မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘများပြောဆိုရာ

မိဘများပြောဆိုရာ

မိဘများပြောဆိုရာ

သင့်ကလေးတွေ ကြီးလာတာနဲ့အမျှ နာခံတတ်ခြင်းရဲ့တန်ဖိုးနဲ့ အသုံးဝင်မယ့်အရည်အသွေးတွေကို ဘယ်လိုသင်ပေးနိုင်မလဲ။ ကမ္ဘာတစ်ဝန်းက မိဘတချို့ ပြောဆိုရာတွေကို မှတ်သားကြည့်ပါ။

လူမှုရေးနဲ့ အိမ်မှုကိစ္စများ

“ကျွန်တော်တို့ အတူတူစားသောက်ပြီး တစ်နေ့တာအကြောင်းပြောကြတဲ့အခါ ဘယ်လိုနားထောင်ရမလဲဆိုတာ ကလေးတစ်ယောက်စီသိလာကြတယ်။ အဖေနဲ့ အမေက စိတ်ရှည်ရှည်နဲ့ နားထောင်တာကို သူတို့တွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက်သာမက ကိုယ့်ကိုယ်ကိုယ်ပါ လေးစားတတ်လာကြတယ်။”—ရစ်ချက်၊ ဗြိတိန်။

“ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် လေးစားကြပြီး သူတို့ရဲ့သဘောထားကွဲလွဲမှုတွေကို ကျွန်တော်တို့အကူအညီမပါဘဲ ဖြေရှင်းကြတာကို မြင်ရတာက အရမ်းကို နှစ်သက်စရာကောင်းတယ်။ လူကြီးသူမတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြတယ်။”—ဂျွန်၊ တောင်အာဖရိက။

“ကျွန်မဟာ ခြောက်ပြစ်ကင်းသဲလဲစင်သူတစ်ယောက်မဟုတ်ဘူး။ ဒါကြောင့် မရည်ရွယ်ဘဲ ကလေးတွေကို စိတ်ထိခိုက်စေမိတဲ့ အခါမျိုးတွေရှိတယ်။ အဲဒီလိုဖြစ်ပြီဆိုရင် ကိုယ့်အမှားကို ပြန်တောင်းပန်ဖို့ ကျွန်မအတွက် အရမ်းအရေးကြီးတယ်။”—ဂျက်နေးလ်၊ ဩစတြေးလျ။

“အိမ်အတွက် တောက်တိုမယ်ရအလုပ်လေးတွေကို လုပ်တတ်ဖို့ ကျွန်တော်တို့ကလေးတွေကို လေ့ကျင့်ပေးထားတယ်။ တခြားသူတွေအကျိုးအတွက် လုပ်ပေးတတ်အောင်သင်ပေးထားတဲ့အခါ မိသားစုကို အေးချမ်းငြိမ်သက်စေပြီး ပြေပြေလည်လည် ရှိစေတယ်။ ကလေးတွေလည်း ကျေနပ်ပျော်ရွှင်ကြတယ်။”—ခလိဗ်၊ ဩစတြေးလျ။

“တစ်ယောက်ကိုတစ်ယောက် နားလည်ပေးတတ်အောင်၊ လေးစားတတ်အောင်၊ ခွင့်လွှတ်တတ်အောင်သင်ပေးရတာ မလွယ်ကူပေမဲ့ အရမ်းအရေးကြီးတယ်။”—ယူကို၊ ဂျပန်။

သန့်ရှင်းမှုနဲ့ ကျန်းမာရေး

“ကျွန်တော်တို့ကလေးတွေကို သူတို့ဘာသာသူတို့ ရေချိုးတတ်အောင် ငယ်ငယ်ကတည်းက သင်ပေးထားတယ်။ အရုပ်ပုံစံဆပ်ပြာ၊ ကာတွန်းပုံပါတဲ့ ခေါင်းလျှော်ရည်ဗူး၊ တိရစ္ဆာန်ပုံ ရေမြှုပ်လေးတွေသုံးပြီး ရေချိုးရတာ ပျော်စရာဖြစ်အောင် လုပ်ထားပေးတယ်။”—အက်ဒ်ဂါ၊ မက္ကဆီကို။

“ရေပိုက်စနစ်မရှိတဲ့ဒေသမှာ ကျွန်မတို့နေတုန်းက ဆပ်ပြာနဲ့ရေကို အလွယ်တကူ လက်လှမ်းမှီတဲ့နေရာမှာရှိနေအောင် လုပ်ထားပြီး အိမ်ထဲမဝင်ခင် ကျွန်မတို့ လက်ဆေးကြတယ်။”—အန်းဂျူးရန့်၊ နိုင်ဂျီးရီးယား။

