မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရန်လိုသောလောကတွင် ကြင်နာမှုကို ကြိုးစားတင်ပြခြင်း

ရန်လိုသောလောကတွင် ကြင်နာမှုကို ကြိုးစားတင်ပြခြင်း

ရန်လိုသော​လောကတွင် ကြင်နာ​မှု​ကို ကြိုးစား​တင်ပြခြင်း

“လူ​၏​နှစ်လိုဖွယ်​ရာ​ကား သူ၏​ချစ်ခင်​ကြင်နာ​မှု​ပြ​ခြင်း​တည်း။”—သု. ၁၉:၂၂၊ က​ဘ။

၁။ ကြင်နာ​မှု​ပြ​ရန် အဘယ်ကြောင့် အခက်တွေ့​နိုင်​သနည်း။

မိမိကိုယ်ကို ကြင်နာ​တတ်​သူ​ဟု ယူဆ​ထား​သလော။ သို့​ဆိုလျှင် မျက်မှောက်​လောကတွင် အသက်ရှင်​ရခြင်း​သည် အခက်အခဲ​ရှိ​နိုင်၏။ မှန်ပါသည်၊ သမ္မာကျမ်းစာ​က ကြင်နာ​မှု​ကို ‘ဝိညာဉ်​အသီး’ အဖြစ် ဖော်ပြ​ထား​သော်လည်း ခရစ်ယာန်​နိုင်ငံ​ဟု​ခေါ်​သည့် နိုင်ငံ​များ​တွင်​ပင် ကြင်နာ​မှု​ပြ​ရန် အဘယ်ကြောင့် ဤမျှ​ခက်ခဲ​နေရ​သနည်း။ (ဂလာတိ ၅:၂၂) ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ဤ​လောက​တစ်ခုလုံး​သည် ကြင်နာ​မှု​ကင်းမဲ့​သော ဝိညာဉ်​သတ္တဝါ​စာတန်​၏​လက်​တွင်​ရှိကြောင်း တမန်​တော်​ယောဟန်​၏​ရေးသားချက်​၌ အဖြေ​တစ်စိတ်​တစ်ပိုင်း​ကို တွေ့ရှိ​နိုင်၏။ (၁ ယောဟန် ၅:၁၉) စာတန်​အား “ဤ​လောကကို​အစိုး​ရသော​မင်း” ဟူ၍ ယေရှု​ခရစ် ဖော်ပြ​ခဲ့​သည်။ (ယောဟန် ၁၄:၃၀) ထို့​ကြောင့် ဤ​လောကကြီး​သည် ပုန်ကန်​သူ​အုပ်စိုးရှင်​ကဲ့သို့​ပင် ရက်စက်​ကြမ်းကြုတ်​၏။—ဧဖက် ၂:၂

၂။ အဘယ်​စိန်ခေါ်ချက်​များ​ကြောင့် ကျွန်ုပ်​တို့၏​ကြင်နာ​မှု​ကို ထိခိုက်​နိုင်​သနည်း။

အခြားသူများ​က ကျွန်ုပ်​တို့​အပေါ် ကြင်နာ​မှု​ကင်းမဲ့​စွာ ဆက်ဆံ​သည့်​အခါ ကျွန်ုပ်​တို့၏​အသက်ရှင်​နေထိုင်ပုံ​ကို အကြီးအကျယ်​ထိခိုက်​စေ​၏။ အငြိုး​ထားသော​အိမ်နီးချင်း​များ၊ ရန်မူ​တတ်သော​သူစိမ်း​များ၊ တစ်ခါတစ်ရံ မဆင်မခြင်​ပြု​တတ်​သည့် မိတ်ဆွေများ​နှင့် မိသားစုဝင်​များ​ပင် ကြင်နာ​မှု​ကင်းမဲ့​နိုင်၏။ ရိုင်းစိုင်း​ပြီး အချင်းချင်း​ဆဲရေး​တိုင်းထွာ​သူများ​နှင့် ဆက်ဆံ​ရသည့် ဖိစီးမှု​ကြောင့် တစ်ခါတစ်ရံ အလွန်​စိတ်​အနှောင့်အယှက်​ဖြစ်​မိ​နိုင်​သည်။ ဤ​ကဲ့သို့ အခြားသူ​၏​အကြင်နာ​ကင်းမဲ့မှု​ကြောင့် ကျွန်ုပ်​တို့​ကိုယ်တိုင် ရန်လို​တတ်လာ​ပြီး သူ​ကြင်​မှ ကိုယ်​ကြင်​မည်​ဟူသော​စိတ်ထား ဝင်လာ​နိုင်​သည်။ ထို​စိတ်ထား​က ဝိညာဉ်​ရေး သို့​မဟုတ် ကာယ​ကျန်းမာ​ရေး​ပြဿနာ​များ​ကို​ပင် ဖြစ်ပေါ်​လာ​စေနိုင်​သည်။—ရောမ ၁၂:၁၇

