ဘုရားသခင့်လူမျိုးတော်သည် ကြင်နာမှုကို နှစ်သက်ရမည်
ဘုရားသခင့်လူမျိုးတော်သည် ကြင်နာမှုကို နှစ်သက်ရမည်
‘တရားသဖြင့်ပြုခြင်း၊ [“ကြင်နာမှု၊” ကဘ] ကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်ရာယဇ်ကို ယေဟောဝါတောင်းတော်မူသနည်း။’—မိက္ခာ ၆:၈။
၁၊ ၂။ (က) ကြင်နာမှုပြရန် မိမိ၏လူမျိုးတော်အား ယေဟောဝါ မျှော်လင့်ခြင်းကို အဘယ်ကြောင့် မအံ့သြသင့်သနည်း။ (ခ) ကြင်နာမှုနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများကို ဆင်ခြင်သုံးသပ်သင့်သနည်း။
ယေဟောဝါသည် အကြင်နာတရားရှိသောဘုရားသခင် ဖြစ်တော်မူ၏။ (ရောမ ၂:၄; ၁၁:၂၂) ပထမဦးဆုံး ဇနီးမောင်နှံ အာဒံနှင့်ဧဝသည် ၎င်းကို လေးမြတ်ခဲ့ကြမည်သာ! ဧဒင်ဥယျာဉ်ထဲတွင် သူတို့ပျော်မွေ့ခံစားနိုင်သည့် မျက်မြင်ရဖန်ဆင်းရာများ ဝိုင်းရံထားပေးရာ ယင်းတို့က လူသားများအပေါ်ထားသည့် ဘုရားသခင်၏အကြင်နာတရားကို ဖော်ပြသည်။ ဘုရားသခင်သည် ကျေးဇူးမသိတတ်သော၊ ဆိုးညစ်သောသူအားလုံးကိုပင် ကြင်နာမှုပြနေဆဲရှိ၏။
၂ လူသားများသည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် ဘုရားသခင့်အရည်အသွေးများကို ရောင်ပြန်ဟပ်နိုင်စွမ်းရှိကြသည်။ (ကမ္ဘာဦး ၁:၂၆) ကျွန်ုပ်တို့လည်း ကြင်နာမှုပြရန် ယေဟောဝါ မျှော်လင့်တော်မူခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ မိက္ခာ ၆:၈ တွင်ဖော်ပြထားသည့်အတိုင်း ဘုရားသခင့်လူမျိုးတော်သည် “ကြင်နာမှုကို နှစ်သက်” ရမည်ဖြစ်သည်။ သို့သော် ကြင်နာမှုဟူသည် အဘယ်နည်း။ ယင်းသည် ဘုရားသခင်၏တခြားအရည်အသွေးများနှင့် မည်သို့ဆက်စပ်နေသနည်း။ လူသားများသည် ကြင်နာမှုပြနိုင်သူများဖြစ်လျက်နှင့် ဤလောကကြီးသည် အဘယ်ကြောင့် ထိုမျှရက်စက်ကြမ်းကြုတ်နေရသနည်း။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် သူတစ်ပါးနှင့်ဆက်ဆံသည့်အခါ ကြင်နာမှုပြရန် အဘယ်ကြောင့် ကြိုးစားသင့်သနည်း။
ကြင်နာမှုဟူသည် အဘယ်နည်း
၃။ ကြင်နာမှုကို မည်သို့အနက်ဖွင့်မည်နည်း။
၃ သူတစ်ပါးအကျိုးကို တက်တက်ကြွကြွ စိတ်ဝင်တစားလုပ်ဆောင်ပေးခြင်းသည် ကြင်နာမှုပြခြင်းဖြစ်၏။ ကိုယ်ထိလက်ရောက်ကူညီပေးခြင်းနှင့် စာနာထောက်ထားသောစကားလုံးတို့ဖြင့် ကြင်နာမှုပြနိုင်သည်။ ကြင်နာမှုပြခြင်းဟူသည် သူတစ်ပါးကို ဘေးရောက်စေမည့်အစား ကောင်းမှုပြုပေးခြင်းဖြစ်သည်။ ကြင်နာတတ်သူသည် ဖော်ရွေမှုရှိပြီး နူးညံ့သိမ်မွေ့၏၊ စာနာတတ်ပြီး ယဉ်ကျေးပျူငှာ၏။ သူတစ်ပါးအပေါ် ရက်ရော၏၊ သနားညှာတာတတ်၏။ တမန်တော်ပေါလုက “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း [“ကြင်နာခြင်း၊” ကဘ]၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့” ဟုဆုံးမခဲ့သည်။ (ကောလောသဲ ၃:၁၂) သို့ဖြစ်၍ ကြင်နာမှုသည် ခရစ်ယာန်စစ်တိုင်း၏ ဥပစာအဝတ်တန်ဆာထဲတွင် ပါဝင်သည်။
