မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်​အကျိုး​ထက် တခြား​သူရဲ့​ အကျိုးကို ဦးစား​ပေး​ဖို့ မေတ္တာက လှုံ့ဆော်

လူလူချင်းကို မေတ္တာ ဘယ်လို​ ပြ​မလဲ

လူလူချင်းကို မေတ္တာ ဘယ်လို​ ပြ​မလဲ

ပထမ​လူသား အာဒံ​ကနေ ဆင်းသက်လာ​သူတွေ​ ဖြစ်​လို့ ကျွန်တော်​တို့အားလုံး​က မိသားစုဝင်​တွေ​ပါ​ပဲ။ မိသားစုဝင်​ အချင်းချင်း ချစ်ခင်​လေးစားဖို့ မျှော်လင့်​ကြ​ပေမဲ့ အခု​ချိန်မှာ​တော့ အဲဒီလို ချစ်ခင်မှုမျိုး သိပ်​မ​တွေ့ရ​တော့​ဘူး။ ဘုရားသခင်​က ကျွန်တော်​တို့ကို အဲဒီလို မဖြစ်စေ​ချင်ဘူး။

မေတ္တာ​အကြောင်း သမ္မာကျမ်းစာ​မှာ ဘာ​ပြော​ထား​သလဲ

“လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ။”—ဝတ်ပြုရာ ၁၉:၁၈

“ရန်သူကို ချစ်မြဲ ချစ်​ပါ။”—မဿဲ ၅:၄၄

လူလူချင်းကို ချစ်တယ်​ဆိုတာ ဘာ​အဓိပ္ပာယ်​လဲ

၁ ကောရိန္သု ၁၃:၄-၇ မှာ ချစ်ခြင်း​မေတ္တာ​အကြောင်း ဘုရား ဖော်ပြ​ထား​တာ​ကို သတိပြု​ကြည့်​ပါ–

“မေတ္တာဟာ စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်။”

စဉ်းစား​ကြည့်​ပါ– တခြား​သူတွေက ကိုယ့်ရဲ့​ အမှား​ကြောင့် ဒေါသ​မထွက်​ဘဲ ကိုယ့်​အပေါ် စိတ်ရှည်​တယ်၊ ကြင်နာ​တယ်​ဆိုရင် ဘယ်လို​နေ​မလဲ။

“မေတ္တာဟာ မနာလို မဖြစ်​တတ်​ဘူး။”

စဉ်းစား​ကြည့်​ပါ– တခြား​သူတွေက ကိုယ့်ကို တစ်ချိန်​လုံး သံသယ​ဝင်​ပြီး မနာလို​ဖြစ်နေ​မယ်​ဆိုရင် ဘယ်လို​နေ​မလဲ။

မေတ္တာဟာ “ကိုယ်ကျိုး မရှာ​တတ်​ဘူး။”

စဉ်းစား​ကြည့်​ပါ– တခြား​သူတွေက ကိုယ့်ရဲ့ ရှုမြင်ပုံကို လေးစား​ပြီး သူတို့​ရဲ့ ထင်မြင်ချက်​အတိုင်း လုပ်ဖို့ အမြဲတမ်း အတင်းအကျပ် မလုပ်​ဘူးဆို​ရင် ဘယ်လို​နေ​မလဲ။

မေတ္တာဟာ “နစ်နာမှု​တွေ​ကို မမှတ်ထား​တတ်​ဘူး။”

စဉ်းစား​ကြည့်​ပါ– အမှား​လုပ်မိ​ပေမဲ့ နောင်တ​ရတဲ့​သူတွေကို ဘုရား​သခင် လိုလိုလားလား ခွင့်လွှတ်​တယ်။ ဘုရားသခင်​ဟာ “တစ်ချိန်​လုံး အမှား​ရှာနေ​မှာ မဟုတ်ဘူး။ ထာဝစဉ် အငြိုး​ထား​မှာ မဟုတ်ဘူး။” (ဆာလံ ၁၀၃:၉) ကိုယ်​ပြစ်မှား​မိ​တဲ့​သူက ကိုယ့်ကို ခွင့်လွှတ်​တဲ့​အခါ ကျွန်တော်​တို့ ကျေးဇူး​တင်​ကြတယ်။ ဒါ​ကြောင့် တခြား​သူက ကိုယ့်​ကို ပြစ်မှား​မိ​တဲ့​အခါမှာလည်း ခွင့်လွှတ်​သင့်တယ်။—ဆာလံ ၈၆:၅

မေတ္တာဟာ “မတရားမှု​ကြောင့် ဝမ်းမသာ​တတ်​ဘူး။”

စဉ်းစား​ကြည့်​ပါ– ကိုယ် ဒုက္ခ​ရောက်တာကို​ ကြည့်​ပြီး တခြား​သူတွေ ဝမ်းသာ​နေရင် ကျွန်တော်​တို့ မကြိုက်ဘူး။ ဒါ​ကြောင့် ကိုယ့်​အပေါ် မတရား​လုပ်ခဲ့​သူတွေ အခက်အခဲ​ ကြုံ​တဲ့​အခါမှာ​တောင် ကျွန်တော်​တို့ ဝမ်းမသာ​ကြဘူး။

ဘုရားသခင့်​ကောင်းချီး ခံစားချင်​တယ်​ဆိုရင် ဘယ်သူ့ကို​ပဲ​ဖြစ်ဖြစ် အဲဒီ​နည်း​တွေ​အတိုင်း ဆက်ဆံ​ရမယ်။ လက်တွေ့ကျကျ လုပ်နိုင်တဲ့ နည်း​တစ်နည်း​က​တော့ လိုအပ်​နေသူတွေကို ကူညီ​ပေးခြင်း​ပါ​ပဲ။