၃။ လူတို့၏​ကြင်နာ​မှု​ပြ​လို​စိတ်​ကို စမ်းသပ်​သည့် အဘယ်​ကြီး​လေး​သည့်​ပြဿနာ​များ​ကို ရင်ဆိုင်​နေရ​သနည်း။

ဖိစီးမှုများ​သော ဤ​လောက​အခြေအနေ​များ​ကြောင့်​လည်း ကြင်နာ​မှု​ပြဖို့ အခက်တွေ့​စေနိုင်​သည်။ ဥပမာ၊ လူမျိုးစု​အမျိုးမျိုး​၏ ခြိမ်းခြောက်​မှုများ​နှင့် အကြမ်းဖက်​လုပ်ရပ်များ​အပြင် ဇီဝ သို့​မဟုတ် အဏုမြူ​လက်နက်များ​ကို အသုံးပြုနိုင်​ဖွယ်​ရှိသောကြောင့် လူတို့သည် နေ့စဉ်​နှင့်​အမျှ ဖိစီးမှု​ခံစား​နေရ​ရှာ​၏။ ထို့​ပြင် သန်းနှင့်ချီ​သော​လူတို့သည် မသေ​ရုံ​တစ်​မည် စား​ဝတ်​နေထိုင်​ရ၊ ဆေး​ကုသမှု​ခံယူ​ရ​ကာ ဆင်းရဲ​နွမ်းပါး​လျက်​ရှိကြသည်။ မျှော်လင့်ချက်​ကင်းမဲ့​ပုံ​ရသည့် အခြေအနေ​မျိုး​တွင် ကြင်နာ​မှု​ပြ​ရန် စိန်ခေါ်မှု​ဖြစ်လာ​လေ​သည်။—ဒေ. ၇:၇

၄။ အချို့​သူတို့သည် သူတစ်ပါး​အပေါ် ကြင်နာ​မှု​ပြဖို့ စဉ်းစား​ကြည့်​သည့်​အခါ မည်သို့​လွဲမှား​စွာ ကောက်ချက်​ချ​လိုက်​နိုင်​သနည်း။

ကြင်နာ​မှု​ပြ​ခြင်း​သည် ဦးစား​ပေး​ရာ​လုံးဝ​မဟုတ်ဘဲ ပျော့​ညံ့​ချက်​ပင်​ဖြစ်သည်ဟု​အလွယ်တကူ ကောက်ချက်​ချ​နိုင်​သည်။ အထူးသဖြင့်​သူတစ်ပါး​က​မညှာမတာ​ဆက်ဆံ​သည့်​အခါ မတရား​ပြုမူ​ခံရ​သည်​ဟု ခံစားရ​နိုင်၏။ (ဆာလံ ၇၃:၂-၉) သို့သော် သမ္မာကျမ်းစာ​က​လျောက်ပတ်​သော​ညွှန်ကြားချက်​ကို​ဤသို့​ပေး​ထား​သည်– “ဖြည်းညင်း​သော​စကား​သည်​စိတ်​ကို​ဖြေ​တတ်၏။ ကြမ်းတမ်းသော​စကား​မူ​ကား အမျက်​ကို နှိုးဆော်​တတ်၏။” (သု. ၁၅:၁) နူးညံ့မှု​နှင့် ကြင်နာ​မှု​တို့သည် အလွန်​နီးစပ်​သည့် ဝိညာဉ်​အသီး​၏​အသွင်​နှစ်မျိုး​ဖြစ်​ပြီး ခက်ခဲ​သော​အခြေအနေ​မျိုးကို ရင်ဆိုင်​ဖြေရှင်း​ရာ​တွင် အကျိုး​သက်ရောက်မှု​ရှိသည်။

