မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆယ်ကျော်သက်အရွယ်—လူကြီးဘဝအတွက် ပြင်ဆင်နေ

ဆယ်ကျော်သက်အရွယ်—လူကြီးဘဝအတွက် ပြင်ဆင်နေ

ဆယ်ကျော်သက်အရွယ်—လူကြီးဘဝအတွက် ပြင်ဆင်နေ

အပူပိုင်းဒေသကျွန်းတစ်ကျွန်းကနေ အရမ်းအေးတဲ့ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဒေသဘက်ကို အခုလေးတင်ခရီးထွက်လာတယ်လို့ သင့်ကိုယ်သင်မြင်ယောင်ကြည့်ပါ။ လေယာဉ်ပေါ်ကနေဆင်းဆင်းချင်းပဲ အရမ်းအေးတဲ့ဝန်းကျင်ကို ရောက်နေပြီဆိုတာ သင်သိလိုက်တယ်။ ဝန်းကျင်အသစ်မှာ သင်နေလို့ရပါ့မလား။ ရပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ပြုပြင်ပြောင်းလဲရလိမ့်မယ်။

အလားတူအခြေအနေမျိုးကို သင့်ကလေး ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ သင်ရင်ဆိုင်ရမှာဖြစ်တယ်။ ညတွင်းချင်းပဲ အခြေအနေပြောင်းလဲသွားပုံရတယ်။ သင့်ဘေးနားကနေ မခွာနိုင်ခဲ့တဲ့သားလေးက အခုတော့ သူ့ရွယ်တူချင်းတွေနဲ့ပဲ တတွဲတွဲရှိချင်နေပြီ။ တစ်နေ့တာအကြောင်း မပြောပြရင်မနေနိုင်ခဲ့တဲ့ သင့်သမီးငယ်က အခုတော့ ကိုယ်ကစမေးရင်တောင် တုံးတိတိပဲ ဖြေတော့တယ်။

“ကျောင်းမှာ အဆင်ပြေရဲ့လား” လို့ သင်ကမေးတယ်။

“ပြေပါတယ်” လို့ သူပြန်ဖြေတယ်။

ငြိမ်ချက်သားကောင်းသွားတယ်။

“သမီး၊ ဘာတွေတွေးနေတာလဲ” လို့ သင်ကမေးတယ်။

“ဘာမှမတွေးပါဘူး” လို့ သူပြန်ဖြေတယ်။

ပိုပြီးတော့ ငြိမ်ချက်သားကောင်းသွားတယ်။

ဘာတွေဖြစ်နေတာလဲ။ သိပ်မကြာသေးခင်ကတော့ “သင်ဟာ ကလေးရဲ့အသက်တာမှာ ဇာတ်စင်အနောက်ဘက်ကိုဝင်ပြီး နောက်ကွယ်ကကိစ္စတွေကို သိခွင့်ရတဲ့သူနဲ့တူတယ်။ အခုတော့ သင်အကောင်းဆုံးမျှော်လင့်နိုင်ရာက ပရိသတ်ထဲမှာ ခုံတစ်လုံးရဖို့လောက်ပဲ၊ ဒါတောင်မှ မြင်ကွင်းမကောင်းတဲ့နေရာဖြစ်ချင်ဖြစ်နေနိုင်တယ်” လို့ စာအုပ်တစ်အုပ် (Breaking the Code) မှာ ဖော်ပြထားတယ်။

မြီးကောင်ပေါက်အရွယ်ရောက်လာတဲ့ သင့်ကလေးနဲ့ ဆက်ပြီးရင်းရင်းနှီးနှီးနေလို့ မရတော့ဘူးလား။ လုံးဝရပါတယ်။ မြီးကောင်ပေါက်အရွယ်ရောက်လာတဲ့သင့်ကလေးနဲ့ ရင်းရင်းနှီးနှီးဆက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဦးဆုံးအနေနဲ့သင်လုပ်ရမှာက စိတ်ဝင်စားစရာလည်းကောင်းပြီး ထိန်းရခက်တဲ့ဒီအဆင့်အတွင်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သင်နားလည်ထားဖို့လိုတယ်။