၄။ ယေဟောဝါသည် လူတို့အပေါ် ကြင်နာမှုကို မည်သို့ဦးဆုံးပြခဲ့သနည်း။
၄ ယေဟောဝါဘုရားသခင်သည် ကြင်နာမှုကို ဦးဆုံးပြခဲ့သည်။ ပေါလုဆိုခဲ့သည့်အတိုင်း “ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော် [“ကြင်နာမှု၊” ကဘ] နှင့်လူတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ ... ဆေးကြောခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်လည်းကောင်း ငါတို့ကို ကယ်တင်တော်မူ၏။” (တိတု ၃:၄၊ ၅) ဘုရားသခင်သည် ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ယေရှု၏အသွေးတော်ဖြင့် “ဆေးကြော” သို့မဟုတ် သန့်ရှင်းစေပြီး သူတို့ကောင်းကျိုးအတွက် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်မှ အကျိုးရရှိစေ၏။ ဘုရားသခင်၏ဝိညာဉ်တော်ဖွားသားများအဖြစ် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် အသစ်ပြုပြင်ခံရ၍ “အသစ်သောသတ္တဝါ” ဖြစ်လာစေသည်။ (၂ ကောရိန္သု ၅:၁၇၊ သမ) ထို့ပြင် ဘုရားသခင်၏အကြင်နာတရားနှင့် မေတ္တာတော်သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေသော” ‘လူအုပ်ကြီး’ အထိ သက်ရောက်ခဲ့သည်။—ဗျာ. ၇:၉၊ ၁၄; ၁ ယောဟန် ၂:၁၊ ၂။
၅။ ဘုရားသခင့်ဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူသူများသည် အဘယ်ကြောင့် ကြင်နာမှုပြသင့်သနည်း။
၅ ကြင်နာမှုသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအား၏အသီး တစ်လုံးဖြစ်သည်။ ပေါလုက ဤသို့ပြောခဲ့သည်– “ဝိညာဉ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း [“ကြင်နာခြင်း၊” ကဘ]၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ... ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှမမြစ်တား။” (ဂလာတိ ၅:၂၂၊ ၂၃) သို့ဆိုလျှင် ဘုရားသခင့်ဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူသူများသည် သူတစ်ပါးကို ကြင်နာမှုပြသင့်သည် မဟုတ်ပေလော။
စစ်မှန်သောကြင်နာမှုသည် ပျော့ညံ့မှုမဟုတ်
၆။ ကြင်နာမှုသည်အဘယ်အချိန်တွင်ပျော့ညံ့မှုဖြစ်သွားသနည်း၊ အဘယ်ကြောင့်နည်း။
၆ လူအချို့က ကြင်နာမှုကို ပျော့ညံ့မှုဟု ယူမှတ်ကြသည်။ မိမိ၏ကြံ့ခိုင်မှုကို အခြားသူများ တွေ့ရှိနိုင်ရန် မာရမည်၊ တစ်ခါတစ်ရံကြမ်းပြရမည်ဟုသူတို့ယူဆကြ၏။ အမှန်ကြင်နာတတ်သူဖြစ်ပြီး မှားယွင်းသောကြင်နာမှုကို မပြမိရန် တကယ့်ကြံ့ခိုင်မှုလိုသည်။ စစ်မှန်သောကြင်နာမှုသည် ဘုရားသခင့်ဝိညာဉ်တော်အသီးတစ်လုံးဖြစ်သောကြောင့် မှားယွင်းသောအပြုအမူကို ပျော့ညံ့စွာ အလျှော့ပေးလိုက်လျောမည်မဟုတ်ချေ။ မှားယွင်းသောကြင်နာမှုမှာမူ အပြစ်ကိုဥပေက္ခာပြုမိစေသည့် ပျော့ညံ့မှုဖြစ်၏။
