မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရေဗက္က—ဘုရားသခင်ကိုကြောက်ရွံ့သော လုပ်ရည်ကြံရည်ရှိသည့် အမျိုးသမီး

ရေဗက္က—ဘုရားသခင်ကိုကြောက်ရွံ့သော လုပ်ရည်ကြံရည်ရှိသည့် အမျိုးသမီး

ရေဗက္က—ဘုရားသခင်​ကို​ကြောက်ရွံ့​သော လုပ်ရည်ကြံရည်​ရှိသည့် အမျိုးသမီး

သင်၏​သား​အတွက် ဇနီး​ရှာပေး​မည် ဆိုပါစို့။ မည်သို့သော​ချွေး​မ​မျိုးကို သင်​ရွေးချယ်​မည်​နည်း။ သူ့မှာ အဘယ်​အရည်အချင်းများ ရှိ​ရမည်​နည်း။ ရုပ်​ဆင်း​လှပ၊ ဉာဏ်ရည်​ထက်မြက်၊ ကြင်နာ​တတ်​ပြီး ကြိုးပမ်း​လုပ်ဆောင်​သူကို သင်​ရှာဖွေ​မည်​လော။ သို့​မဟုတ် အခြား​အရည်အချင်း​တစ်ခု​ရှိသူ​ကို သင်​ဦးစား​ပေး ရှာ​မည်​လော။

ဤသို့ အကျပ်ရိုက်​သော​အခြေအနေ​ကို အာဗြဟံ​ကြုံ​ခဲ့​ရသည်။ သူ၏​သားစဉ်မြေးဆက်​သည် သား​ဣဇာက်​မှ​တစ်ဆင့် ကောင်းချီး​ခံစားရ​မည်​ဖြစ်​ကြောင်း ယေဟောဝါ​ကတိပြု​ထား​သည်။ ဤ​ဇာတ်ကြောင်း​၏​အစ​တွင် အာဗြဟံ​မှာ အိုမင်း​နေပြီ​ဖြစ်သော်လည်း သူ၏​သား​မှာ လူပျို​ဖြစ်​နေဆဲ​ပင်။ (ကမ္ဘာဦး ၁၂:၁-၃၊ ၇; ၁၇:၁၉; ၂၂:၁၇၊ ၁၈; ၂၄:၁) ဣဇာက်​သည် ဘယ်​ဆီ​ဘယ်​ဝယ်​မသိ​သေး​သော​ဇနီးသည်၊ သူတို့​မောင်နှံ​မှ မွေးဖွား​လာ​မည့် သားသမီးတို့​နှင့်အတူ ကောင်းချီး​ဝေမျှ​ခံစားရ​မည်​ဖြစ်​ရာ အာဗြဟံ​သည် ဣဇာက်​အတွက် သင့်တော်​သော​ဇနီး​တစ်ဦး ရှာပေး​ဖို့ စီစဉ်​လေ​သည်။ အဓိက​အားဖြင့် သူသည် ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​ဖြစ်​ရမည်။ အာဗြဟံ​နေထိုင်ရာ ခါ​နာ​န်​ပြည်​၌ ထိုသို့​သော​အမျိုးသမီး​တစ်ဦး​ကို​တွေ့​ဖို့ မဖြစ်​နိုင်သော​ကြောင့် အခြား​တစ်​နေရာ​မှ ရှာ​ရတော့​သည်။ နောက်ဆုံး​ရွေးချယ်​ခံရ​သူ​မှာ ရေဗက္က​ဖြစ်၏။ သူ့ကို မည်သို့​ရှာတွေ့ခဲ့​သနည်း။ သူသည် ဝိညာဉ်​ရေး​ကောင်းသော အမျိုးသမီး​တစ်ဦး​လော။ သူ၏​ပုံသက်သေ​ကို သုံးသပ်ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်အရာ သင်ယူ​နိုင်​သနည်း။