“ကလေးတွေကို နေ့တိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာကိုကျွေးပြီး မျှမျှတတစားဖို့ ဘာကြောင့်အရေးကြီးသလဲဆိုတာ ကျွန်မတို့ ရှင်းပြထားတယ်။ ကလေးတွေက ဟင်းအမည်တစ်ခုစီမှာဘာတွေပါဝင်သလဲဆိုတာ စိတ်ဝင်စားလာတဲ့အတွက် ချက်ပြုတ်တဲ့အခါ သူတို့ကိုပါ ဝင်ကူလုပ်ခိုင်းတယ်။ ဒီလို အတူတူချက်ပြုတ်တဲ့အခါ စကားလည်းပြောဖြစ်သွားကြတယ်။”—စန်ဒရာ၊ ဗြိတိန်။

“လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးတဲ့အတွက် မိဘတွေအနေနဲ့ ပုံသက်သေကောင်းပြဖို့ ကျွန်မတို့ကြိုးစားကြတယ်။ မိသားစုလိုက် ပြေးရတာ၊ ရေကူးရတာ၊ တင်းနစ်၊ ဘက်စကတ်ဘော ကစားရတာ ဒါမှမဟုတ် စက်ဘီးအတူတူစီးရတာတွေကို ကလေးတွေနှစ်သက်ကြတယ်။ လေ့ကျင့်ခန်းဆိုတာ အရေးကြီးတယ်ဆိုတာလောက်ပဲမဟုတ်ဘူး၊ ပျော်စရာလည်းကောင်းတယ်ဆိုတာ သူတို့ သိသွားကြတယ်။” —ခါးရန်၊ ဩစတြေးလျ။

“ကလေးတွေအလိုအပ်ဆုံးက မိဘတွေနဲ့ အတူရှိနေတဲ့အချိန်ပဲ။ ဒါကို ဘာနဲ့မှအစားထိုးလို့မရဘူး၊ ပိုက်ဆံ၊ လက်ဆောင်၊ အပျော်ခရီးစဉ်တွေနဲ့ အစားထိုးလို့မရဘူး။ ကျွန်မကတော့ ကလေးတွေကျောင်းသွားကြတဲ့ နံနက်ပိုင်းမှာပဲ အလုပ်ထွက်လုပ်တယ်။ ညနေပိုင်းကိုတော့ ကလေးတွေအတွက် ဖယ်ထားတယ်။”—ရိုမီနာ၊ အီတလီ။

ဆုံးမပဲ့ပြင်မှု

“အကောင်းဆုံး ဆုံးမနည်းဆိုတာ မရှိဘဲ အခြေအနေပေါ်မူတည်ပြီး ဆုံးမရတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ်။ ဆုံးမတယ်ဆိုတဲ့အခါ တစ်ခါတလေ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုတာမျိုးဖြစ်ပြီး တစ်ခါတလေကျပြန်တော့ ကလေးရဲ့ အခွင့်အရေးတချို့ကို ရုပ်သိမ်းလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။”—အိုဘီတီ၊ နိုင်ဂျီးရီးယား။

“ပြောစကားကို ကလေးတွေနားလည်တယ်ဆိုတာ သေချာအောင် ကျွန်တော်တို့ ပြောတဲ့စကားကို သူတို့ကို ပြန်ပြောခိုင်းတယ်။ ပြီးရင် အဲဒီအတိုင်း ကျွန်တော်တို့လုပ်ကြတယ်။ ပြောစကားနားထောင်တဲ့ကလေးမျိုး ဖြစ်လာစေချင်တယ်ဆိုရင် ပြောစကားနားမထောင်တဲ့ အကျိုးဆက်ကို သူတို့ရှောင်လွှဲလို့မရဘူးဆိုတာ သေချာစေရမယ်။”—ကလိဗ်၊ ဩစတြေးလျ။