၇။ (က) ဧလိသည် ပျော့ညံ့သူဖြစ်ကြောင်း မည်သို့ထင်ရှားသနည်း။ (ခ) အကြီးအကဲများသည် မှားယွင်းစွာကြင်နာမှုမပြမိစေရန် အဘယ်ကြောင့် သတိရှိရမည်နည်း။
၇ ဥပမာ၊ ဣသရေလယဇ်ပုရောဟိတ်မင်းကြီး ဧလိ၏အကြောင်းကို သုံးသပ်ကြည့်ပါ။ တဲတော်တွင် ယဇ်ပုရောဟိတ်များအဖြစ် အမှုထမ်းနေကြသော သူ၏သားများဖြစ်သည့် ဟောဖနိနှင့် ဖိနဟတ်တို့ကို ကြပ်ကြပ်မတ်မတ် မဆုံးမခဲ့ချေ။ ဘုရားသခင့်ပညတ်တော်အရ သူတို့ကိုဝေခွဲပေးထားသည့် ယဇ်ကောင်၏ဝေပုံကျအပိုင်းနှင့် ကျေနပ်ရောင့်ရဲမှုမရှိဘဲ ဆီဥကို ယဇ်ပလ္လင်ပေါ် မီးမရှို့မီ လှူဒါန်းသူထံမှ အသားစိမ်းကို တောင်းယူလာရန် အစေအပါအား ခိုင်းစေခဲ့သည်။ ထို့ပြင် ဧလိ၏သားများသည် တဲတော်တံခါးဝအမှုထမ်း အမျိုးသမီးတို့နှင့်လည်း မှားယွင်းခဲ့ကြ၏။ ဧလိသည် ဟောဖနိနှင့် ဖိနဟတ်တို့၏ အမှုတော်ထမ်းဆောင်ခွင့်ကို ရုပ်သိမ်းမည့်အစား ဆုံးမသည်ဆိုရုံ ခပ်ပျော့ပျော့ဆုံးမခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၁၂-၂၉) ‘ထိုကာလ၌ ယေဟောဝါ၏နှုတ်မြွက်စကားတော် နည်းပါး’ ခြင်းသည် အံ့ဩစရာမဟုတ်ပေ! (၁ ဓမ္မရာဇဝင် ၃:၁) ခရစ်ယာန် အကြီးအကဲများသည် အသင်းတော်၏ဝိညာဉ်ရေးကို ထိခိုက်နစ်နာစေနိုင်သည့် အပြစ်ပြုသူများကို မှားယွင်းစွာ ကြင်နာမှုမပြမိရန် ဂရုစိုက်ရမည်။ စစ်မှန်သောကြင်နာမှုသည် ဘုရားသခင်၏စံနှုန်းများကို ချိုးဖောက်သည့် ညစ်ညမ်းသောအပြောအဆို၊ အပြုအမူများကို လျစ်လျူမရှုတတ်ချေ။
၈။ ယေရှုသည် စစ်မှန်သောကြင်နာမှုကို မည်သို့ပြခဲ့သနည်း။
၈ ကျွန်ုပ်တို့၏စံနမူနာရှင် ယေရှုခရစ်သည် မှားယွင်းသောကြင်နာမှုပြမိသူ တစ်ခါမျှမဖြစ်ခဲ့ဖူးချေ။ သို့သော် ကိုယ်တော်သည် စံပြ စစ်မှန်သောကြင်နာမှုပြသူဖြစ်သည်။ ဥပမာ၊ ကိုယ်တော်သည် “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ထိန်းသူမရှိသောသိုးကဲ့သို့ ပင်ပန်း၍အားလျော့လျက်ရှိနေကြ၏။” စိတ်နှလုံးရိုးဖြောင့်သူများသည် သူတို့ကလေးများကိုပင် ယေရှုထံသို့ ခေါ်ဆောင်လာဝံ့သည်အထိ ချဉ်းကပ်ရဲကြသည်။ “သူငယ်တို့ကိုချီပိုက်၍ ... ကောင်းချီးပေးတော်မူ” စဉ် ကိုယ်တော်ပြသခဲ့မည့် သနားကြင်နာမှုကို မြင်ယောင်သာကြည့်လိုက်ပါ။ (မဿဲ ၉:၃၆၊ သမ; မာကု ၁၀:၁၃-၁၆) ယေရှုသည် ကြင်နာတတ်သော်လည်း ကောင်းကင်ခမည်းတော်၏အမြင်အရ မှန်သည့်အရာဘက်မှ အခိုင်အမာရပ်တည်ခဲ့သည်။ ယေရှုသည် မကောင်းမှုကို တစ်ခါမျှလွှတ်မထားခဲ့ချေ; အရေခြုံဘာသာရေးခေါင်းဆောင်များ၏အပြစ်ကို ဖော်ထုတ်ရန် ဘုရားသခင်ပေးခွန်အား ရရှိထားတော်မူသည်။ မဿဲ ၂၃:၁၃-၂၆ တွင်ဖော်ပြထားသည့်အတိုင်း ကိုယ်တော်က “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏” ဟုအကြိမ်ကြိမ်ပြောဆိုခဲ့သည်။
ကြင်နာမှုနှင့် ဘုရားသခင့်အခြားအရည်အသွေးများ
