မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အလိုတော် ပြည့်စုံပါမည်လော

ဘုရားသခင့်အလိုတော် ပြည့်စုံပါမည်လော

ဘုရားသခင့်​အလိုတော် ပြည့်စုံ​ပါ​မည်​လော

“အလိုတော်သည် ကောင်းကင်ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော။”—မဿဲ ၆:၁၀

ဟူလီ​ယို​နှင့် ခရစ္စတီနာ​တို့သည် မိမိတို့၏​ရင်သွေးလေး​ဦး မီးလောင်​သေဆုံး​သွား​သည်ကို တုန်လှုပ်​ချောက်ချား​စွာ ကြည့်​ခဲ့​ကြ​ရသည်။သူတို့​ရပ်​ထားသော​ကား​ကို​အမူးသ​မား​တစ်ယောက်​မောင်း​လာသော ကား​က​ဝင်​တိုက်​ပြီး ပေါက်ကွဲ​လောင်ကျွမ်း​သွားခဲ့သည်။ ငါး​ယောက်​မြောက်​ကလေး​ဖြစ်သူ မား​ကော့စ်​ကို မီးတောက်များ​ကြား​မှ ကယ်တင်​နိုင်​ခဲ့​သော်လည်း သူ၏​ကိုယ်ခန္ဓာ​သည် မီး​ဟပ်​ခံ​ထား​ရပြီး သေ​ရာ​ပါ ရုပ်ပျက်​ဆင်း​ပျက်​ဖြစ်သွား​လေ​သည်။ သူ၏​အသက်​မှာ ကိုးနှစ်​ဖြစ်သည်။ ဖခင်​ဖြစ်သူ​ခမျာ ဝမ်းနည်း​ကြေကွဲ​နေ​၏။ ကိုယ်တိုင်​နှင့် မိသားစုကို– “ဒါဟာ​ဘုရားသခင့် အလိုတော်​ပဲ၊ အကောင်း​ဖြစ်ဖြစ်၊ အဆိုး​ဖြစ်ဖြစ်၊ ဘယ်အရာ​ပဲ​ဖြစ်ပါစေ ဘုရားသခင်​အလိုတော်​ပဲ​ဆိုတာ​ကို တို့တွေ​နားလည်​ရမယ်” ဆို​သည့်​စကား​ဖြင့် အားပေးနေ​ရှာ​သည်။

ဤ​ကဲ့သို့​သော ကြေကွဲဖွယ်​ဖြစ်ရပ်ဆိုး​နှင့် ကြုံ​လာ​ရသည့်​အခါ လူများစွာ အလားတူ​တုံ့ပြန်​ကြသည်။ ‘ဘုရားသခင်​ဟာ အကြွင်းမဲ့​တန်ခိုးရှင်​ဖြစ်​ပြီး ကျွန်ုပ်​တို့ကို​ဂရုစိုက်​တယ်​ဆိုရင် ဖြစ်ပျက်​သမျှ​ဟာ ဘယ်လောက်​ပဲ ပြင်းထန်​နေပါ​စေ ကျွန်ုပ်​တို့ကို တစ်နည်း​နည်းနဲ့ ကောင်းကျိုး​တော့​ပြု​ရမယ်’ ဟု​တွေး​ကြသည်။ သင်​ကော ဤသို့​ပင်​တွေး​သလော။

အကောင်း​ဖြစ်စေ၊ အဆိုး​ဖြစ်စေ၊ ဖြစ်ပျက်​လာသမျှ ဘုရားသခင့်​အလိုတော်​ဖြစ်သည်​ဟူ​သည့် အယူအဆ​သည် အထက်တွင်​ဖော်ပြ​ထားသော သခင့်​ဆုတောင်းချက်​ပါ ယေရှု၏​စကား​များ​အပေါ် အခြေခံ​လေ့​ရှိသည်။ ဘုရားသခင့်​အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​နေပြီ မဟုတ်ပေ​လော။ ‘အလိုတော်သည် မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော’ ဟု​ဆုတောင်း​လိုက်ခြင်း​ဖြင့် မြေကြီးပေါ်​တွင် ဖြစ်ပျက်​နေရာများ​သည် ဘုရားသခင့်​အလိုတော်​ဖြစ်သည်ဟု ကျွန်ုပ်​တို့ လက်ခံ​နေခြင်း​မဟုတ်ပေ​လော။