အရည်အချင်း​ရှိ​အမျိုးသမီး​တစ်ဦး​ကို ရှာပုံတော်ဖွင့်​ခြင်း

အာဗြဟံ​သည် ဧလျာဇာ​ဖြစ်​နိုင်သော သူ၏​အသက်​အကြီးဆုံး​ကျွန်​ကို​အလွန်​ဝေး​သော​မက်ဆိုပိုတေးမီးယား​သို့ စေလွှတ်​ကာ ယေဟောဝါ​ကို​ဝတ်ပြုသူချင်း​များ​ဖြစ်သည့် အာဗြဟံ​၏​ဆွေမျိုးသားချင်း​များ​ထဲ​မှ​ဣဇာက်​အတွက် သတို့သမီး​ကို သွား​၍​ရွေးချယ်​စေ​သည်။အလွန်​အရေးကြီးသော​ကိစ္စ​ဖြစ်​သဖြင့် ဧလျာဇာ​သည် ဣဇာက်​အတွက် ခါ​နာ​န်​အမျိုးသမီးကို​မရွေး​ယူပါ​ဟု ကျိန်ဆို​ခဲ့​ရသည်။ ဤ​ကိစ္စ​တွင် အာဗြဟံ​၏​အခိုင်အမာ​တောင်းဆိုမှု​သည် မှတ်သားလောက်ဖွယ်​ဖြစ်သည်။—ကမ္ဘာဦး ၂၄:၂-၁၀

ဧလျာဇာ​သည် အာဗြဟံ​၏​ဆွေမျိုး​များ​ရှိရာ မြို့​သို့​ရောက်​သော် ကုလားအုတ်​ဆယ်ကောင်​ကို ရေတွင်း​တစ်ခု​သို့ ခေါ်ဆောင်​သွား​သည်။ အဖြစ်အပျက်​ကို မြင်ယောင်​ကြည့်​လိုက်ပါ! ညနေ​ချမ်း​ဖြစ်​ပြီး ဧလျာဇာ ဤသို့​ဆုတောင်း​လေ​သည်– “အကျွန်ုပ်သည် ဤ​ရေတွင်းနား​မှာ​ရပ်​နေ၍၊ ထို​မြို့သူ​သတို့သမီး​တို့သည် ရေခပ်​ခြင်း​ငှာ​လာ​ကြသည်​တွင် အ​ကြင်​သတို့သမီး​ကို ကျွန်ုပ်​သောက်​ခြင်း​ငှာ ‘သင်၏​ရေ​ဘူး​ကို​ချပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကုလားအုတ်​တို့ကို​လည်း ရေ​တိုက်​ပါ​မည်’ ဟု ပြန်ဆို​သော​သတို့သမီး​သည် ကိုယ်တော်​၏​ကျွန်​ဣဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်ပါစေ​သော။ ထိုသို့​အားဖြင့်၊ အကျွန်ုပ်၏​သခင်၌ ကျေးဇူးပြု​တော်​မူ​ကြောင်းကို အကျွန်ုပ်​သိရ​ပါ​မည်​ဟု လျှောက်ဆို​၏။”—ကမ္ဘာဦး ၂၄:၁၁-၁၄

ရေငတ်​နေသော ကုလားအုတ်​တစ်ကောင်​သည် ရေ​အလွန် (၂၅ဂါလံ​အထိ) သောက်​နိုင်​ကြောင်း ဒေသခံ​အမျိုးသမီး​တိုင်း သိနိုင်​ဖွယ်​ရှိသည်။ ထို့​ကြောင့် ကုလားအုတ်​ဆယ်ကောင်​ကို ရေ​တိုက်​ပါ​မည်​ဟု​ဆို​သော​အမျိုးသမီး​သည် အပင်ပန်းခံ​နိုင်​သူ​ဖြစ်​ရမည်။ ကြည့်ရုံ​သာ​ကြည့်​နေပြီး အကူအညီ​မပေး​ကြ​သူများ​အကြား ထိုသို့​လုပ်ဆောင်ခြင်းက သူသည် ခွန်အား၊ စိတ်ရှည်မှု၊ နှိမ့်ချမှု​ရှိပြီး လူ​နှင့် တိရစ္ဆာန်​တို့​အပေါ် သနား​ကြင်နာ​တတ်​ကြောင်း သက်သေထူ​သည်။