၅။ ကြင်နာ​မှု​လိုအပ်​သည့် ဘဝ​ကဏ္ဍ​အချို့​ကား အဘယ်နည်း။

ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​အသီး သီး​ပြ​ရန် အလွန်​အရေးကြီးသော​ကြောင့် ထို​အရည်အသွေးများ​မှ ကြင်နာ​မှု​ကို မည်သို့​ပြ​ရမည်​နှင့်​စပ်လျဉ်း၍ စဉ်းစား​သုံးသပ်​သင့်​သည်။ရန်လိုသော​လောကတွင် ကြင်နာ​မှု​ကို ကြိုးစား​ပြသ​နိုင်​မည်​လော။ သို့​ဆိုလျှင် အထူးသဖြင့် ဖိစီးမှုများ​သော​အခြေအနေ​မျိုး​တွင် စာတန်​၏​လွှမ်းမိုးမှု​ခံ​ကာ ကျွန်ုပ်​တို့၏​ကြင်နာ​မှု​ကို ချုပ်တည်း​မထား​ကြောင်း​ပြသ​နိုင်​သည့် ကဏ္ဍ​အချို့​ကား အဘယ်နည်း။ မိသားစုတွင်၊ အလုပ်ခွင်​တွင်၊ ကျောင်းတွင်၊ အိမ်နီးချင်း​များနှင့်၊ ခရစ်ယာန်​ဓမ္မ​အမှု​တွင်၊ ယုံကြည်သူချင်း​စပ်ကြား​တွင်​ကြိုး​စား၍ ကြင်နာ​မှု​ပြနိုင်ပုံ​ကို သုံးသပ်ကြည့်​ကြ​စို့။

မိသားစု​တွင်း ကြင်နာ​မှု

၆။ မိသားစု​တွင်း ကြင်နာ​မှု​ပြ​ရန် အဘယ်ကြောင့် ဤမျှ​အရေးကြီး​ပြီး မည်သို့​ပြ​နိုင်​သနည်း။

ယေဟောဝါ​၏​ကောင်းချီး​နှင့် ညွှန်ကြားချက်​ကို​ရရှိရန် ဝိညာဉ်​အသီး​သည် အရေးပါ​ပြီး ယင်းကို အပြည့်အဝ​ပျိုးထောင်​ပေး​ဖို့​လို​၏။ (ဧဖက် ၄:၃၂) မိသားစု​တွင်း တစ်ဦး​ကိုတစ်​ဦး ကြင်နာ​မှု​ပြ​ရန် အထူး​လိုအပ်မှု​ကို အာရုံစိုက်​ကြ​စို့။ ခင်ပွန်း​နှင့်​ဇနီး​တို့သည် မိမိတို့​အချင်းချင်း​ဖြစ်စေ၊ သားသမီး​များနှင့်​ဖြစ်စေ နေ့စဉ် ပေါင်းသင်း​ဆက်ဆံ​ရာ​တွင် ကြင်နာ​မှု​နှင့် ဂရုစိုက်​မှု​တို့ကို ဖော်ပြ​သင့်​သည်။ (ဧဖက် ၅:၂၈-၃၃; ၆:၁၊ ၂) မိသားစုဝင်​အချင်းချင်း စကားပြော​ဆို​ပုံ၊ သားသမီး​များ​က မိဘများ​ကို ရိုသေ​လေးစား​ပုံ၊ မိဘများ​က သားသမီး​များ​အပေါ် သင့်လျော်​စွာ​ပြုမူ​ဆက်ဆံပုံ​တို့​တွင် ထိုသို့​သော​ကြင်နာ​မှု အထင်အရှား​တွေ့ရ​ဖို့​လို​သည်။ ချီးမွမ်း​ခြင်း​ငှာ လျင်မြန်​ပါစေ၊ အပြစ်တင်​ခြင်း​ငှာ နှေး​ပါစေ။