ကလေးဘဝမှ လူကြီးအဆင့်သို့ကူးပြောင်းခြင်း

ကလေးတစ်ယောက်ရဲ့ဦးနှောက်ဟာ အသက်ငါးနှစ်လောက်မှာ လုံးဝနီးပါးကြီးထွားဖွံ့ဖြိုးသွားပြီလို့ သုတေသီတွေ တစ်ချိန်က ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အသက်ငါးနှစ်နောက်ပိုင်း ဦးနှောက်ရဲ့အရွယ်အစားက အနည်းငယ်လောက်သာပြောင်းသွားပေမယ့် ဦးနှောက်ရဲ့လုပ်ဆောင်ပုံကိုတော့ ထပ်တူဖြစ်မယ်လို့ ပြောလို့မရဘူးဆိုပြီး အခုအချိန်မှာ ယူဆလာကြတယ်။ လူငယ်တွေဟာ လူပျိုအပျိုဖြစ်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ စဖြစ်လာတယ်၊ အဲဒါက သူတို့ရဲ့စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲစေတယ်။ ဥပမာ၊ ကလေးဘဝတုန်းက ကိစ္စရပ်တွေကို တွေးတောတာမျိုးမရှိဘဲ ဖြူရင်ဖြူ မဖြူရင်မည်းတယ်လောက်ပဲ ရှုမြင်တတ်လေ့ရှိပေမဲ့ မြီးကောင်ပေါက်အရွယ်လည်းရောက်ရော ကိစ္စတစ်ခုရဲ့ အရင်းခံအကြောင်းရင်းကို စဉ်းစားတတ်လာတယ်။ (၁ ကောရိန္သု ၁၃:၁၁) ကိုယ့်ကိုကိုယ် ပိုယုံကြည်စိတ်ချလာပြီး ကိုယ့်ခံယူချက်ကိုဖွင့်ပြောရမှာ မရှက်တော့ဘူး။

အီတလီနိုင်ငံမှ ပါအိုလိုဟာ သူ့ရဲ့မြီးကောင်ပေါက်အရွယ်သားငယ် အဲဒီလိုပြောင်းလဲလာတာ သတိထားမိတယ်။ သူဒီလိုပြောတယ်– “ကျွန်တော့်ဆယ်ကျော်သက်အရွယ်သားကိုကြည့်တဲ့အခါ လူကြီးတစ်ယောက်လိုမြင်မိတယ်၊ ကလေးတစ်ယောက်လိုမမြင်တော့ဘူး။ ရုပ်ပိုင်းလောက်ပဲပြောင်းလဲသွားတာမဟုတ်ဘူး။ သူ့ရဲ့တွေးခေါ်စဉ်းစားပုံပြောင်းလဲသွားတာက ကျွန်တော့်ကို အရမ်းအံ့သြစေတယ်။ သူ့အမြင်တွေကို ဖွင့်ပြောဖို့ မကြောက်တော့တဲ့အပြင် ပြန်တောင်ခုခံကာကွယ်လိုက်သေးတယ်။”

သင့်ဆယ်ကျော်သက်ကလေးလည်း အလားတူဖြစ်နေတာ သတိထားမိသလား။ ကလေးအရွယ်မှာတော့ သင်ပြောတဲ့အတိုင်းလုပ်တယ်။ “ဒီလိုလုပ်တာပဲ အဖေလိုချင်တယ်” ဆိုရင် သူ့အတွက် လုံလောက်ပြီ။ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ အကြောင်းပြချက် သူလိုချင်လာပြီ၊ မိသားစုရဲ့စံနှုန်းတွေကိုတောင် သူမေးခွန်းထုတ်ချင်လာပြီ။ ဘယ်လောက်တောင် သတ္တိရှိလာသလဲဆိုရင် တစ်ခါတလေ မိဘတွေကို ပုန်ကန်နေတယ်လို့ ထင်ရတဲ့အထိပဲ။

သင့်ဆယ်ကျော်သက်ကလေးဟာ သင်ချမှတ်ထားတဲ့စံနှုန်းတွေကို မှောက်လှန်ပစ်လိုက်တော့မယ်လို့ ကောက်ချက်မချလိုက်ပါနဲ့။ သင့်စံနှုန်းကို သူ့ကိုယ်ပိုင်စံနှုန်းဖြစ်လာအောင်၊ အဲဒီစံနှုန်းတွေကို သူ့အသက်တာနဲ့ အံဝင်အောင် ကြိုးစားနေတာဖြစ်နိုင်တယ်။ ဥပမာပြရရင် သင်ဟာ အိမ်တစ်အိမ်ကနေ နောက်တစ်အိမ်ကိုပြောင်းတယ်ဆိုပါစို့။ သင့်ရဲ့ ပရိဘောဂပစ္စည်းတွေကိုလည်း သင်နဲ့တစ်ပါတည်းယူလာတယ်။ အိမ်အသစ်မှာ ပစ္စည်းတွေ သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ဖို့ဆိုတာ လွယ်ပါ့မလား။ လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ တန်ဖိုးရှိတယ်လို့ သင်ယူဆတဲ့အရာတွေကို လွှင့်ပစ်လိုက်မှာမဟုတ်ဘူး။

သင့်ဆယ်ကျော်သက်ကလေးက ကျမ်းစာမှာပြောထားတဲ့ “ကိုယ်မိဘကိုစွန့်” မယ့်အချိန်အတွက် ပြင်ဆင်နေတာနဲ့အမျှ ခုနကဖော်ပြတဲ့အခြေအနေကို ရင်ဆိုင်နေရမှာဖြစ်တယ်။ (ကမ္ဘာဦး ၂:၂၄) မိဘကိုစွန့်မယ့်အချိန်က အဝေးကြီးလိုသေးတယ်ဆိုတာ မှန်ပါတယ်၊ သင့်ကလေးက လူကြီးတစ်ယောက် မဖြစ်သေးပါ။ ဒါပေမဲ့ လူကြီးဘဝအတွက် သူပြင်ဆင်နေပြီလို့ ပြောနိုင်တယ်။ သူသင်ယူခဲ့တဲ့ စံနှုန်းတွေကို ဆယ်ကျော်သက်အရွယ်တစ်လျှောက်လုံးမှာ ဆန်းစစ်နေခြင်းဖြစ်တယ်၊ ဒါ့ပြင် လူကြီးဘဝကို ဘယ်စံနှုန်းတွေယူသွားမလဲဆိုတာလည်း သူဆုံးဖြတ်နေပြီ။ *