“ကလေးတွေကိုပဲ့ပြင်ပေးတဲ့အခါ သူတို့နဲ့မျက်နှာချင်းဆိုင်မိအောင် ဒူးကွေးပြီး စကားပြောတာက ထိရောက်တယ်ဆိုတာ ကျွန်မတွေ့ခဲ့တယ်။ ဒီလိုလုပ်ခြင်းက သူတို့ရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရရှိစေတယ်။ ဒါ့အပြင် သူတို့က ကျွန်မရဲ့ မျက်နှာနေမျက်နှာထားကို တွေ့ မြင်ပြီး ဒါက ကျွန်မပြောတဲ့စကားလုံးတွေထက် ပိုထိရောက်တယ်။”—ဂျက်နီဖာ၊ ဩစတြေးလျ။

“‘ပြောစကားကို မင်းတို့ ဘယ်တော့မှ နားမထောင်ဘူး’ ဆိုတဲ့စကားကို မှန်နေရင်တောင်မှ ကလေးတွေကို မပြောမိဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ကလေးတစ်ယောက်ရဲ့ရှေ့မှာ နောက်တစ်ယောက်ကိုဆုံးမတာမျိုး ဘယ်တော့မှမလုပ်ဘူး။ လေသံတိုးတိုးနဲ့ ပြောရင်ပြော၊ ဒါမှမဟုတ် တခြားနေရာခေါ်သွားပြီး သီးသန့်ဆုံးမတယ်။”—ယူဒီ၊ မိုဇမ်ဘစ်။

“ကလေးတွေက ပုံသွင်းရလွယ်ကူပြီး တခြားသူတွေကို တုပလေ့ရှိတယ်။ ဒါကြောင့် ကျောင်းနေဖက်တွေ၊ ရုပ်မြင်သံကြားနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ မကောင်းတဲ့သြဇာ လွှမ်းမိုးမခံရအောင် ကျွန်တော်တို့ ကြိုးစားဖို့လိုတယ်။ မှန်ကန်ဖြောင့်မတ်တဲ့မူတွေအပေါ်အခြေခံတဲ့ အကျင့်စာရိတ္တကောင်းတွေရှိလာအောင် ကျွန်တော်တို့ ပြုစုပျိုးထောင်ပေးတယ်။ စာရိတ္တစံနှုန်းကောင်းတွေက အကျိုးယုတ်စေတဲ့အရာမှန်သမျှကို ငြင်းပယ်ဖို့ သူတို့ကို ထောက်ကူပေးတယ်။”—ဂျီအိုရီ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ။

“ဆုံးမပဲ့ပြင်တဲ့အခါ ခိုင်မာမှုရှိဖို့၊ မျှတဖို့နဲ့ အပြောင်းအလဲမရှိဘဲ တစ်သမတ်တည်းဖြစ်ဖို့ လိုတယ်။ အမှားလုပ်ရင် အကျိုးဆက်ဆိုတာရှိတယ်၊ စကားနားမထောင်ရင် သင်ပြောထားတဲ့အတိုင်း သင်လုပ်မယ်ဆိုတာ သူတို့ သိထားရမယ်။”—အိုဝင်၊ အင်္ဂလန်။

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

“သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိသားစုမှတ်တမ်းအကျဉ်း

ကြင်ဖော်မဲ့မိဘတစ်ဦးအနေနဲ့ အောင်မြင်နေ

လူစင်ဒါ ဖော်စတာနဲ့ လူတွေ့မေးမြန်းခန်း

ကြင်ဖော်မဲ့မိဘတစ်ဦးအနေနဲ့ ဘယ်အရာက သင့်အတွက်အခက်ခဲဆုံးလဲ။

မိဘတစ်ဦးဖြစ်ရတဲ့အခြေအနေကိုယ်နှိုက်က ခက်ခဲပါတယ်၊ ဒါပေမဲ့ ကျွန်မက ကြင်ဖော်မဲ့မိခင်တစ်ဦးဖြစ်တဲ့အတွက် ကျွန်မရဲ့အချိန်၊ ခွန်အားတွေကို မျှမျှတတအသုံးပြုနိုင်ဖို့ကိစ္စမှာ အရမ်းခက်ခဲတယ်။ စည်းကမ်းတွေ၊ စံနှုန်းတွေကို ကလေးတွေရဲ့နှလုံးထဲရောက်အောင် အချိန်ယူသွန်သင်ပေးရသလို အတူတူအပန်းဖြေ၊ ရယ်မောရတဲ့အချိန်တွေလည်းရှိအောင် စီစဉ်ခဲ့ရတယ်။ ကျွန်မ အနားယူရမယ့်အချိန်မှာ အနားမယူဘဲ အိမ်အလုပ်တွေကို လုပ်ရတဲ့အခါတွေလည်းရှိတယ်။