အဘယ်အရာ​ဖြစ်ပျက်​သနည်း။ “ထိုသို့​လျှောက်ဆို​၍​မပြီး​မီ၊ အာဗြဟံ​အစ်ကို​နာ​ခေါ်​မယား​မိ​လ​ခါ​သား ဗေသွေလ​၏​သမီး ရေဗက္က​သည်၊ ရေ​ဘူး​ကို​ထမ်း​လျက် ထွက်​လာ​သည်ကို​မြင်​၏။ ထို​သတို့သမီး​သည်၊ အလွန်​အဆင်းလှ ... သော ကညာ​ဖြစ်၏။ ရေတွင်း​သို့​ဆင်း​၍ ရေ​ဘူး​ကို​ရေ​နှင့်​ဖြည့်​ပြီး​မှ တက်လာ​၏။ ကျွန်​သည်လည်း ထို​မိန်းမ​နှင့်​တွေ့​ခြင်း​ငှာ​ပြေး​၍ သင်၏​ရေ​ဘူး​၌​ရေ​အနည်းငယ်​ကို သောက်​ပါ​ရစေ​ဟု​ဆို​လေ​သော်၊ မိန်းမ​က သောက်​ပါ​လော့​အရှင်​ဟု​ဆို​သဖြင့် မိမိ​လက်​ပေါ်မှာ အလျင်အမြန်​ရေ​ဘူး​ကို​ချ​၍ ရေ​ကို​ပေး​လေ​၏။”—ကမ္ဘာဦး ၂၄:၁၅-၁၈

ရေဗက္က​၌ အရည်အချင်း​ရှိသလော

ရေဗက္က​သည် အာဗြဟံ​၏ မြေး​တော်​သူ​ဖြစ်​ပြီး အဆင်းလှ​ပ​သည့်​အပြင် ဣန္ဒြေ​လည်း​ရှိသည်။ သူစိမ်း​တစ်ဦး​အား စကားပြော​ရန် တွန့်ဆုတ်​သူ​တစ်ဦး​မဟုတ်သကဲ့သို့ အ​ရော​ဝင်​လွန်း​သူလည်း​မဟုတ်ပါ။ ဧလျာဇာ​က ရေ​တောင်း​သောက်​သောအခါ သူ​ကူညီ​ဆောင်ရွက်​ပေး​သည်။ ယင်းသည် ဧည့်ဝတ်​ပျူငှာခြင်း​ဖြစ်သော​ကြောင့် မျှော်လင့်​ပြီး​သား ကိစ္စ​တစ်ခု​သာ​ဖြစ်၏။ စမ်းသပ်မှု​၏ ဒုတိယ​အဆင့်​ကော မည်သို့​နည်း။

ရေဗက္က​က“သောက်​ပါ​လော့​အရှင်” ဟု​ဆို​၏။ သို့သော် ထို​မျှ​နှင့်​ရပ်​မသွား​ပါ။ “သင်၏​ကုလားအုတ်​တို့သည်​လည်း ဝ​စွာ​သောက်စရာ​ဖို့ ရေခပ်​ပါ​မည်” ဟု​ရေဗက္က​ဆက်​ပြော​သည်။ မျှော်လင့်​ထား​သည်ထက်​ပို​၍ သူ​ကူညီ​ပေး​သည်။ ပျာပျာသလဲ​ပင် သူသည် ‘ဘူး​၌​ရှိသော​ရေ​ကို ရေ​တိုက်​ခွက်​ထဲ​၌ အလျင်အမြန်​လောင်း​ပြီး​လျှင်၊ တစ်ဖန်​ခပ်​ခြင်း​ငှာ ရေတွင်း​သို့​ပြေး​၍၊ ကုလားအုတ်​အဖို့​ရေခပ်​လေ​၏။’ သူသည် အလုပ်ကို တက်ကြွ​စွာ လုပ်ဆောင်​သူ​တစ်ဦး​ဖြစ်သည်။ ‘ယောက်ျား​သည် အံ့ဩ​၍ သူငယ်မ​ကို စေ့စေ့​ကြည့်​လျက်​နေ​လေ​၏’ ဟု​မှတ်တမ်းက​ဆို​၏။—ကမ္ဘာဦး ၂၄:၁၉-၂၁

