မာတိကာဆီ ကျော်သွား

မာရ်နတ်က လူတွေကို ချုပ်ကိုင်နိုင်သလား

မာရ်နတ်က လူတွေကို ချုပ်ကိုင်နိုင်သလား

သမ္မာကျမ်းစာ ဖြေဆိုရာ

 မာရ်နတ်နဲ့ နတ်ဆိုးတွေဟာ လူတွေကို လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အဲဒါကို သိနိုင်ဖို့ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်- “မာရ်နတ်သည် ဤလောကကို ထိန်းချုပ်ထား၏။” (၁ ယောဟန် ၅:၁၉နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း) လူတွေအပေါ် လွှမ်းမိုးနိုင်အောင် မာရ်နတ် ကြိုးစားတဲ့နည်းတွေကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။

  •   လှည့်ဖြားမှု။ “မာရ်နတ်၏ ဆိုးညစ်သောပရိယာယ်တို့ကို ဆီးတားတိုက်ခိုက်” ဖို့ ခရစ်ယာန်တွေကို သမ္မာကျမ်းစာက တိုက်တွန်းထားတယ်။ (ဧဖက် ၆:၁၁နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း) မာရ်နတ်ရဲ့ ပရိယာယ်တစ်ခုက သူရဲ့ဘက်တော်သားတွေဟာ ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်လို့ လူတွေ ယုံကြည်လာအောင် လှည့်ဖြားခြင်းဖြစ်တယ်။​—၂ ကောရိန္သု ၁၁:၁၃–၁၅

  •   နတ်ဆိုးပညာ။ နတ်ဝင်သည်တွေ၊ ဗေဒင်ဆရာတွေ၊ အတိတ်နိမိတ်ဖတ်သူတွေ၊ နက္ခတ်ဗေဒင်ဆရာတွေကနေတစ်ဆင့် လူတွေကို မာရ်နတ် လှည့်ဖြားနေပါတယ်။ (တရားဟောရာ ၁၈:၁၀–၁၂) ပယောဂနည်းနဲ့လုပ်ထားတဲ့ ဆေးတွေ၊ စိတ်ညို့ပညာ၊ စိတ်အတွေးကို ဗလာနတ္ထိဖြစ်စေတဲ့ ယောဂကျင့်စၣ်တွေနဲ့လည်း လူတွေကို မာရ်နတ် ချုပ်ကိုင်ထားတယ်။​—လုကာ ၁၁:၂၄–၂၆

  •   ဘာသာရေးအတုအယောင်။ ဘာသာရေးခေါင်းဆောင်တွေက လူတွေကို အယူဝါဒအမှားတွေ သင်ပေးပြီး ဘုရားသခင့်စကား နားမထောင်အောင် လှည့်စားနေကြတယ်။ (၁ ကောရိန္သု ၁၀:၂၀) ယုံကြည်ချက်အမှားတွေဟာ ‘နတ်ဆိုးတို့၏ သွန်သင်ချက်များ’ ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ခေါ်ဆိုထားတယ်။​—၁ တိမောသေ ၄:၁

  •   နတ်ပူးခြင်း။ သမ္မာကျမ်းစာမှာ နတ်ဆိုးပူးနေတဲ့လူတွေအကြောင်း ဖော်ပြထားတယ်။ လူတွေမှာပူးနေတဲ့ နတ်ဆိုးဟာ သူတို့ မျက်စိကန်းသွားအောင်၊ ဆွံ့အသွားအောင်၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရအောင်တောင် လုပ်တတ်ကြတယ်။​—မဿဲ ၁၂:၂၂; မာကု ၅:၂–၅

မာရ်နတ်ရဲ့ လွှမ်းမိုးမှုကို ရှောင်ရှားနိုင်ပုံ

 သင်ဟာ နတ်ဆိုးတွေကို ကြောက်ရွံတဲ့ဘဝနဲ့ အသက်ရှင်နေစရာ မလိုပါဘူး။ အကြောင်းက မာရ်နတ်ကို ဘယ်လို အောင်မြင်စွာ တွန်းလှန်နိုင်သလဲဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားလို့ဖြစ်တယ်–

  •   မာရ်နတ်ရဲ့ နည်းပရိယာယ်တွေကို သိရှိနိုင်အောင် လေ့လာပါ။ ဒါမှ သင်ဟာ မာရ်နတ်ရဲ့ “အကြံအစည်များကို” သိရှိမှာဖြစ်တယ်။​—၂ ကောရိန္သု ၂:၁၁

  •   သမ္မာကျမ်းစာ အသိပညာကို ဆည်းပူးပြီး လက်တွေ့ ကျင့်သုံးပါ။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် မာရ်နတ်ရဲ့ လွှမ်းမိုးမှုကနေ သင် ကာကွယ်ခံရပါလိမ့်မယ်။​—ဧဖက် ၆:၁၁–၁၈

  •   နတ်ဆိုးနဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ဖယ်ရှားပစ်ပါ။ (တမန်တော် ၁၉:၁၉) အဲဒီထဲမှာ နတ်ဆိုးပညာကို အမွှမ်းတင်ထားတဲ့ တေးဂီတ၊ စာအုပ်၊ မဂ္ဂဇင်း၊ ကြော်ငြာကားချပ်၊ ဗီဒီယိုတွေလည်း ပါတယ်။