သမီးတွေနဲ့ ရင်းနှီးပွင့်လင်းတဲ့ပြောဆိုဆက်ဆံရေးရှိအောင် ဘယ်လိုကြိုးစားခဲ့သလဲ။

ကျွန်မကွာရှင်းပြီးတဲ့နောက် ကလေးတွေဟာ မလုံခြုံဘူးလို့ခံစားရတဲ့အခါတွေရှိသလို စိတ်ဆိုးဒေါသထွက်တဲ့အခါတွေလည်းရှိတယ်။ ပြဿနာတစ်ခုဖြစ်လာတဲ့အခါ အေးဆေးတည်ငြိမ်တဲ့လေသံနဲ့ ကလေးတွေကို ကြည့်ပြီးစကားပြောတာ အရမ်းအရေးကြီးတယ်ဆိုတာ သိခဲ့ရတယ်။ အခြေအနေအေးအေးဆေးဆေးဖြစ်သွားတဲ့အထိ ကျွန်မစောင့်တယ်၊ တစ်ဆိတ်ကို တစ်အိတ်ဖြစ်အောင်မလုပ်ဘဲ ကျွန်မစိုးရိမ်ရတဲ့အကြောင်းကို သူတို့ကိုကောင်းကောင်းပြောပြတယ်။ သူတို့ရဲ့ထင်မြင်ချက်တွေကို ပြောပြခိုင်းတယ်၊ သူတို့ပြောတာကို ကောင်းကောင်းနားထောင်တယ်၊ သူတို့ရဲ့ခံစားချက်ကို ကျွန်မတကယ်အလေးထားတယ်ဆိုတာ ဖော်ပြတယ်။ ကလေးတွေရဲ့ ကျောင်းကိစ္စကို ကျွန်မ စိတ်ဝင်စားတယ်၊ သူတို့ကြိုးစားလုပ်တာတွေကို ချီးမွမ်းပေးတယ်။ အေးဆေးပြီး သက်သောင့်သက်သာရှိတဲ့ဝန်းကျင်မှာ ကျွန်မတို့ အမြဲတမ်းပဲ ထမင်းလက်ဆုံစားကြတယ်။ သူတို့ကို ကျွန်မ ဘယ်လောက်ချစ်သလဲဆိုတာကိုလည်း အမြဲပြောတယ်။

စည်းနဲ့ကမ်းနဲ့ သူတို့ကိုဘယ်လိုအုပ်ထိန်းသလဲ။

ဘာစည်းကမ်းတွေထုတ်ထားတယ်ဆိုတာ ကလေးတွေ သိထားဖို့လိုပြီး ထုတ်ထားတဲ့စည်းကမ်းတွေကလည်း အခုနေတစ်မျိုး တော်ကြာတစ်မျိုးမဖြစ်ရဘူး။ ကြင်နာမှုရှိပြီး တစ်ချိန်တည်းမှာ ခိုင်မာမှုရှိအောင် ကျွန်မကြိုးစားတယ်။ အမူအကျင့်တစ်ခုက ဘာကြောင့်မှားတယ်ဆိုတာ ကလေးတွေကို ကျိုးကြောင်းဆင်ခြင်ပြပြီး ရှင်းပြတယ်။ သူတို့ကိုမဆုံးမခင် သူတို့စိတ်ထဲဘာတွေရှိသလဲဆိုတာသိအောင် မေးခွန်းတွေမေးတယ်၊ ဒီအမူအကျင့်ကို သူတို့ဘာကြောင့်လုပ်ရသလဲဆိုတာ သိအောင်လုပ်တယ်။ ကျွန်မဘက်ကမှားသွားတယ်ဆိုရင်၊ ဥပမာ အခြေအနေကို ကျွန်မအထင်လွဲနေတာမျိုးဆိုရင် သူတို့ကို ကျွန်မတောင်းပန်လိုက်တယ်။

တခြားသူတွေကို လေးစားတတ်အောင် ကလေးတွေကို ဘယ်လိုသင်ပေးသလဲ။

ကိုယ့်ကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်း တခြားသူတွေကိုဆက်ဆံပါဆိုတဲ့ ယေရှုသင်ပေးခဲ့တဲ့စကားကို သူတို့ကိုပြန်သတိရစေတယ်။ (လုကာ ၆:၃၁) သူတို့ကြားမှာရှိတဲ့ပြဿနာတွေကို ကိုယ့်ဘာသာကိုယ်အတတ်နိုင်ဆုံးဖြေရှင်းကြဖို့ သမီးတွေကို အားပေးတယ်၊ သူတို့တွေ စိတ်ရှုပ်နေတဲ့အခါမှာတောင် နူးညံ့သိမ်မွေ့စွာ၊ ကြင်နာစွာတုံ့ပြန်ပြောဆိုခြင်းက ဘယ်လောက်အကျိုးရှိသလဲဆိုတာလည်း သူတို့ကို သင်ပေးတယ်။