သူငယ်မ​သည် အာဗြဟံ​နှင့် အမျိုး​တော်​ကြောင်း သိလိုက်ရ​သောအခါ​ဧလျာဇာ​သည်​ယေဟောဝါ​ကို ကျေးဇူး​တင်​စွာ ပျပ်ဝပ်​ကိုးကွယ်​လေ​၏။သူ​ကော သူနှင့်​ပါ​လာ​သူများ​ပါ ရေဗက္က​ဖခင်​၏​အိမ်​တွင်​ညအိပ်​တည်းခို​ဖို့​အခန်း​ရှိမရှိ​မေးမြန်း​လေ​သည်။ ရေဗက္က​သည် ရှိကြောင်း​ပြန်​ပြော​ပြီး ဧည့်သည်​များ​အကြောင်း​ပြောပြ​ရန် အိမ်သို့ပြေး​လေ​၏။—ကမ္ဘာဦး ၂၄:၂၂-၂၈

ရေဗက္က​၏​မောင် လာ​ဗန်​နှင့် သူ၏​ဖခင်​ဗေသွေလ​တို့သည် ဧလျာဇာ​၏​ပြောပြချက်​ကို နားထောင်ပြီး​နောက် ဘုရားသခင်​၏​လမ်းညွှန်မှု​ဖြစ်​ကြောင်း သိ​နားလည်ခဲ့​ကြသည်။ ရေဗက္က​သည် ဣဇာက်​အတွက် ရည်ရွယ်​ထား​သူ အမှန်​ဖြစ်၏။ သူတို့က ရေဗက္က​ကို “ယူသွား​ပါ​လော့။ ထာဝရ​ဘုရား​မိန့်တော်မူသည်​အတိုင်း သင်၏​သခင်​သား​၏​မယား​ဖြစ်စေ” ဟု ပြန်ဆို​သည်။ ရေဗက္က​၏​သဘောထား​ကော မည်သို့​ရှိ​သနည်း။ ချက်ချင်း​လိုက်​မည်​လော​ဟု မေးမြန်း​ခံရသော​အခါ “အကျွန်ုပ်​လိုက်ပါမည်” ဟု​အဓိပ္ပာယ်​ရှိသော ဟေဗြဲ​စကား​တစ်လုံးတည်း​ဖြင့် သူ​အဖြေပေး​လေ​သည်။ ဤ​လက်ထပ်ခွင့်​တောင်းဆိုချက်​ကို လက်ခံရန် ဖိအားပေး​ခြင်း​မခံခဲ့​ရ​ပေ။ “မိန်းမသည် ... မလိုက်​မလာ​လိုလျှင်” ဧလျာဇာ​သည် သူ၏​ကျိန်ဆို​ချက်​မှ အ​ကျိန်​လွတ်​သည်​ဟု အာဗြဟံ​ပြော​နှင့်​ပြီး​ဖြစ်သည်။ သို့သော် ဘုရားသခင့်​လက်တော်​ပါဝင်​ကြောင်း ရေဗက္က​လည်း သိမြင်​သည်။ ထို့​ကြောင့် တစ်ခါမျှ​မတွေ့ဖူး​သော အမျိုးသား​တစ်ဦး​ကို လက်ထပ်​ရန် မိသားစု​နှင့် ချက်ချင်း​ခွဲခွာ​လေ​သည်။ ရဲရင့်​သော​ထို​ဆုံးဖြတ်ချက်​သည် ထူးခြား​ထင်ရှားသော ယုံကြည်ခြင်း​တင်ပြချက်​ဖြစ်၏။ သူ့​အား​ရွေး​လိုက်ခြင်း​မှာ အလွန်​မှန်​သွား​သည်!—ကမ္ဘာဦး ၂၄:၂၉-၅၉