၇၊ ၈။ (က) မိသားစုတွင် စစ်မှန်သော​ကြင်နာ​မှု ပြသ​လိုလျှင် အဘယ်​အမူအကျင့်​မျိုးကို ရှောင်​ရမည်​နည်း။ (ခ) ကောင်းသော​ဆက်သွယ်ရေး​သည် ခိုင်မာ​သော​မိသားစု​နှောင်ကြိုး​အတွက် မည်သို့ အထောက်အကူ​ပြု​သနည်း။ (ဂ) သင့်​မိသားစုတွင် ကြင်နာ​မှု​ကို မည်သို့​ပြ​နိုင်​သနည်း။

မိသားစု​တွင်း​ရှိ​သူများ​အား ကြင်နာ​မှု​ပြ​ရာ​တွင် တမန်​တော်​ပေါလု​၏ ဤ​ဆုံးမ​စကား​ကို လိုက်လျှောက်ဖို့​လို​သည်– “ထို​အမှု​အလုံးစုံ​တို့ကို​လည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုး​ခြင်း၊ မနာလို​ခြင်း၊ သူ့​အသရေပျက်​အောင်​ပြောဆိုခြင်း၊ ညစ်ညူး​သော​စကား​ကို​သုံး​ခြင်း​တို့ကို​လည်းကောင်း သင်တို့​နှုတ်​မှ ပယ်ရှင်း​ကြလော့။” ခရစ်ယာန်​မိသားစု​များသည် နေ့စဉ် တစ်ဦး​ကိုတစ်​ဦး ရိုသေ​လေးစား​စွာ ပြောဆို​ဆက်ဆံ​သင့်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကောင်းသော​ဆက်သွယ်ရေး​သည် တောင့်တင်း​ခိုင်မာ​သော​မိသားစု​များ​၏ အသက်သွေး​ကြော​ဖြစ်သော​ကြောင့်​ဖြစ်သည်။ သဘောထား​ကွဲလွဲ​မှုများ ဖြစ်ပေါ်​သည့်​အခါ ပဋိပက္ခ​လျော့နည်း​သွားစေရန် ငြင်းခုံ​နေ​မည့်​အစား ပြဿနာ​ကို ကြိုးစား​ဖြေရှင်းပါ။ ပျော်ရွှင်သော​မိသားစုဝင်​များသည် တစ်ဦး​ကိုတစ်​ဦး ကြင်နာ​ကာ စာနာ​ထောက်ထား​ရန် ကြိုးစား​အားထုတ်​ကြသည်။—ကောလောသဲ ၃:၈၊ ၁၂-၁၄

ကြင်နာ​မှု​သည် အပြုသဘောဆောင်​ပြီး သူတစ်ပါးကို ကောင်းမှု​ပြု​လို​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ကျန်​မိသားစုဝင်​များ​အတွက် နှစ်လိုဖွယ်​အပြု​အမူ​ဖြင့် အသုံးတော်ခံ​၍ စာနာ​ထောက်ထား​ကာ ကူညီ​ပေး​ရန် ကြိုးစား​ကြသည်။ ဤသို့​သော​ကြင်နာ​မှု​မျိုးကို တစ်ဦးချင်း​ရော၊ စုပေါင်း​၍​ပါ ကြိုးစား​ပြ​ပါ​မှ အလွန်​တော်​သော​မိသားစု​ဖြစ်​ကြောင်း အခြားသူများ ချီးမွမ်း​လာ​မည်။ ရလဒ်​ကား၊ သူတို့သည် ဘုရားသခင်​၏​ကောင်းချီး​ကို ရရှိ​ရုံ​မ​က အသင်းတော်​နှင့် ရပ်ကွက်တွင် ကြင်နာ​မှု​ရှိသော ယေဟောဝါ​ဘုရားသခင်​အား သူတို့ ဂုဏ်တင်ရာ​ရောက်မည်။—၁ ပေတရု ၂:၁၂