သင့်ကလေး အဲဒီလိုဆုံးဖြတ်ချက်တွေချနေတယ်လို့ တွေးမိလိုက်တိုင်း ထိတ်လန့်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူ လူကြီးဘဝ ကူးပြောင်းတဲ့အခါ တန်ဖိုးရှိတယ်လို့ သူယူဆတဲ့အရာကိုပဲ ယူသွားမှာ သေချာတယ်။ ဒါကြောင့် သင့်ဆယ်ကျော်သက်ကလေးအတွက် အိမ်မှာရှိနေတဲ့အခုအချိန်ဟာ သူ့အသက်တာမှာကျင့်သုံးသွားမယ့် စည်းကမ်း၊ မူတွေကို ကောင်းကောင်းလေ့လာဆန်းစစ်ရမယ့်အချိန်ဖြစ်တယ်။—တမန်တော် ၁၇:၁၁

တကယ်ဆိုရင် အဲဒီလိုလုပ်ဆောင်ခြင်းက သင့်ကလေးအတွက် အကျိုးရှိပါတယ်။ ဒါ့ပြင်၊ အခုအချိန်မှာ သူဟာ သင့်စံနှုန်းတွေကို ဘာမှမဆန်းစစ်ဘဲ လက်ခံတယ်ဆိုရင် နောက်ပိုင်း တခြားသူတွေရဲ့စံနှုန်းတွေကိုလည်း မျက်စိစုံမှိတ်လက်ခံနိုင်စရာအကြောင်းရှိတယ်။ (ထွက်မြောက်ရာ ၂၃:၂) အဲဒီလိုလူငယ်တစ်ဦးကို ကျမ်းစာက “ဉာဏ်မရှိ” တဲ့အတွက် အလွယ်တကူ လှည့်စားလို့ရတဲ့သူတစ်ဦးအဖြစ် ဖော်ပြထားတယ်။ “ဉာဏ်မရှိ” ဆိုတဲ့စကားစုရဲ့ အဓိပ္ပာယ်တစ်မျိုးက ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့မှု ဖြစ်တယ်။ (သု. ၇:၇) ကိုယ်ဘာကိုယုံကြည်တယ်ဆိုတာ မရေမရာဖြစ်နေတဲ့ လူငယ်တစ်ယောက်ဟာ “လိမ်လည်လှည့်ဖြားသူများ . . . ၏စကားကို နားထောင်သဖြင့် လှိုင်းပုတ်ခံရ၍ ခပ်သိမ်းသော သွန်သင်ခြင်းလေ တိုက်ရာဘက်သို့ တိမ်းယိမ်း” သွားနိုင်တယ်။—ဧဖက် ၄:၁၄

ဒီလိုမဖြစ်အောင် သင့်ကလေးကို ဘယ်လိုကူညီပေးနိုင်မလဲ။ သူ့မှာ ဒီအရည်အသွေး သုံးခုရှိကြောင်း သေချာစေပါ–

၁ သိနားလည်နိုင်စွမ်း

“မိမိတို့၏သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထား” သူတွေကို “ရင့်ကျက်သူများ” လို့ တမန်တော်ပေါလုကခေါ်ခဲ့တယ်။ (ဟေဗြဲ ၅:၁၄) ‘ငါ့ကလေးကို အမှား၊ အမှန် ခွဲခြားသိဖို့ အစောကြီးကတည်းက ငါသင်ပေးထားပြီးပြီ’ လို့ သင်ပြောကောင်းပြောမယ်။ အဲဒီလေ့ကျင့်မှုက အဲဒီအချိန်မှာ သင့်ကလေးကို အကျိုးပြုခဲ့ပြီး နောက်တစ်ဆင့်ကြီးထွားဖို့လည်း ပြင်ဆင်ပေးပြီးသားဖြစ်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ (၂ တိမောသေ ၃:၁၄) ဒါပေမဲ့ လူတွေမှာ လေ့ကျင့်ထားတဲ့သိနားလည်နိုင်စွမ်းရှိဖို့ လိုအပ်တယ်ဆိုပြီး ပေါလုပြောခဲ့တယ်။ ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာ ငယ်ရွယ်တဲ့ကလေးတွေ သိကြမှာဖြစ်ပေမဲ့ ဆယ်ကျော်သက်တွေကျတော့ “နားလည်နိုင်စွမ်း၌ . . . ကြီးရင့်သောသူ” ဖြစ်ဖို့လိုတယ်။ (၁ ကောရိန္သု ၁၄:၂၀; သု. ၁:၄; ၂:၁၁) သင့်ဆယ်ကျော်သက်ကလေးဟာ ပြောသမျှ မျက်စိစုံမှိတ်နာခံတာမျိုးမဟုတ်ဘဲ ကောင်းကောင်းစဉ်းစားဆင်ခြင်နိုင်တာမျိုး သင်ဖြစ်စေချင်ပါလိမ့်မယ်။ (ရောမ ၁၂:၁၊ ၂) သင်ဘယ်လိုကူညီပေးနိုင်သလဲ။