၉။ ကြင်နာမှုသည် စိတ်ရှည်မှု၊ ကောင်းမြတ်မှုတို့နှင့် မည်သို့ဆက်စပ်နေသနည်း။
၉ ကြင်နာမှုသည် ဘုရားသခင့်ဝိညာဉ်တော် သီးပွင့်ပေးလိုက်သော အခြားအရည်အသွေးများနှင့် ဆက်စပ်နေသည်။ ကြင်နာမှုသည် စိတ်ရှည်ခြင်းနှင့် ကောင်းမြတ်ခြင်းကဲ့သို့သော ဘုရားသခင့်ဝိညာဉ်တော်၏ အရည်အသွေးများနှင့်ဆက်စပ်နေသည်။ မှန်ပါသည်၊ ကြင်နာမှုပြရန် ကြိုးစားသူသည် ထိုအရည်အသွေးကို စိတ်ရှည်ရှည်နှင့်ပြသသည်။ သူသည် ကြင်နာမှုမရှိသူကိုပင် စိတ်ရှည်၏။ ကြင်နာမှုပြရန် သူတစ်ပါးအကျိုးဆောင်ရလေ့ရှိသည့်အတွက် ယင်းသည် ကောင်းမြတ်မှုနှင့်ဆက်စပ်နေသည်။ သမ္မာကျမ်းစာတွင် “ကြင်နာမှု” ဟုပြန်ဆိုထားသောဂရိစကားလုံးကို“ကောင်းမြတ်မှု”ဟု တစ်ခါတစ်ရံ ပြန်ဆိုနိုင်သည်။ ကနဦးခရစ်ယာန်အချင်းချင်း အကြင်နာတရားတင်ပြမှုကြောင့် အယူမှားသူများ အလွန်အံ့အားသင့်ခဲ့ကြပြီး အဆိုပါယေရှု၏နောက်လိုက်များကို ‘ကြင်နာမှုရှိသူများ’ဟုသူတို့ခေါ်ကြကြောင်း တာတူလျန်ဆို၏။
၁၀။ ကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာသည် မည်သို့ဆက်စပ်နေသနည်း။
၁၀ ကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာသည် ဆက်နွှယ်နေသည်။ ယေရှုသည် မိမိ၏နောက်လိုက်များနှင့်စပ်လျဉ်း၍ “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ (ယောဟန် ၁၃:၃၅) ထို့ပြင် ဤမေတ္တာနှင့်ပတ်သက်၍ ပေါလုကလည်း “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြု [“ကြင်နာ၊” ကဘ] တတ်၏” ဟုဆိုခဲ့သည်။ (၁ ကောရိန္သု ၁၃:၄) ကျမ်းစာတွင် အသုံးပြုလေ့ရှိသော “ချစ်ခင်ကြင်နာခြင်း” စကားလုံးတွင် ကြင်နာမှုကို မေတ္တာနှင့်ဆက်စပ်ဖော်ပြထား၏။ ၎င်းသည် မြဲမြံသောမေတ္တာမှ ပေါက်ဖွားလာသော ကြင်နာမှုဖြစ်သည်။ “ချစ်ခင်ကြင်နာမှု” ဟုပြန်ဆိုထားသော ဟေဗြဲနာမ်တွင် တွယ်တာမှုထက်မက ပါဝင်ပတ်သက်သည်။ အကြောင်းအရာတစ်ခုနှင့်ဆက်စပ်နေသည့် ရည်ရွယ်ချက် အထမမြောက်မချင်း မေတ္တာပါစွာ ပူးတွဲလုပ်ဆောင်ခြင်းသည် ကြင်နာမှုပင်ဖြစ်၏။ ယေဟောဝါ၏ချစ်ခင်ကြင်နာမှု သို့မဟုတ် မြဲမြံသောမေတ္တာကို နည်းအမျိုးမျိုးဖြင့် ပြသသည်။ ဥပမာ၊ ကိုယ်တော်ကယ်နုတ်ပေးချိန်၊ ကာကွယ်ပေးချိန်တို့တွင် ယင်းကိုတွေ့ရှိရ၏။—ဆာလံ ၆:၄; ၄၀:၁၁; ၁၄၃:၁၂။
၁၁။ ဘုရားသခင်၏ချစ်ခင်ကြင်နာမှုသည် ကျွန်ုပ်တို့ကို အဘယ်အာမခံချက်ပေးသနည်း။
၁၁ ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကြောင့် လူတို့ ကိုယ်တော်ထံသို့လာရန် ဆွဲဆောင်ခံရကြသည်။ (ယေရမိ ၃၁:၃) ဘုရားသခင်၏ကျေးကျွန်များသည် ကယ်နုတ်ခံရဖို့လိုသည့်အခါ၊ အကူအညီလိုသည့်အခါ ကိုယ်တော်၏ချစ်ခင်ကြင်နာမှုသည် အမှန်ပင် မြဲမြံသောမေတ္တာဖြစ်ကြောင်း သူတို့သိသွားကြသည်။ သူတို့ကို စိတ်ပျက်သွားစေမည်မဟုတ်ကြောင်း သူတို့သိသည်။ ထို့ကြောင့် “အကျွန်ုပ်သည် ... [“ချစ်ခင်ကြင်နာမှု၊” ကဘ] ကိုယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်” ဟုဆာလံဆရာနည်းတူ ယုံကြည်စွာ သူတို့ဆုတောင်းနိုင်ကြသည်။ (ဆာလံ ၁၃:၅) ဘုရားသခင်၏မေတ္တာတော်သည် မြဲမြံသောကြောင့် ကိုယ်တော်၏ကျေးကျွန်များသည် ကိုယ်တော့်ကို လုံးလုံးလျားလျား ယုံကြည်စိတ်ချနိုင်ကြသည်။ ဤအာမခံချက်ကို သူတို့ရရှိထားကြ၏– ‘ယေဟောဝါသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။’—ဆာလံ ၉၄:၁၄။
လောကသည် အဘယ်ကြောင့် ဤမျှရက်စက်ကြမ်းကြုတ်နေရသနည်း
၁၂။ ဖိစီးနှိပ်စက်တတ်သောအုပ်ချုပ်မှုသည် မည်သည့်အချိန်တွင် မည်သို့အစပြုခဲ့သနည်း။
၁၂ ဤမေးခွန်း၏အဖြေသည် ဧဒင်ဥယျာဉ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်သနစ်နှင့်ပတ်သက်၏။ လူ့သမိုင်းအစတွင်၊ တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးလာသော ဝိညာဉ်သတ္တဝါတစ်ပါးသည် လောကအုပ်စိုးရှင်ဖြစ်ရန် ကြံစည်လေသည်။ သူ၏ဉာဏ်ဆင်ကြံဆောင်မှုကြောင့် သူသည် အလွန်ဖိစီးနှိပ်စက်တတ်သော “ဤလောကကို အစိုးရသောမင်း” ဖြစ်လာလေသည်။ (ယောဟန် ၁၂:၃၁) သူသည် ဘုရားသခင်နှင့် လူတို့၏ သူပုန်မင်း စာတန်အဖြစ် ကျော်ကြားလာခဲ့သည်။ (ယောဟန် ၈:၄၄; ဗျာ. ၁၂:၉) ယေဟောဝါ၏ကြင်နာသောအုပ်ချုပ်မှုနှင့် စင်ပြိုင်အုပ်ချုပ်မှုတစ်ခုတည်ထောင်ရန် ကိုယ်ကျိုးသာကြည့်သော သူ၏အကြံအစည်သည် ဧဝကိုဖန်ဆင်းပြီး မကြာမီ ပေါ်လွင်လာလေသည်။ သို့နှင့် အာဒံသည် ဘုရားသခင်၏အုပ်ချုပ်မှုမှ ကင်းကွာသည့်လမ်းစဉ်ကို ရွေးချယ်ကာ ကိုယ်တော်၏ကြင်နာမှုကို လုံးလုံးပစ်ပယ်လိုက်သည့်အချိန်တွင် ဆိုးညစ်သောအုပ်ချုပ်မှု စတင်လေတော့သည်။ (ကမ္ဘာဦး ၃:၁-၆) အာဒံနှင့်ဧဝသည် မိမိတို့ဘာသာအုပ်ချုပ်မည့်အစား အမှန်သော် တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးသော စာတန်၏ဩဇာအောက်ရောက်ကာ သူ၏လက်အောက်ခံများဖြစ်သွားကြလေသည်။
၁၃-၁၅။ (က) ယေဟောဝါ၏ဖြောင့်မတ်သောအုပ်ချုပ်မှုကို ပစ်ပယ်ခြင်း၏ အကျိုးဆက်အချို့ကား အဘယ်နည်း။ (ခ) ဤလောကသည် အဘယ်ကြောင့် ရက်စက်ကြမ်းကြုတ်သောနေရာဖြစ်နေသနည်း။
၁၃ အကျိုးဆက်တချို့ကို သုံးသပ်ကြည့်ပါ။ အာဒံနှင့်ဧဝတို့သည် ပရဒိသုတည်ရှိရာ ကမ္ဘာမြေ၏အစိတ်အပိုင်းမှ နှင်ထုတ်ခံခဲ့ရသည်။ သူတို့သည် ကျန်းမာရေးအတွက်ကောင်းသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို အလွယ်တကူ ဆွတ်ယူစားသုံးနိုင်သည့်ဘဝမှ ဧဒင်ဥယျာဉ်၏အပြင်ဘက်တွင် ပင်ပန်းခက်ခဲစွာလုပ်ပါမှ စားသောက်ရသည့်ဘဝသို့ ရောက်ရှိသွားခဲ့ကြသည်။ ဘုရားသခင်က အာဒံကို “ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့် မြေသည် သင်၏အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်” ဟုမိန့်တော်မူခဲ့သည်။ မြေကိုကျိန်ခြင်းဟူသည် ယခုအခါ စိုက်ပျိုးရာတွင် အလွန်ခက်ခဲလာမည်ဟုဆိုလိုသည်။ ဆူးပင်အမျိုးမျိုးပေါက်စေဟု မြေကိုကျိန်ခြင်း၏အကျိုးဆက်ကို အာဒံ၏သားစဉ်မြေးဆက်များ အလွန်တရာခံစားခဲ့ရရာ နောဧ၏ဖခင် လာမက်က ‘ယေဟောဝါကျိန်တော်မူသောမြေ၌လုပ်၍ ပင်ပန်းစွာခံရ’ သည်ဟုဆိုခဲ့သည်။—ကမ္ဘာဦး ၃:၁၇-၁၉; ၅:၂၉။