ဣဇာက်​ကို​တွေ့သော​အခါ ရေဗက္က​သည် လက်အောက်ခံ​ကြောင်း​ပြ​သည့်​အနေ​နှင့် မျက်နှာဖုံး​ကို​ယူ၍ ဖုံး​လေ​၏။ ဣဇာက်​သည် သူ့ကို ဇနီး​အဖြစ်​သိမ်းပိုက်​လိုက်​ရာ ကောင်းမွန်​လှ​သော သူ၏​အရည်အချင်းများ​ကြောင့် ချစ်​မြတ်နိုး​ခံရ​မည်​မှာ သေချာ​သည်။—ကမ္ဘာဦး ၂၄:၆၂-၆၇

သား​အမြွှာ

ရေဗက္က​သည် ၁၉ နှစ်​မျှ မြုံနေ​သည်။ နောက်ဆုံး​တွင် အမြွှာ​ကိုယ်ဝန်​ရရှိခဲ့​သော်လည်း ဤ​ကိုယ်ဝန်ဆောင်​ထား​ရသည်မှာ မလွယ်​ပေ၊ သူငယ်​တို့သည် ဝမ်း​အတွင်း​၌ အချင်းချင်း​တိုက်ခိုက်​ကြ​သဖြင့် ရေဗက္က​သည် ဘုရားသခင်​ထံ ကူ​မပေး​ရန်​တောင်းလျှောက်​ခဲ့​ရသည်။ ကျွန်ုပ်​တို့​ဘဝတွင် ဘေးကြုံ​နေရ​သောအခါ အလားတူ​ပြု​နိုင်​ပါ​သည်။ ရေဗက္က​ကို ယေဟောဝါ​နားထောင်​တော်​မူ​ပြီး သူ့ကို​စိတ်အေး​စေ​သည်။ သူသည် လူမျိုး​နှစ်မျိုး​၏​မိခင်​ဖြစ်လာ​ပြီး “အကြီး​သည် အငယ်​၌​ကျွန်ခံ​ရ​လိမ့်​မည်” ဖြစ်သည်။—ကမ္ဘာဦး ၂၅:၂၀-၂၆

ထိုစကား​တစ်ခု​တည်း​ကြောင့် သား​အငယ် ယာကုပ်​ကို ရေဗက္က​အချစ်​ပို​ခြင်း မဖြစ်​နိုင်​ပါ။ လူငယ်လေး​နှစ်ဦး​မှာ မတူကြ​ချေ။ယာကုပ်​သည် “စိတ်​ကောင်းသော​သူ” ဖြစ်သော်လည်း ဧသော​မှာ​မူ ဘုရားသခင်​၏​ကတိတော်​များ​ကို အမွေခံ​ခွင့်​တည်း​ဟူသော သူ၏​သားဦး​အရာ​ကို ယာကုပ်​အား တစ်​နပ်​စာ​အဖိုး​နှင့် ရောင်းစား​ခြင်း​ဖြင့် ဝိညာဉ်​ရေးရာ​များ​ကို အလေး​မထားသည့်​စိတ်သဘော​မျိုး​ရှိသည်။ ဟိတ္တိ​အမျိုးသမီး​နှစ်ဦး​ကို ဧသော​အိမ်ထောင်ပြုခြင်း​က​လည်း ဝိညာဉ်​ရေး​စံနှုန်း​များ​ကို အလေး​မထား​ရာ—မထီမဲ့မြင်​ပြု​ရာ​ပင်—ရောက်​ပြီး သူ၏​မိဘကို အကြီးအကျယ် စိတ်သောက​ရောက်​စေ​သည်။—ကမ္ဘာဦး ၂၅:၂၇-၃၄; ၂၆:၃၄၊ ၃၅