တစ်နည်းက သူ့ခံစားချက်၊ ယူဆချက်တွေကို ပြောခွင့်ပြုခြင်းပဲ။ ဒါကြောင့် သင်မကြားချင်တဲ့အရာကို ပြောရင်တောင်မှ ကြားဖြတ်မပြောပါနဲ့၊ သူပြောနေတာ ရပ်သွားစေနိုင်တဲ့ တုံ့ပြန်မှုမျိုး မလုပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ ကျမ်းစာက ဒီလိုပြောတယ်– “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။” (ယာကုပ် ၁:၁၉; သု. ၁၈:၁၃) ဒီပြင် ယေရှုက ဒီလိုပြောတယ်– “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏။” (မဿဲ ၁၂:၃၄) သင် နားထောင်မယ်ဆိုရင် သင့်ကလေး အလေးထားတဲ့အရာက ဘာလဲဆိုတာ တွေ့ရှိပါလိမ့်မယ်။

သင်စကားပြောတဲ့အခါ တဲ့တိုးပြောမယ့်အစား မေးခွန်းတွေသုံးဖို့ ကြိုးစားပါ။ ယေရှုလည်း သူ့တပည့်တွေသာမက သူ့ကိုဆန့်ကျင်သူတွေရဲ့စိတ်ထဲရှိရာကို သိရှိဖို့ “သင်တို့မည်သို့ထင်ကြသနည်း” ဆိုပြီး တစ်ခါတလေ မေးတတ်တယ်။ (မဿဲ ၂၁:၂၃၊ ၂၈) သင့်ကလေးက သင့်အမြင်နဲ့မတူတဲ့ရှုမြင်ပုံတစ်ခုကို ပြောလာခဲ့ရင်တောင် သင် ယေရှုကို တုပနိုင်ပါတယ်။ ဥပမာ–

“ဘုရားသခင်ရှိတယ်ဆိုတာ ကျွန်တော် သိပ်မယုံချင်တော့ဘူး” လို့သင့်ဆယ်ကျော်သက်ကလေးက ပြောလာတဲ့အခါ

“ငါတို့ မင်းကို ကောင်းကောင်းသင်ပေးထားရဲ့သားနဲ့။ ဘုရားသခင်ရှိတယ်ဆိုတာ မင်းယုံကိုယုံရမယ်လို့ပြန်ပြောမယ့်အစား

“သား ဘာလို့ ဒီလိုခံစားရတာလဲ” လို့ပြောနိုင်တယ်။

ကလေးရဲ့ခံစားချက်ကို ဘာကြောင့် သိအောင်လုပ်သင့်တာလဲ။ အကြောင်းကတော့ သူ ဘာပြောနေသလဲဆိုတာ သင်ကြားရပေမဲ့ သူ ဘာစဉ်းစားနေသလဲဆိုတာကို သိအောင်လုပ်ဖို့လိုအပ်တယ်။ (သု. ၂၀:၅) ဖြစ်နိုင်တာက ဘုရားသခင် ရှိမရှိဆိုတာထက် ဘုရားသခင်ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ ပတ်သက်နေနိုင်တယ်။

ဥပမာ၊ ကိုယ်ကျင့်တရားဆိုင်ရာ ဘုရားသခင့်ပညတ်တွေကို ချိုးဖောက်ဖို့ ဖိအားပေးခံနေရတဲ့ လူငယ်တစ်ယောက်က သူ့ခေါင်းထဲကနေ ဘုရားသခင်ကိုဖယ်ထုတ်လိုက်ခြင်းအားဖြင့် ဒါတွေကို လက်ခံနိုင်စရာအဖြစ် ယူမှတ်ဖို့ ကြိုးစားမယ်။ (ဆာလံ ၁၄:၁) ‘ဘုရားသခင်သာမရှိဘူးဆိုရင် ငါလည်း ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်စရာမလိုတော့ဘူး’ လို့ သူတွေးနေနိုင်တယ်။

သင့်ဆယ်ကျော်သက်ကလေးက အဲဒီလို တွေးတောနေမယ်ဆိုရင် ဒီမေးခွန်းကို သူ့ကိုစဉ်းစားဆင်ခြင်စေသင့်တယ်– ဘုရားသခင့်စံနှုန်းတွေက ငါ့ကောင်းကျိုးအတွက်ပဲဆိုတာ ငါယုံရဲ့လား။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒါတွေဟာ သူ့ကောင်းကျိုးအတွက်ပဲဆိုတာ သူယုံတယ်ဆိုရင် သူ့ကောင်းကျိုးအတွက် ဒီစံနှုန်းတွေကို သူ လိုက်လျှောက်သင့်တယ်ဆိုတာ သိမြင်အောင် ကူညီပေးပါ။—ဂလာတိ ၅:၁