အလုပ်ခွင်​တွင် ကြင်နာ​မှု

၉၊ ၁၀။ အလုပ်ခွင်​တွင် ပေါ်ပေါက်​လာနိုင်​သည့် ပြဿနာ​အချို့​ကို ဖော်ပြ​ပါ၊ ၎င်း​ပြဿနာ​များ​ကို ကြင်နာ​မှု​နှင့် မည်သို့​ဖြေရှင်း​နိုင်​ပုံ မှတ်ချက်​ပေး​ပါ။

ခရစ်ယာန်​တစ်ဦး​အနေ​နှင့် နေ့စဉ်​လုပ်ငန်းဆောင်တာ​တွင် အလုပ်သမား​ချင်း​အား ကြင်နာ​မှု​ပြဖို့ စိန်ခေါ်ချက်​ဖြစ်နေ​ပေမည်။ အလုပ်သမား​ချင်း ပြိုင်ဆိုင်​ကြ​သည့်​အခါ ကောက်ကျစ်​စဉ်းလဲ​သော အလုပ်သမား​ချင်း​တစ်ဦး​ကြောင့် အလုပ်ကို ထိခိုက်​စေပြီး အလုပ်ရှင်​ရှေ့တွင်​လည်း မိမိ​နာမည်​ပျက်​သွား​နိုင်​သည်။ (ဒေ.၄:၄) ထိုသို့​သော​အချိန်​အခါ​မျိုး​တွင် ကြင်နာ​မှု​ပြ​ရန် မလွယ်ကူ​တော့​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ ကြင်နာ​မှု​သည် ပြ​သင့်​ပြ​ထိုက်​သော​အရာ​ဖြစ်​ကြောင်း စိတ်စွဲ​မှတ်​ကာ ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​သည် ပြောဆို​ဆက်ဆံ​ရ​ခက်​သူများကို​ပင် အနိုင်ယူ​ရန် အတတ်နိုင်ဆုံး​ကြိုးစား​သင့်​သည်။ ဂရုစိုက်​တတ်သော​စိတ်ထား​ပြ​ခြင်း​သည် ထိုသို့​ပြု​ရန် ထောက်ကူ​ပေမည်။ အလုပ်သမား​ချင်း သို့​မဟုတ် သူ၏​မိသားစုဝင်​များ ဖျားနာ​လျှင် သင်သည် စိုးရိမ်​ပူပန်​ကြောင်း ပြ​နိုင်​သည်။ သတင်း​မေးမြန်းခြင်း​ပင် အခြားသူများ​အပေါ် အပြုသဘော​သက်ရောက်​နိုင်၏။ မှန်ပါသည်၊ ခရစ်ယာန်​များသည် သူတို့နှင့် သင့်သင့်မြတ်မြတ်​နေနိုင်​ရန် အတတ်နိုင်ဆုံး ကြိုးစား​သင့်​သည်။ တစ်ခါတစ်ရံ ဂရုစိုက်​ပြီး စိုးရိမ်​ကြောင်း​ဖော်ပြ​သည့် ကြင်နာ​သော​စကား​တစ်လုံး​သည် အခြေအနေ​ကို ကောင်းမွန်​လာ​စေ​တတ်​သည်။