ယာကုပ်​အတွက် ကောင်းချီး​ရယူ​ပေးခြင်း

ဧသော​သည် ယာကုပ်​ထံ​၌ ကျွန်ခံ​ရမည်ကို ဣဇာက်​သိ၊ မသိ သမ္မာကျမ်းစာ​က မပြောပြ​ပါ။ မည်သို့​ပင်​ဖြစ်စေ ကောင်းချီး​များ​ကို ယာကုပ်​အပိုင်ရ​မည်​ဖြစ်​ကြောင်း ဣဇာက်​ကော ရေဗက္က​ပါ သိထားကြသည်။ အမဲလိုက်​၍​ရသော ဟင်း​တစ်ခွက်​ဖြင့် ဧသော​ကို ဣဇာက်​ကောင်းချီး​ပေး​ဖို့ အစီအစဉ်​ရှိကြောင်း ကြားသိ​ရသောအခါ ရေဗက္က ချက်ချင်း​အရေးယူ လုပ်ဆောင်​လေ​တော့​သည်။ သွက်လက်​ဖျတ်လတ်မှု​နှင့် ရွပ်ရွပ်​ချွံ​ချွံ​ပြုလုပ်​တတ်သော သူ၏​ငယ်​စရိုက် မ​ပျောက်​သေး​ပါ။ ဆိတ်​သ​ငယ်​နှစ်ကောင်ကို​ယူ​ခဲ့​ရန် ယာကုပ်​ကို သူ “မှာ​ထား” သည်။ သူ၏​ခင်ပွန်း​အကြိုက် ဟင်း​တစ်ခွက်​ကို သူ​ချက်ပြုတ်​မည်။ ထို့နောက် ယာကုပ်​သည် ဧသော​ပုံဖမ်း​ပြီး ကောင်းချီး​ရယူ​ရမည်​ဖြစ်သည်။ ယာကုပ်​က ငြင်း​သည်။ ပရိယာယ်​ဆင်​ခြင်း​ကို ဖခင် မလွဲမသွေ​သိသွားပြီး သူ​ကျိန်ခြင်း​ခံရ​ပေမည်! ရေဗက္က​က လက်မလျှော့​ဘဲ “ငါ့​သား၊ သင်​ခံ​ရသော​ကျိန်ခြင်း​အမင်္ဂလာ​သည် ငါ​၌​သင့်ရောက်​ပါစေ” ဟု​ဆို​၏။ ထို့နောက် ဟင်း​တစ်ခွက် ချက်ပြုတ်​ပြီး ယာကုပ်​ကို အသွင်ပြောင်း​ပေး​ကာ ခင်ပွန်း​ဖြစ်သူ​ထံ လွှတ်လိုက်​သည်။—ကမ္ဘာဦး ၂၇:၁-၁၇

အဘယ်ကြောင့် ရေဗက္က ဤသို့​ပြု​ခဲ့​ကြောင်း ဖော်ပြ​မထား​ပါ။ လူအများ​က သူ၏​လုပ်ရပ်​ကို ပြစ်တင်​ရှုတ်ချ​ကြသည်၊ သို့​တိုင် သမ္မာကျမ်းစာ​က​သော်လည်း​ကောင်း၊ ယာကုပ်​ကောင်းချီး​ရသွား​သည်ကို သိလိုက်ရ​သော ဣဇာက်​က​သော်လည်း​ကောင်း သူ့ကို အပြစ်မတင်​ပါ။ သို့​ပြု​မည့်​အစား ဣဇာက်​သည် ထပ်ဆင့်​ကောင်းချီး​ပေး​လေ​၏။ (ကမ္ဘာဦး ၂၇:၂၉; ၂၈:၃၊ ၄) ရေဗက္က​သည် မိမိ၏​သားများ​နှင့်​ပတ်သက်​၍ ယေဟောဝါ​ကြိုပြော​ခဲ့​ရာ​ကို သိထား​သည်။ ထို့​ကြောင့် ယာကုပ်​ရထိုက်​သော ကောင်းချီး​များ​ရစေဖို့ သူ​အသေအချာ​လုပ်ဆောင်​သည်။ ယင်းသည် ယေဟောဝါ​၏​အလိုတော်နှင့် ကိုက်ညီ​ကြောင်း ထင်ရှား​ပါ​သည်။—ရောမ ၉:၆-၁၃