၁၄ အာဒံနှင့်ဧဝတို့သည် ငြိမ်သက်အေးချမ်းသည့်ဘဝမှ ဆင်းရဲပင်ပန်းသည့်ဘဝသို့ ရောက်ရှိသွားသည်။ ဘုရားသခင်က ဧဝကို “သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်” ဟုမိန့်တော်မူ၏။ နောက်ပိုင်းတွင် အာဒံနှင့်ဧဝတို့၏သားဦးဖြစ်သော ကာဣနသည် ညီဖြစ်သူအာဗေလကို ပြန်သတ်သည့် ရက်စက်ကြမ်းကြုတ်သောအမှု ကျူးလွန်ခဲ့လေသည်။—ကမ္ဘာဦး ၃:၁၆; ၄:၈။
၁၅ တမန်တော်ယောဟန်က ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်’ဟုအခိုင်အမာဆိုခဲ့သည်။ (၁ ယောဟန် ၅:၁၉) ဤလောကသည် ၎င်း၏အုပ်စိုးရှင်နည်းတူ တစ်ကိုယ်ကောင်းဆန်ပြီး မာနထောင်လွှားသည့် စရိုက်ဆိုးများကို ထင်ဟပ်ပြလျက်ရှိသည်။ ထို့ကြောင့် ဤလောကတွင် ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေသည်မှာ အံ့ဩစရာမဟုတ်ပေ! သို့သော် ထိုအတိုင်း အမြဲဆက်ရှိသွားမည်မဟုတ်ချေ။ ယေဟောဝါရှင်သည် မိမိ၏နိုင်ငံတော်တွင် ရက်စက်ကြမ်းကြုတ်မှုအစား ကြင်နာမှုနှင့် စာနာမှုတို့ လွှမ်းမိုးလိမ့်မည်ဟု အာမခံထား၏။
ဘုရားသခင့်နိုင်ငံတော်တွင် ကြင်နာမှုလွှမ်းမိုးလိမ့်မည်
၁၆။ ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်၏အုပ်ချုပ်မှုသည် အကြင်နာတရားကို အဘယ်ကြောင့် လက်ကိုင်ထားမည်နည်း၊ ယင်းက ကျွန်ုပ်တို့တွင် အဘယ်တာဝန်ရှိလာစေသနည်း။
၁၆ ယေဟောဝါနှင့် ကိုယ်တော့်နိုင်ငံတော်၏ ခန့်အပ်ခံဘုရင်ခရစ်တော်ယေရှုတို့က မိမိတို့၏လက်အောက်ခံများအား ကြင်နာတတ်သူများဖြစ်ကြရန် တောင်းဆို၏။ (မိက္ခာ ၆:၈) ခမည်းတော်က မိမိအား အပ်နှင်းလိုက်သည့် အုပ်ချုပ်မှုတွင်အကြင်နာတရားကို လက်ကိုင်ထားမည်ဖြစ်ကြောင်း ယေရှုခရစ် အရိပ်အမြွက်ဖော်ပြလိုက်ခြင်းဖြစ်သည်။ (ဟေဗြဲ ၁:၃) လူတို့အပေါ် လေးလံသောဝန်များတင်ထားသော အယူမှားဘာသာရေးခေါင်းဆောင်များကို အထုပ်ဖြေပြသည့် ယေရှု၏စကားများတွင် ယင်းကို သတိပြုကြည့်နိုင်သည်။ ကိုယ်တော်က “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀) လောကမင်းများ၊ ဘာသာရေးခေါင်းဆောင်များ သို့မဟုတ် တစ်နည်းနည်းဖြင့် အုပ်ချုပ်သူအားလုံးသည်လည်း မဆုံးနိုင်သည့်စည်းမျဉ်းများနှင့် ကျေးဇူးတင်မခံရသောအလုပ်တာဝန်တို့ဖြင့် လူတို့ကို မောပန်းစေကြသည်။ သို့သော် ယေရှုမူ နောက်လိုက်များ၏ လိုအပ်ချက်၊ အရည်အသွေးတို့နှင့် သင့်တော်မည့်အရာများကိုသာ တောင်းဆိုတော်မူသည်။ အမှန်ပင်လန်းဆန်းမှုပေးပြီး အကြင်နာတရားထားသော ထမ်းပိုးပင်တည်း! ကျွန်ုပ်တို့လည်း သူတစ်ပါးအပေါ် ကိုယ်တော်ကဲ့သို့ပင် ကြင်နာမှုပြဖို့ စေ့ဆော်ခံရသည်မဟုတ်ပေလော။—ယောဟန် ၁၃:၁၅။
