မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာ​ရှိတဲ့ ဖန်ဆင်း​ရှင် ကျွန်တော်​တို့ကို ဂရုစိုက်

မေတ္တာ​ရှိတဲ့ ဖန်ဆင်း​ရှင် ကျွန်တော်​တို့ကို ဂရုစိုက်

၁။ ဘုရားသခင်​က နေ​ထွက်​အောင် လုပ်ပေးတယ်

ကမ္ဘာ​ပေါ်မှာ နေ​ရောင်ခြည်​သာ​ မရှိရင် ဘယ်လို​နေမလဲ​လို့ စဉ်းစား​ဖူး​သလား။ နေ​ရောင်ခြည်​က အပင်တွေ ရွက်​နု​ပေါက်​အောင်၊ အပွင့်​ပွင့်​အောင်၊ အသီးသီး​အောင် စွမ်းအင်​ပေး​တယ်။ အဲဒီအပြင် အမြစ်​ကနေ ရေ​ကို​ စုပ်ယူ​ပြီး အရွက်​တွေ​ဆီ ပို့ပေး​နိုင်အောင်၊ လေထု​ထဲ ရေခိုးရေငွေ့​အဖြစ် ထုတ်လွှတ်​နိုင်အောင် လုပ်ပေးတယ်။

၂။ ဘုရားသခင်​က မိုးရွာအောင် လုပ်ပေးတယ်

မိုး​ရေဟာ ဘုရား​ ပေး​တဲ့ အဖိုးတန် လက်ဆောင်​တစ်ခု​ပါ။ မိုး​ရေ​ကြောင့် မြေကြီးထဲ​ကနေ အစားအစာ​တွေ ရရှိတယ်။ ဘုရားသခင်​က ကျွန်တော်​တို့ကို အစားအစာ အလျှံပယ်​ ပေး​ဖို့၊ ရွှင်လန်း​ဝမ်းမြောက်​စေဖို့ ကောင်းကင်​ကနေ မိုးရွာ​စေတယ်။ အသီးအနှံ​တွေ ဖြစ်ထွန်း​စေ​တဲ့ ရာသီဥတု​ကို ပေး​တယ်။

၃။ ဖန်ဆင်း​ရှင် ဘုရားသခင်​က အစားအစာ​နဲ့ အဝတ်အစား​တွေ ထောက်ပံ့​ပေး​တယ်

လူသား​ဖခင်​တွေ​ဟာ မိသားစု စား​ဝတ်​နေ​ရေး​အတွက် စိုးရိမ်​ပူပန်​ကြတယ်။ ကျမ်းစာ​မှာ​တော့ ဒီလို ပြော​ထား​တယ်– “ငှက်​တွေ​ကို အာရုံစိုက်ကြည့်​လိုက်ပါ။ သူတို့က မျိုးစေ့ကြဲ​တာ၊ ရိတ်သိမ်း​တာ၊ ကျီထဲ စုသိမ်း​တာ​တွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်​အဖ​က သူတို့ကို ကျွေးမွေး​ထား​တာ​ပဲ။ ခင်ဗျား​တို့​ဟာ အဲဒီ​ငှက်​တွေ​ထက် ပို​တန်ဖိုး​ရှိတယ် မဟုတ်လား။”—မဿဲ ၆:၂၅၊ ၂၆

“တော​နှင်းပန်း​တွေ ရှင်သန်​နေ​ပုံ​ကို ကြည့်​ပြီး သင်ခန်းစာ​ယူပါ။ . . . ကျွန်တော် ပြော​မယ်၊ ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်​မင်း​တောင် အဲဒီ​နှင်းပန်း​တစ်ပင်လို လှလှပပ​ ဖြစ်အောင် မဆင်မြန်း​နိုင်ဘူး။ . . . တောပင်​တွေ​ကို​တောင် ဘုရားသခင်​က အဲဒီလို ဆင်မြန်း​ပေး​တယ်​ဆိုရင် ခင်ဗျား​တို့ကို ဒီထက်မက ဆင်မြန်း​ပေး​မယ် မဟုတ်လား။”—မဿဲ ၆:၂၈-၃၀

ဘုရားသခင်​က အစားအစာ၊ အဝတ်အစားတွေ ထောက်ပံ့​ပေး​နိုင်တယ်​ဆိုရင် ဘဝ​အတွက် တခြား​လိုအပ်ရာ​တွေကို​လည်း ထောက်ပံ့​ပေး​နိုင်​မှာ သေချာတယ်။ ဘုရား​ရဲ့​ အလိုတော်အတိုင်း လုပ်ဆောင်မယ်​ဆိုရင် စားစရာ​တွေ စိုက်​ပျိုး​တဲ့​အခါ ဘုရား ကောင်းချီး​ပေး​နိုင်တယ်။ လိုအပ်​တာ​တွေ ဝယ်​ဖို့ ပိုက်ဆံ​ရတဲ့ အလုပ်အကိုင် ရှာတွေ့​အောင် ကူညီ​ပေး​နိုင်တယ်။—မဿဲ ၆:၃၂၊ ၃၃

နေ​ရောင်၊ မိုး​ရေ၊ ငှက်​တွေ၊ ပန်းတွေအကြောင်း စဉ်းစား​တဲ့​အခါ ဘုရား​ကို ချစ်​ဖို့ အကြောင်းကောင်း​တွေ ရှိ​လာတယ်။ နောက်​ဆောင်းပါး​မှာ လူသားတွေနဲ့ ဘုရားသခင် ဘယ်လို ဆက်သွယ်​တယ်​ဆိုတာ ဆွေးနွေး​သွားပါမယ်။