၁၀ အလုပ်ရှင်​တစ်ဦး​သည် အလုပ်သမား​များ​အား မိမိ၏​အယူအဆ​များ​ကို အတင်းအကျပ်​ခံယူ​စေပြီး ကျမ်းစာ​နှင့်​မညီသော အမျိုးသား​ပွဲ သို့​မဟုတ် အခမ်းအနား​တွင် လူတိုင်းကို ပါဝင်​စေ​လို​သည့် အချိန်​အခါ​များ ရှိလာနိုင်​သည်။ ခရစ်ယာန်​သိစိတ်​က ပါဝင်ခွင့်​မပြုလျှင် ထိပ်တိုက်​ရင်ဆိုင်​ဖြေရှင်း​ရ​ပေမည်။ ထို​အချိန်​အခါ​တွင် အလုပ်ရှင်​၏​အလိုဆန္ဒကို လိုက်လျော​ခြင်း​သည် မည်မျှ​မှား​ကြောင်း အသေးစိတ်​ရှင်းပြ​ခြင်း​သည် ပညာရှိရာ​ကျ​မည်​မဟုတ်ပေ။ ခရစ်ယာန်​ယုံကြည်ချက် မရှိ​သူများ​က ပါဝင်​သင့်​သည်​ဟု ယူမှတ်​ပုံ​ရမည်။ (၁ ပေတရု ၂:၂၁-၂၃) သင်သည် မပါဝင်​ရသည့်​အကြောင်းရင်းကို ကြင်နာ​စွာ ရှင်းပြ​နိုင်​ပေ​သည်။ ခနဲ့တဲ့တဲ့​ဝေဖန်ချက်​များ​ဖြင့် နှုတ်​လှံ​မ​ထိုး​ပါ​နှင့်။ ခရစ်ယာန်​တစ်ဦး​သည် ရောမ ၁၂:၁၈ ပါ​ဤ​အကြံဉာဏ်​ကောင်း​ကို လိုက်လျှောက်​လျှင်​ကောင်း​၏– “သင်တို့သည် တတ်နိုင်​သမျှ​အတိုင်း လူအပေါင်း​တို့​နှင့် အသင့်အတင့်​နေကြ​လော့။”

ကျောင်းတွင် ကြင်နာ​မှု

၁၁။ လူငယ်များသည် ကျောင်းနေ​ဖက်​များ​အား ကြင်နာ​မှု​ပြ​ရာ​တွင် အဘယ်​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ရသနည်း။

၁၁ ကျောင်းသား​ချင်း​အပေါ် ကြင်နာ​မှု​ပြ​ရန် လူငယ်များ​အတွက် အမှန်ပင်​စိန်ခေါ်ချက်​ဖြစ်​နိုင်​သည်။ လူငယ်များသည် အတန်းဖော်​များ​၏ လက်ခံမှုကို ရ​လို​ကြသည်။ ကျောင်းတွင် ယောက်ျားလေး​အချို့​သည် အခြား​ကျောင်းသား​များ​က မိမိတို့ကို​အထင်ကြီး​စေရန် သူတစ်ပါးကို ကြိမ်းမောင်း​၍ ကြီး​နိုင်​ငယ်​ညှဉ်း​ကာ ယောက်ျား​မာန်​ပြ​တတ်ကြ​သည်။ (မဿဲ ၂၀:၂၅) အခြား​လူငယ်များ​က​မူ အားကစား​တွင်၊ သို့​မဟုတ် တခြား​လှုပ်ရှားမှုများ​တွင် ထူးချွန်​ကြောင်း ဝင့်ကြွား​ပြ​လို​ကြသည်။ သူတို့၏​အစွမ်း​သတ္တိ​ကို ထုတ်​ကြွား​ရာ​တွင် အတန်းဖော်​များနှင့် တခြား​ကျောင်းသား​များ​ကို ကြင်နာ​မှု​ကင်းမဲ့​စွာ ပြုမူ​ဆက်ဆံ​ပြီး ထိုသို့​ပြုခြင်း​သည်​ပင် သူတို့ထက် တစ်နည်း​နည်းဖြင့် သာလွန်​သည်​ဟု တလွဲ​ယူမှတ်​ကြသည်။ ခရစ်ယာန်​လူငယ်​တစ်ဦး​သည် ထို​သူတို့ကို မတုပ​မိ​ရန် သတိပြု​ရမည်။ (မဿဲ ၂၀:၂၆၊ ၂၇) တမန်​တော်​ပေါလု​က “မေတ္တာသည် စိတ်ရှည်​တတ်၏။ ကျေးဇူးပြု [“ကြင်နာ၊” က​ဘ] တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်း​မရှိ၊ ဝါကြွားခြင်း​မရှိ၊ မာန်​မာန​မရှိ” ဟု​ဆို​ခဲ့​သည်။ ထို့​ကြောင့် ခရစ်ယာန်​တစ်ဦး​သည် ကြင်နာ​မှု​ကင်းမဲ့​သူများ​၏ မကောင်းသော​ပုံသက်သေ​ကို မလိုက်လျှောက်​ဘဲ ကျောင်းနေ​ဖက်​များနှင့် ဆက်ဆံ​ရာ​တွင် ကျမ်းစာ​ဆုံးမ​စကား​ကို စွဲကိုင်​ဖို့ တာဝန်​ရှိ၏။—၁ ကောရိန္သု ၁၃:၄