ယာကုပ်​ကို ခါရန်​မြို့​သို့​စေလွှတ်

ယခု ရေဗက္က​သည် အစ်ကို​အမျက်ပြေ​သည့်​အထိ ရှောင်တိမ်း​နေ​ရန် ယာကုပ်​ကို​တိုက်တွန်းခြင်း​ဖြင့် ဧသော​၏​အကြံ​ကို ဖျက်​လေ​၏။ သူ၏​အစီအစဉ်ကို ဣဇာက်​သဘောတူ​လိုက်လျော​စေဖို့ ရှာကြံ​ရာ​တွင် သူသည် ဧသော​၏​အမျက်​ဒေါသ​အကြောင်းကို ကြင်နာ​စိတ်ဖြင့် ဖွင့်​မပြော​ပေ။ ယင်းအစား ခါ​နာ​န်​သူ​တစ်ဦး​နှင့် ယာကုပ်​အိမ်ထောင်ပြု​မိ​မည်​ကို မိမိ​စိုးရိမ်​ကြောင်း သူ၏​ခင်ပွန်း​အား လိမ္မာ​ပါးနပ်​စွာ တင်ပြ​သည်။ ထို​အကြံ​သည် ထိုသို့ အိမ်ထောင်​မပြုမိ​စေရန်​နှင့် ရေဗက္က​၏​မိသားစု​မှ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​ဇနီး​တစ်ဦး ရှာယူ​ရန် ယာကုပ်​အား စေလွှတ်​လိုက်​ဖို့ ဣဇာက်​ကို စည်းရုံး​နိုင်​လိုက်​သည့် အချက်​ပင်​ဖြစ်သည်။ ယာကုပ်​ကို ရေဗက္က တစ်ဖန်​ပြန်​ဆုံတွေ့​သည်​ဟူသော မှတ်တမ်း​မရှိ​သော်လည်း သူ၏​လုပ်ဆောင်မှုများ​က ဣသရေလ​အတွက် ကြွယ်ဝသော​ဆုကျေးဇူး​များ ဖြစ်ထွန်း​စေ​သည်။—ကမ္ဘာဦး ၂၇:၄၃–၂၈:၂

ရေဗက္က​အကြောင်း ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရာ​က သူ့ကို လေးစား​မိ​စေ​သည်။ သူသည် အလွန်​အဆင်းလှ​သူ​ဖြစ်သည်၊ သို့သော် သူ၏​စစ်မှန်သော​အလှအပ​မှာ ဘုရားသခင်​ဝတ်၌​မွေ့လျော်​သည့် အချက်​ဖြစ်သည်။ အာဗြဟံ​ရှာ​သော ချွေး​မ​မျိုး​ဖြစ်၏။ အခြား​စရိုက်​ကောင်း​များ​က​လည်း အာဗြဟံ​မျှော်လင့်​ထား​သည်ထက် သာလွန်​ဖွယ်​ရှိ၏။ ဘုရားသခင့်​လမ်းညွှန်မှုကို ယုံကြည်၊ ရဲရင့်စွာ လိုက်လျှောက်ခြင်း၊ သူ၏​စိတ်​စေတနာ​ထက်သန်မှု၊ ကျိုးနွံ​မှု​နှင့် ဧည့်ဝတ်​ပျူ​ငှာ​မှု​တို့သည် ခရစ်ယာန်​အမျိုးသမီး​အားလုံး အတုယူ​သင့်​သော​အရည်အချင်းများ​ဖြစ်သည်။ ယင်း​တို့သည် အမှန်တကယ် ပုံသက်သေ​ကောင်းသော အမျိုးသမီး​တစ်ဦး​တွင် ယေဟောဝါ​ကိုယ်တော်တိုင် မျှော်လင့်​သော​အရည်အချင်းများ​ပင်​တည်း။