“ဒါက အဖေတို့ယုံကြည်တဲ့ ဘာသာ။ ကျွန်တော့်ဘာသာမဟုတ်ဘူး” လို့သင့်ဆယ်ကျော်သက်ကလေးက ပြောလာတဲ့အခါ

“ဒါ ငါတို့ယုံကြည်တဲ့ ဘာသာ၊ မင်းက ငါတို့ကလေး၊ ငါတို့ပြောတာကို မင်းယုံရမယ်” လို့ပြန်ပြောမယ့်အစား

“ဒါက တော်တော်လေးပြင်းထန်တဲ့ လေသံပဲ။ ကောင်းပြီ၊ သားက အဖေတို့ရဲ့ယုံကြည်ချက်ကို ငြင်းပယ်တယ်ဆိုရင် သားယုံကြည်ရာတစ်ခုခု ရှိရလိမ့်မယ်။ ဒီတော့ သားရဲ့ယုံကြည်ချက်က ဘာလဲ။ ဘယ်စံနှုန်းနဲ့အညီ နေထိုင်တာက မှန်ကန်တယ်လို့ သားထင်သလဲ” လို့ပြောနိုင်တယ်။

ကလေးရဲ့ခံစားချက်ကို ဘာကြောင့် သိအောင်လုပ်သင့်တာလဲ။ အကြောင်းကတော့ သူနဲ့ ဒီလိုကျိုးကြောင်းဆင်ခြင်ခြင်းအားဖြင့် သူ့အတွေးအခေါ်ကို သူပြန်ဆန်းစစ်ဖို့ ကူညီပေးနိုင်ပါတယ်။ သူယုံကြည်တာက သင်ယုံကြည်ရာနဲ့တူနေပြီး သူစိုးရိမ်ရာက တခြားသီးသန့်အရာတစ်ခုဖြစ်နေတာကို တွေ့ရလို့ အံ့သြသွားပါလိမ့်မယ်။

ဥပမာ၊ သင့်ဆယ်ကျော်သက်ကလေးက သူ့ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဘယ်လိုရှင်းပြရမလဲဆိုတာ မသိတာဖြစ်နိုင်တယ်။ (ကောလောသဲ ၄:၆; ၁ ပေတရု ၃:၁၅) ဒါမှမဟုတ် ယုံကြည်ခြင်းမတူတဲ့ လိင်ခြားသူတစ်ဦးကို သဘောကျနေတာ ဖြစ်နိုင်တယ်။ ပြဿနာရင်းမြစ်ကို သိအောင်လုပ်ပါ၊ ဒါကို ဖြေရှင်းနိုင်ဖို့ သူ့ကို ကူညီပေးပါ။ သူ့ရဲ့ သိနားလည်နိုင်စွမ်းကို သူ ပိုအသုံးပြုလေ လူကြီးဖြစ်လာဖို့ ပိုအသင့်ဖြစ်လာလေပါပဲ။

၂ လူကြီးဘဝအတွက် လမ်းညွှန်

“ဒေါသနဲ့စိတ်ဖိစီးမှု” ကို ဆယ်ကျော်သက်အရွယ်မှာ မျှော်လင့်ထားရမယ်လို့ စိတ်ပညာရှင်တချို့ပြောကြပေမဲ့ ယနေ့ခေတ် တချို့အသိုင်းအဝိုင်းတွေမှာ ရှိပုံမရဘူး၊ ရှိရင်လည်း အနည်းငယ်လောက်ပဲ။ အဲဒီလိုအသိုင်းအဝိုင်းမှာ လူငယ်တွေကို ငယ်ရွယ်စဉ်အစောပိုင်းကတည်းက လူကြီးစာရင်း သွင်းလိုက်ကြတယ်ဆိုတာ သုတေသီတွေ တွေ့ခဲ့ကြတယ်။ အဲဒီမှာရှိတဲ့လူငယ်တွေဟာ အရွယ်ရောက်ပြီးသူတွေနဲ့အတူ အလုပ်လုပ်ကြ၊ ပေါင်းသင်းကြပြီး အရွယ်ရောက်ပြီးသူတစ်ဦးလို တာဝန်တွေပေးအပ်ခံရတယ်။ “လူငယ်သဘာဝ၊” “သက်ငယ်ပြစ်မှု၊” နဲ့ “မြီးကောင်ပေါက်အရွယ်” ဆိုတဲ့ စကားလုံးတောင် မရှိဘူး။