၁၂။ (က) ဆရာများ​ကို ကြင်နာ​မှု​ပြ​ရန်​မှာ လူငယ်များ​အတွက် အဘယ်ကြောင့် စိန်ခေါ်ချက်​ဖြစ်​နိုင်​သနည်း။ (ခ) ကြင်နာ​မှု​ကင်းမဲ့​စေရန် ဖိအား​ပေး​ခံရ​သည့်​အခါ လူငယ်များ​ကို မည်သူ​ကူညီ​ပေး​နိုင်​သနည်း။

၁၂ လူငယ်များသည် သူတို့၏​ဆရာများ​ကိုလည်း ကြင်နာ​စွာ​ဆက်ဆံ​သင့်​သည်။ ကျောင်းသား​များစွာ​သည် ဆရာများ​ကို စိတ်ပျက်အောင် ပြုလုပ်​တတ်ကြ​သည်။ ကျောင်း​စည်းကမ်း​များ​ကို ချိုးဖောက်​သည့် လှုပ်ရှားမှုများ​တွင်​ပါဝင်ခြင်း​ဖြင့် ဆရာများ​ကို မလေးမစား​ပြု​သည့်​အခါ သူတို့ကိုယ်သူတို့ တော်​လှ​ပြီ​ဟု ယူမှတ်​ကြသည်။ အခြား​သူများကို ခြိမ်းခြောက်​၍ သူတို့နှင့် ပူးပေါင်း​စေ​သည်။ ခရစ်ယာန်​လူငယ်​တစ်ဦး​သည် ပူးပေါင်း​ရန်​ငြင်း​သောအခါ ဝိုင်း​အ​လှောင်​ခံရ သို့​မဟုတ် ဆဲဆို​ထိုးနှက်​ခံရ​ပေမည်။ စာသင်​နှစ်​တစ်နှစ်​လုံး ဤသို့​သော​အခြေအနေ​မျိုးကို ရင်ဆိုင်​ရခြင်း​သည် ကြင်နာ​မှု​ပြ​ရန် ခရစ်ယာန်​တစ်ဦး၏​သန္နိ​ဋ္ဌာန်​ကို စမ်းသပ်ခြင်း​ဖြစ်သည်။ သို့သော် သစ္စာရှိ​ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​ဖြစ်​ရန် ယင်းသည် မည်မျှ​အရေးကြီးကြောင်း စိတ်ထဲ​စွဲမှတ်​ပါ။ ကိုယ်တော်​သည် ဘဝ၏​အဆိုပါ​ခက်ခဲ​ချိန်​များ​တွင် မိမိ၏​ဝိညာဉ်​တော်​အားဖြင့် ထောက်​မပေး​လိမ့်​မည်​ဖြစ်​ကြောင်း စိတ်ချ​ပါ။—ဆာလံ ၃၇:၂၈

အိမ်နီးချင်း​များ​အပေါ် ကြင်နာ​မှု

၁၃-၁၅။ အိမ်နီးချင်း​များ​ကို ကြင်နာ​မှု​ပြ​ရန် အဘယ်အရာက အဟန့်အတား​ဖြစ်​နိုင်​သနည်း၊ ဤ​စိန်ခေါ်ချက်​များ​ကို မည်သို့​အောင်မြင်​နိုင်​မည်​နည်း။