၁၇၊ ၁၈။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူ အုပ်ချုပ်မည့်သူများနှင့် ကိုယ်တော်၏မြေကြီးကိုယ်စားလှယ်များသည် ကြင်နာမှုပြကြမည်ကို အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
၁၇ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုသည် လူ့အုပ်ချုပ်မှုနှင့် လုံးဝမတူကြောင်း တမန်တော်များ စိတ်စွဲမှတ်သွားစေရန် ယေရှု အသေအချာရှင်းပြ၏။ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘တပည့်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်းငြင်းခုံခြင်းရှိသည်ဖြစ်၍ ကိုယ်တော်က လောကမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။ အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။’—လုကာ ၂၂:၂၄-၂၇။
၁၈ လူ့အုပ်စိုးရှင်များသည် လူတို့အပေါ် “အစိုးတရပြု” ပြီး သူတို့၏လက်အောက်ငယ်သားများထက် သာလွန်စေသည်ဟုယူမှတ်ထားသော ဂုဏ်ထူးဘွဲ့ထူးကြီးများကို ရှာကြံရယူခြင်းအားဖြင့် သူတို့၏ကြီးမြတ်မှုကို မြဲမြံစေရန် ကြိုးစားကြသည်။ သို့ရာတွင် သူတစ်ပါး၏အစေကိုခံ၍ လုံ့လစိုက်ထုတ်ကာ မဆုတ်မနစ်အလုပ်အကျွေးပြုမှသာ စစ်မှန်သောကြီးမြတ်မှုကို ရရှိမည်ဖြစ်ကြောင်း ယေရှုမိန့်ဆိုခဲ့၏။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူ အုပ်ချုပ်မည့်သူများဖြစ်စေ၊ ကိုယ်တော်၏မြေကြီးကိုယ်စားလှယ်အဖြစ် အမှုဆောင်မည့်သူများဖြစ်စေ အားလုံးသည် ကိုယ်တော်၏နှိမ့်ချမှုနှင့် ကြင်နာမှု ပုံသက်သေကို ကြိုးစားတုပကြရမည်။
၁၉၊ ၂၀။ (က) ယေရှုသည် ယေဟောဝါ၏ကြင်နာမှု အတိမ်အနက်ကို မည်သို့ဖော်ပြခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် ကြင်နာမှုပြရာတွင် ယေဟောဝါကို မည်သို့တုပနိုင်သနည်း။
၁၉ ယေရှုနောက်ထပ်ပေးခဲ့သည့် မေတ္တာပါဆုံးမစကားကို ကြည့်ကြစို့။ ယေဟောဝါ၏ကြင်နာမှု အတိမ်အနက်ကို ဖော်ပြကာ ယေရှု ဤသို့မိန့်ဆိုခဲ့သည်– ‘သင်တို့ကိုချစ်သောသူတို့အား ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည်မဟုတ်လော။ သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ဤမျှလောက်ပြုကြသည်မဟုတ်လော။ သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည်မဟုတ်လော။ သင်တို့မူကား ရန်သူတို့ကို ချစ်ကြလော့။ ကျေးဇူးပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသောဘုရားသခင်၏သားဖြစ်ကြလိမ့်မည်။ ထိုဘုရားသခင်သည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသောသူတို့အား ကျေးဇူးပြု [“ကြင်နာ၊” ကဘ] တော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။’—လုကာ ၆:၃၂-၃၆။