ဒါနဲ့ဆန့်ကျင်ဘက်၊ နိုင်ငံအများစုမှာတွေ့နေရတဲ့ အခြေအနေကို သုံးသပ်ကြည့်ပါ၊ လူများလွန်းတဲ့ကျောင်းမှာ သူတို့ပေါင်းသင်းစရာဆိုလို့ ရွယ်တူချင်းတွေလောက်သာရှိတယ်။ အိမ်ပြန်ရောက်ပြန်တော့လည်း ဘယ်သူမှ မရှိပြန်ဘူး။ အဖေနဲ့အမေက အလုပ်သွားကြတယ်။ အမျိုးတွေနေတာကလည်း အဝေးကြီးမှာ။ သူတို့အတွက် ပေါင်းသင်းနိုင်မယ့်မိတ်ဆွေဆိုလို့ သူတို့ရဲ့ ရွယ်တူချင်းတွေပဲရှိတယ်။ * ဒီအချက်မှာ အန္တရာယ်ကို သင်မြင်ပါသလား။ မကောင်းတဲ့အုပ်စုနဲ့ ပေါင်းသင်းမိတယ်ဆိုတာလောက်ပဲမဟုတ်ဘူး။ စံပြလူငယ်တွေတောင် လူကြီးတွေနဲ့ သီးခြားဖြစ်နေမယ်ဆိုရင် အသိတရားမဲ့လုပ်ရပ်တွေ လုပ်တတ်ကြကြောင်း သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။

လူငယ်တွေကို လူကြီးတွေနဲ့သီးသန့်ခွဲထုတ်မထားတဲ့ အသိုင်းအဝိုင်းတစ်ခုက ရှေးခေတ် အစ္စရေးလူမျိုးဖြစ်တယ်။ * ဥပမာ၊ ဆယ်ကျော်သက်အရွယ်မှာတင် ယုဒဘုရင်ဖြစ်လာတဲ့ ဩဇိမင်းအကြောင်း ကျမ်းစာက ဖော်ပြတယ်။ ဒီလိုကြီးလေးတဲ့တာဝန်ကို ဩဇိထမ်းဆောင်နိုင်အောင် ဘာကထောက်ကူခဲ့သလဲ။ သေချာတာက၊ အနည်းဆုံးတော့ “ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအရာ၌ သွန်သင်” သူလို့ ကျမ်းစာကခေါ်ဆိုတဲ့ အသက်ကြီးသူ ဇာခရိရဲ့ ဩဇာလွှမ်းမိုးမှု ခံခဲ့ရလို့ဖြစ်တယ်။—၂ ရာဇဝင်ချုပ် ၂၆:၅သမ။

သင့်ကလေးမှာ သင့်စံနှုန်းတွေနဲ့တူညီသူ လူကြီးအပေါင်းအသင်းတွေ ရှိပါသလား။ ရှိတယ်ဆိုရင် သင့်ကလေး သူတို့နဲ့ပေါင်းသင်းတဲ့အခါ မကြည်မဖြူမဖြစ်ပါနဲ့။ သူတို့က သင့်ကလေးကို သင့်စံနှုန်းတွေအကြောင်း သွန်သင်ပေးသွားနိုင်တယ်။ ဒါက မှန်ရာကိုလုပ်ဖို့ သင့်ကလေးကို ထောက်ကူပေးနိုင်တယ်။ ကျမ်းစာရဲ့ ကျော်ကြားတဲ့စကားတစ်ခွန်းမှာ ဒီလိုဖော်ပြထားတယ်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။”—သု. ၁၃:၂၀

၃ တာဝန်ယူတတ်တဲ့စိတ်

တချို့နိုင်ငံတွေမှာ လူငယ်တွေကို တစ်ပတ်မှာ ဘယ်နှစ်နာရီထက်ပိုပြီး အလုပ်လုပ်ခွင့်မပြုဘူး၊ ဘယ်အလုပ်မျိုးလုပ်ခွင့်မပြုဘူးဆိုတဲ့ ဥပဒေတွေရှိတယ်။ ဒီဥပဒေတွေက ၁၈၊ ၁၉ ရာစု စက်မှုတော်လှန်ရေးကနေ ထွက်ပေါ်လာတာဖြစ်ပြီး ကလေးတွေကို အန္တရာယ်ရှိတဲ့အလုပ်မျိုးကနေ ကာကွယ်ပေးဖို့ ထုတ်ထားခြင်းဖြစ်တယ်။

ကလေးအလုပ်သမားဆိုင်ရာဥပဒေတွေက လူငယ်တွေကို အန္တရာယ်နဲ့ မတရားခိုင်းစေမှုကနေ ကာကွယ်ပေးတာမှန်ပေမဲ့ ဒီကန့်သတ်ချက်တွေက လူငယ်တွေကို တာဝန်ယူတတ်တဲ့စိတ်မရှိအောင် လုပ်သလိုဖြစ်နေတယ်လို့ ကျွမ်းကျင်သူတချို့ ဆိုကြတယ်။ ရလဒ်က စာအုပ်တစ်အုပ်မှာ (Escaping the Endless Adolescence) ပြောတဲ့အတိုင်း ဆယ်ကျော်သက်များစွာဟာ “‘တစ်ခုခုအတွက် အသည်းအသန်ကြိုးစားအားထုတ်နေစရာမလိုဘူး၊ ရထိုက်တယ်၊ ရပိုင်ခွင့်လည်းရှိတယ်’ ဆိုတဲ့ သဘောထားတွေ” ဝင်လာကြတယ်။ “အဲဒါက သဘာဝကျပုံရနေတယ်၊ အကြောင်းက ဆယ်ကျော်သက်တွေဆီကနေ တစ်ခုခုရဖို့မမျှော်လင့်နဲ့၊ သူတို့လိုချင်တာတွေကိုသာ ဖြည့်ဆည်းပေးဆိုတဲ့ သဘောထားတွေ တိုးများလာနေတဲ့ လောကကြီးမှာအသက်ရှင်နေရလို့ဖြစ်တယ်” ဆိုပြီး အဲဒီစာအုပ်ရဲ့စာရေးဆရာတွေက သတိပြုမိကြတယ်။