ဤ​အမြင်​ကြောင့် လူအများ ဇဝေဇဝါ​ဖြစ်​ကြ​ရသည်။ သူတို့​အတွက် ဤ​အမြင်​က ဘုရားသခင်​သည် ဖန်ဆင်း​ခံ​လူသားများ​၏​ခံစားချက်​ကို စာနာ​နားလည်မှု​မရှိသူ ဖြစ်သွား​စေ​သည်။ သူတို့က ‘အပြစ်မဲ့​လူသားတွေ​အတွက် ကြောက်မက်​ဖွယ်​ကောင်း​တဲ့​အရာဟာ မေတ္တာရှင်​ဘုရားသခင်​ရဲ့​အလိုတော် ဘယ်လို​ဖြစ်​နိုင်​မလဲ၊’ ‘သင်ခန်းစာပေး​ဖို့​ဆိုရင်လည်း ဘာ​သင်ခန်းစာ​ရနိုင်​မှာ​လဲ’ ဟု​မေးတတ်ကြ​သည်။ သင်လည်း ဤသို့​ပင်​ခံစားရ​ပေမည်။

ဤကိစ္စနှင့်​ပတ်သက်​၍ ယေရှု၏​မိတူဖကွဲ​ညီ တပည့်​ဖြစ်သူ​ယာကုပ် ဤသို့​ရေးခဲ့​သည်– “စုံစမ်းခြင်း​ကို​ခံရသော​အခါ ‘ဘုရားသခင်​သည် ငါ့ကို​စုံစမ်း​တော်​မူ​သည်’ ဟု အဘယ်သူမျှ​မပြော​စေ​နှင့်။ မကောင်းသော​အရာ​သည် ဘုရားသခင်​ကို မစုံစမ်း​နိုင်။ ကိုယ်တော်တိုင်​သည်လည်း အဘယ်သူကိုမျှ မကောင်း​စုံစမ်း​တော်​မ​မူ။” (ယာကုပ် ၁:၁၃သမ္မာ) မကောင်းမှု​သည် ဘုရားသခင်​ထံ​မှ လာ​သည်မဟုတ်။ ထို့​ကြောင့်၊ ယနေ့ မြေကြီးပေါ်​ဖြစ်ပျက်​ရာ​မှန်သမျှ​သည် ဘုရားသခင့်​အလိုတော်​မဟုတ်​သည်​မှာ ရှင်း​သည်။ ကျမ်းစာ​က လူသား​တို့၏​အလိုဆန္ဒ၊ တိုင်းနိုင်ငံ​တို့၏​အလိုဆန္ဒ​နှင့် စာတန်​၏​အလိုဆန္ဒကို​ပင် ရေးသား​ဖော်​ပြပေး​ထား​သည်။ (ယောဟန် ၁:၁၃; ၂ တိမောသေ ၂:၂၆; ၁ ပေတရု ၄:၃) ဟူလီ​ယို​နှင့် ခရစ္စတီနာ​တို့​မိသားစု ကြုံတွေ့​ခဲ့​ရာ​သည် မေတ္တာရှင် ကောင်းကင်​ခမည်းတော်​၏ အလိုတော်​မဟုတ်​နိုင်​ကြောင်း သင် သဘောတူ​ပါသလော။

သို့​ဖြစ်​လျှင် ယေရှု​က ‘အလိုတော်​ပြည့်စုံ​ပါစေ’ ဟု​ဆုတောင်း​ရန် တပည့်​များ​အား သင်ပေး​သောအခါ ကိုယ်တော် အဘယ်အရာကို ဆိုလို​ခဲ့​သနည်း။ ယင်းသည် အရေးပါသော​ကိစ္စရပ်​များ​တွင် ကြားဝင်​ပေး​ရန် ဘုရားသခင်​အား တောင်းဆိုချက်​တစ်ခုမျှသာ​လော သို့​မဟုတ် လူသား​တိုင်း​မျှော်လင့်​နိုင်သော ပြောင်းလဲမှု​တစ်ခု​ဖြစ်သည့် သာ၍​အရေးပါ​ကာ သာ၍​ကောင်း​သည့်​အရာ​ကို​တောင်း​ရန် ကျွန်ုပ်​တို့အား ယေရှု​သင်ပေး​နေခြင်း​လော။ ကျမ်းစာ နောက်ထပ်​ပြော​မည့်​အရာ​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

[Picture Credit Lines on page 3]

Car: Dominique Faget-STF/AFP/Getty Images; child: FAO photo/B. Imevbore