မဿဲ ၅:၄၃-၄၅; တမန်တော် ၁၄:၁၆၊ ၁၇) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို တုပရာတွင် ကျွန်ုပ်တို့အပေါ် ကျေးဇူးကန်းသူများသာမက ရန်သူသဖွယ် ပြုမူသူများကိုပင် မနစ်နာစေရုံမျှမက ကောင်းမှုပင်ပြုပေးရမည်။ ကြင်နာမှုပြခြင်းအားဖြင့် ကျွန်ုပ်တို့သည် လူ့ဆက်ဆံရေးအားလုံးတွင် ကြင်နာမှုနှင့် အခြားဘုရားသခင့်အရည်အသွေးများ လွှမ်းမိုးနေမည့် ဘုရားသခင့်နိုင်ငံတော်တွင် နေထိုင်လိုကြောင်း ယေဟောဝါနှင့်ယေရှုတို့အား ပြသရာရောက်၏။
၂၀ ဘုရားသခင်၏ကြင်နာမှုသည် ကိုယ်ကျိုးမပါချေ။ ဘာကိုမျှမတောင်းဆို၊ ပြန်ရမည်ဟုလည်း မမျှော်လင့်ချေ။ ယေဟောဝါသည် ကြင်နာစွာဖြင့် “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (အဘယ်ကြောင့် ကြင်နာမှုပြသင့်သနည်း
၂၁၊ ၂၂။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ကြင်နာမှုပြသင့်သနည်း။
၂၁ ကြင်နာမှုပြခြင်းသည် စစ်မှန်သောခရစ်ယာန်တစ်ဦးအတွက် အထူးသဖြင့် အရေးကြီးသည်။ ဘုရားသခင့်ဝိညာဉ်တော် သက်ရောက်ကြောင်းထင်ရှားသည့် သာဓကပင်ဖြစ်သည်။ ထို့ပြင် စစ်မှန်သောကြင်နာမှုပြသောအခါ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့် ခရစ်တော်ယေရှုကို တုပရာရောက်၏။ ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံမည့်သူများအားလည်း ကြင်နာမှုပြရန် တောင်းဆိုထား၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ကြင်နာမှုကိုမြတ်နိုးပြီး ယင်းကိုပြသရန် သင်ယူရမည်။
၂၂ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ကြင်နာမှုပြနိုင်သည့် လက်တွေ့ကျနည်းလမ်းအချို့ကား အဘယ်နည်း။ နောက်ဆောင်းပါးတွင် ထိုအကြောင်းအရာကို ဆွေးနွေးပါလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ကြင်နာမှုဟူသည် အဘယ်နည်း။
• ဤလောကသည် အဘယ်ကြောင့် ရက်စက်ကြမ်းကြုတ်သည့်နေရာဖြစ်နေသနည်း။
• ဘုရားသခင့်အုပ်ချုပ်မှုအောက်တွင် အကြင်နာတရား လွှမ်းမိုးနေမည်ဖြစ်ကြောင်း မည်သို့သိရှိရသနည်း။
• ကြင်နာမှုပြခြင်းသည် ဘုရားသခင့်နိုင်ငံတော်တွင် နေထိုင်လိုသူများအတွက် အဘယ်ကြောင့် အရေးကြီးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခရစ်ယာန်အကြီးအကဲများသည် သိုးတော်စုနှင့်ဆက်ဆံရာတွင် ကြင်နာမှုပြရန် ကြိုးစားကြ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခက်ခဲချိန်များတွင် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုက မိမိ၏ကျေးကျွန်များကို စိတ်ပျက်စေမည်မဟုတ်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေဟောဝါသည် လူသားအားလုံးအပေါ် ကြင်နာစွာဖြင့် နေပူ၊ မိုးရွာစေသည်