ဒါနဲ့ဆန့်ကျင်ဘက်၊ ကျမ်းစာက ငယ်ရွယ်စဉ်အစောပိုင်းကတည်းက ကြီးလေးတဲ့တာဝန်တွေလွှဲအပ်ခံရတဲ့ လူငယ်တွေအကြောင်း ပြောပြတယ်။ ဥပမာ၊ တိမောသေကို ကြည့်ပါ။ သူ့ဘဝကို များစွာသြဇာလွှမ်းမိုးတဲ့ တမန်တော်ပေါလုနဲ့ စတွေ့စဉ်တုန်းက တိမောသေဟာ ဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်။ တစ်ခါက၊ ပေါလု သူ့ကိုဒီလိုပြောခဲ့တယ်– “သင်ရရှိသော ဘုရားသခင့်ဆုကျေးဇူးတော်ကို ရှင်သန်နေစေ” ပါ။ (၂ တိမောသေ ၁:၆) ဆယ်ကျော်သက်နှောင်းပိုင်း ဒါမှမဟုတ် အသက် ၂၀ လောက်မှာတင် တိမောသေက အိမ်ကနေထွက်ခွာခဲ့ပြီး ပေါလုနဲ့အတူခရီးသွားကာ အသင်းတော်တွေတည်ထောင်ရာမှာ၊ ညီကိုတွေကို အားပေးတည်ဆောက်ရာမှာ ကူညီပေးခဲ့တယ်။ တိမောသေနဲ့အတူ ဆယ်နှစ်လောက်တွဲလုပ်ခဲ့ပြီးနောက် ပေါလုက ဖိလိပ္ပိမြို့မှာရှိတဲ့ခရစ်ယာန်တွေကို ဒီလိုရေးနိုင်ခဲ့တယ်– “ထိုသူကဲ့သို့ သင်တို့အကျိုးကို အမှန်လိုလားသော စိတ်ထားမျိုးရှိသူ တစ်ယောက်မျှ ငါ၌မရှိ။”—ဖိလိပ္ပိ ၂:၂၀

အမှန်တော့၊ ဆယ်ကျော်သက်တွေဟာ တာဝန်ယူဖို့ စိတ်အားထက်သန်လေ့ရှိတယ်၊ အထူးသဖြင့် သူတို့အတွက် တစ်မူထူးတဲ့၊ အကျိုးရှိတဲ့အလုပ်လို့ သူတို့ယူမှတ်တဲ့အခါမှာဖြစ်တယ်။ ဒါက အနာဂတ်မှာ တာဝန်ယူတတ်တဲ့လူကြီးတစ်ယောက်ဖြစ်မယ့် သူတို့အတွက် လေ့ကျင့်မှုဖြစ်ရုံသာမက အခုအချိန်မှာတောင် အကျိုးများစွာရရှိစေတယ်။

ပြောင်းလဲသွားတဲ့ “ဝန်းကျင်” နဲ့ အလိုက်သင့်နေထိုင်ခြင်း

ဒီဆောင်းပါးရဲ့ အစမှာ ဖော်ပြထားသလိုပါပဲ၊ သင်ဟာ ဆယ်ကျော်သက်တစ်ဦးရဲ့ မိဘဖြစ်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနဲ့ လုံးဝကွဲပြားခြားနားသွားတဲ့ “ဝန်းကျင်” မှာ ရောက်ရှိနေတယ်လို့ သင်ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ သင့်ကလေးကြီးထွားလာစဉ်တုန်းကလိုပါပဲ၊ ဒီအချိန်မှာလည်း သင်အလိုက်သင့်နေနိုင်တယ်ဆိုတာ စိတ်ချပါ။

သင့်ကလေးရဲ့ ဆယ်ကျော်သက်အရွယ်ကို (၁) သိနားလည်နိုင်စွမ်းကို ပျိုးထောင်ပေးဖို့ (၂) လူကြီးဘဝအတွက် လမ်းညွှန်ပေးဖို့ နဲ့ (၃) တာဝန်သိတတ်တဲ့စိတ်ရှိအောင် လုပ်ပေးဖို့ အခွင့်အရေးအဖြစ် ယူမှတ်ပါ။ ဒီလိုလုပ်ခြင်းက ဆယ်ကျော်သက်ကလေးကို လူကြီးဘဝအတွက် သင်ပြင်ဆင်ပေးနေခြင်း ဖြစ်တယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 17 ဆယ်ကျော်သက်အရွယ်ကို “ရှည်လျားသောနှုတ်ဆက်ခွဲခွာချိန်” ဆိုပြီးစာအုပ်တစ်အုပ်က သင့်လျော်စွာနဲ့ခေါ်ဆိုထားတယ်။ ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ၂၀၀၉ ခုနှစ်၊ မေလ ၁ ရက်ထုတ် ကင်းမျှော်စင်မှ စာမျက်နှာ ၁၀-၁၂ ကို ကြည့်ပါ။

