိုရင် ဖျက်ဆီးပစ်သင့်ပါတယ်။တရားဟောရာ ၁၈:၁၀၊ ၁၁; တမန်တော် ၁၉:၁၉ တို့ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ချစ်တယ်ဆိုရင် ကောင်းကင်တမန်ဆိုးတွေကို ကြောက်နေစရာမလိုပါဘူး။ ကျမ်းစာကိုလေ့လာပြီး ပြောတဲ့အတိုင်းလုပ်ဆောင်မယ်ဆိုရင် စာတန်ကို ကျွန်ုပ်တို့ ခုခံတွန်းလှန်နိုင်ပြီး ဘုရားသခင်နဲ့လည်း ပိုရင်းနှီးလာမှာဖြစ်ပါတယ်။ ယေဟောဝါက ကောင်းကင်တမန်ဆိုးတွေထက် ပိုတန်ခိုးကြီးတယ်။ ကျွန်ုပ်တို့လိုအပ်တဲ့အချိန်မှာ ဘုရားသခင့် သစ္စာရှိကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို ခွန်အားပေးနိုင်ပါတယ်။ဆာလံ ၃၄:၇; ယာကုပ် ၄:၇၊ ၈ တို့ကိုဖတ်ပါ။

ပိုပြီးသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၀ ကိုကြည့်ပါ။