အပန်းဖြေအနားယူတဲ့ကိစ္စကျတော့ကော။

အပန်းဖြေခရီးထွက်တာမျိုးတော့ အမြဲမလုပ်နိုင်ဘူး၊ အကုန်အကျသိပ်မများဘဲ အပန်းဖြေနိုင်တဲ့နေရာတွေကို သတင်းစာထဲမှာ ကျွန်မတို့ရှာကြည့်တယ်။ ကျွန်မတို့ ပျော်ပွဲစားထွက်ရင်ထွက်တယ်၊ ဒါမှမဟုတ် စိုက်ပျိုးခင်းတွေထဲသွားပြီး သစ်ပင်ပန်းမန်လေးတွေကို လမ်းလျှောက်ရင်းကြည့်တဲ့အခါတွေလည်းရှိတယ်။ ကျွန်မတို့ခြံဝန်းထဲမှာ ဟင်းခတ်အမွေးအကြိုင်ပင်လေးတွေ စိုက်ကြတယ်၊ ဟင်းချက်တဲ့အခါထည့်ဖို့ ကိုယ်စိုက်ထားတဲ့အပင်လေးတွေကိုခူးရတာ အရမ်းပျော်ဖို့ကောင်းတယ်။ အပန်းဖြေတယ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့နေရာမှမဟုတ်ပါဘူး၊ ပန်းခြံဆိုလည်းရတာပဲ၊ အပန်းဖြေခြင်းက အရေးကြီးတယ်။

ဘယ်လိုပျော်ရွှင်မှုနဲ့ ဆုကျေးဇူးတွေ ခံစားရသလဲ။

ကြင်ဖော်မဲ့မိခင်တစ်ဦးအနေနဲ့ နေထိုင်ရတာ လွယ်တော့မလွယ်ဘူး၊ ဒါပေမဲ့ ကျွန်မတို့မိသားစုဝင်တွေ တစ်ဦးနဲ့တစ်ဦး ရင်းနှီးလာတယ်၊ ကျွန်မတို့ရထားတဲ့အရာတွေအတွက် ကျေးဇူးတင်လေးမြတ်တတ်အောင် သင်ယူခဲ့ကြရတယ်။ သမီးနှစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေတိုးတက်လာတာမြင်ရတာ အရမ်းဝမ်းသာတယ်။ ဒီအရွယ်မှာ ကလေးတွေက ကျွန်မနဲ့အတူရှိနေချင်သလို ကျွန်မကလည်း သူတို့ရဲ့သူငယ်ချင်းလိုနေခွင့်ရတာကို နှစ်သက်တယ်။ ကျွန်မပျော်သလား၊ ဝမ်းနည်းသလား သူတို့ခွဲခြားသိနိုင်တယ်၊ ဝမ်းနည်းနေတဲ့အခါ ကျွန်မကို ပွေ့ဖက်အားပေးကြတယ်။ သူတို့ရဲ့ အဲဒီလိုချစ်မြတ်နိုးတဲ့အပြုအမူလေးတွေက ကျွန်မကို အရမ်းရွှင်လန်းစေတယ်။ အရေးကြီးဆုံးကတော့ ကျွန်မတို့ကို ဂရုစိုက်စောင့်ရှောက်တဲ့ဖန်ဆင်းရှင်ရဲ့ မေတ္တာကို ခံစားရတာပဲ၊ ယေဟောဝါက ခက်ခဲတဲ့အခြေအနေတွေတစ်လျှောက်လုံး ကျွန်မတို့ကို ထောက်ကူပေးခဲ့တယ်။ မိခင်ကောင်းတစ်ဦးဆက်ဖြစ်နေဖို့ လိုအပ်တဲ့ခွန်အားကို ကျမ်းစာကနေလည်း ရရှိတယ်။—ဟေရှာယ ၄၁:၁၃

[ရုပ်ပုံ]

လူစင်ဒါကို သမီးတွေဖြစ်တဲ့ ဘရီ၊ ရှာတို့နဲ့အတူ တွေ့ရပုံ