^ အပိုဒ်၊ 38 ဖျော်ဖြေမှုတွေကလည်း လူငယ်ချင်းသာပေါင်းသင်းချင်တဲ့ ဆယ်ကျော်သက်တွေရဲ့ဆန္ဒကို မြှောက်ပင့်ပေးနေပြီး ‘လူငယ်တွေမှာ ကိုယ်ပိုင်လူငယ့်သဘာဝရှိတယ်၊ ဒါကို လူကြီးတွေ နားလည်မှာမဟုတ်ဘူး၊ သိမှာလည်းမဟုတ်ဘူး’ ဆိုတဲ့ အတွေးအခေါ်ကို မြှင့်တင်ပေးနေတယ်။

^ အပိုဒ်၊ 39 ကျမ်းစာမှာ “မြီးကောင်ပေါက်” နဲ့ “ဆယ်ကျော်သက်” ဆိုတဲ့စကားလုံးတွေကို မတွေ့ရပါ။ ခရစ်ယာန်ခေတ်မတိုင်ခင်ကနဲ့ ခရစ်ယာန်ခေတ်မှာ ဘုရားသခင့်လူမျိုးတော်အလယ်ရှိ လူငယ်တွေကို ငယ်ရွယ်စဉ်အစောပိုင်းကတည်းက လူကြီးစာရင်းသွင်းလိုက်တယ်ဆိုတာ ထင်ရှားတယ်။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“ဒီထက်ကောင်းတဲ့မိဘမျိုး ကျွန်မ စိတ်ကူးလို့တောင် မရဘူး”

ယေဟောဝါသက်သေမိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို ကျမ်းစာစံနှုန်းတွေအတိုင်းအသက်ရှင်ဖို့ စကားနဲ့ရော၊ ပုံသက်သေအားဖြင့်ပါ သင်ပေးကြတယ်။ (ဧဖက် ၆:၄) ဒါပေမဲ့ အတင်းအကျပ်တော့ မလုပ်ကြဘူး။ သား ဒါမှမဟုတ် သမီးဖြစ်သူ အရွယ်ရောက်လာပြီဆိုရင် ကိုယ့်စံနှုန်းကို ကိုယ်ကိုယ်တိုင် ရွေးချယ်ရမယ်ဆိုတာ သက်သေခံမိဘတွေ သိထားကြတယ်။

၁၈ နှစ်အရွယ်အက်ရှ်လင်းက သူ့မိဘတွေသင်ပေးခဲ့တဲ့စံနှုန်းအတိုင်း အသက်ရှင်ဖို့ ရွေးချယ်ခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကျွန်မအတွက်တော့ ကျွန်မဘာသာတရားဟာ တစ်ပတ်မှာ တစ်ရက်လောက်ပဲလုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ ဒါဟာ ကျွန်မရဲ့ ဘဝလမ်းစဉ်ဖြစ်တယ်။ ကျွန်မဘာသာတရားက ကျွန်မရဲ့ သူငယ်ချင်း၊ ကျွန်မတက်တဲ့သင်တန်း၊ ကျွန်မဖတ်တဲ့စာအုပ်ကအစ ကျွန်မရဲ့ လုပ်ဆောင်မှုအားလုံး၊ ဆုံးဖြတ်ချက်အားလုံးနဲ့ သက်ဆိုင်မှုရှိတယ်။”

အက်ရှ်လင်းက သူ့ခရစ်ယာန်မိဘတွေရဲ့ ပြုစုပျိုးထောင်ပေးမှုကို အရမ်းကျေးဇူးတင် လေးမြတ်တယ်။ သူဒီလိုပြောတယ်– “ဒီထက်ကောင်းတဲ့မိဘမျိုး ကျွန်မ စိတ်ကူးလို့တောင် မရဘူး။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ချင်တဲ့စိတ်ရှိအောင် သွန်သင်ပေးခဲ့တာကို ကျွန်မအရမ်းကျေးဇူးတင်တယ်။ ကျွန်မအသက်ရှင်နေသရွေ့ မိဘတွေဟာ ကျွန်မရဲ့လမ်းပြညွှန်ကြားပေးသူတွေဖြစ်နေလိမ့်မယ်။”

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သင့်ဆယ်ကျော်သက်ကလေးကို စကားပြောခွင့်ပြုပါ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အရွယ်ရောက်ပြီးသူအပေါင်းအသင်းကောင်းတွေက သင့်ကလေးအပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးနိုင်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အကျိုးရှိတဲ့အလုပ်တွေက ဆယ်ကျော်သက်တွေကို တာဝန်ယူတတ်တဲ့ လူကြီးတွေ ဖြစ်လာစေနိုင်