၁၃ သင်သည် အိမ်​တွင်၊ တိုက်ခန်း​တွင်၊ နောက်​တွဲ​ယာဉ်​တွင် သို့​မဟုတ် မည်သည့်​နေရာတွင်​မဆို နေထိုင်​ပါစေ အိမ်နီးချင်း​များ​ကို ကြင်နာ​မှု​ပြပြီး သူတို့​အကျိုးကို စိတ်ဝင်စား​ကြောင်း ပြသ​သည့်​နည်း​များ​ကို စဉ်းစား​နိုင်​သည်။ ၎င်း​သည်လည်း အမြဲ​လွယ်ကူ​သည်မဟုတ်​ချေ။

၁၄ သင်၏​အိမ်နီးချင်း​များ​က သင်၏​လူမျိုး၊ သို့​မဟုတ် ဘာသာ​တရား​ကြောင့် စိတ်​စွန်းကွက်​နေလျှင်​ကော။ တစ်ခါတစ်ရံ သူတို့သည် ရိုင်းစိုင်း​မည် သို့​မဟုတ် သင့်ကို လုံးဝ​ဥပေက္ခာပြု​ထား​လျှင်​ကော။ ယေဟောဝါ​ကျေးကျွန်​တစ်ဦး​အနေ​နှင့် အတတ်နိုင်ဆုံး ကြင်နာ​မှု​ပြ​ခြင်း​သည် အကျိုးကျေးဇူး​ရရှိ​လိမ့်​မည်။ သင်သည် တစ်မူထူး​ခြား​စွာ ကြံ့ကြံ့ခံ​ရပ်တည်​လျှင် ကြင်နာ​မှု​၏​စံနမူနာရှင် ယေဟောဝါ​ကို အမှန်ပင်​ချီးမွမ်း​ရာ​ရောက်​လိမ့်​မည်။ သင်၏​ကြင်နာ​မှု​ကြောင့် အိမ်နီးချင်း​၏​စိတ်ထား​ပြောင်းလဲ​သွား​မည့်​အချိန်ကို သင်​ဘယ်တော့​မျှ​သိမည်​မဟုတ်​ချေ။ သူသည် ယေဟောဝါ​အား ချီးမွမ်းသူ​ပင် ဖြစ်လာ​နိုင်၏။—၁ ပေတရု ၂:၁၂

၁၅ ကြင်နာ​မှု​ကို မည်သို့​ပြ​နိုင်​မည်​နည်း။ တစ်ချက်​အနေ​နှင့် အမူအကျင့်​ဖြင့် မိသားစု​လိုက် ဝိညာဉ်​အသီးသီး​ပြ​ကြသည်။ တစ်ခါတစ်ရံ သင်၏​အိမ်နီးချင်း​ကို ကြင်နာ​မှု​ပြ​နိုင်​ပေမည်။ ကြင်နာ​မှု​ဟူသည် သူတစ်ပါး​အကျိုးကို စိတ်ဝင်တစား​လုပ်ဆောင်ပေး​ခြင်း​ဖြစ်​ကြောင်း သတိရပါ။—၁ ပေတရု ၃:၈-၁၂

ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကြင်နာ​မှု

၁၆၊ ၁၇။ (က) ကြင်နာ​မှု​သည် ကျွန်ုပ်​တို့၏​လူထု​ဓမ္မ​အမှု​တွင် အဘယ်ကြောင့် အရေးကြီး​သနည်း။ (ခ) လယ်ကွင်း​ဓမ္မ​အမှု​၏​နည်း​အမျိုးမျိုး​တွင် ကြင်နာ​မှု​ကို မည်သို့​ပြ​နိုင်​သနည်း။

၁၆ ကျွန်ုပ်​တို့သည် လူတို့၏​နေအိမ်များ၊ အလုပ်ခွင်​များနှင့် လူအများ​ရှိရာ​နေရာများ​သို့ ရောက်ရှိ​ရန် စုပေါင်း​ကြိုးစား​သည့် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကြင်နာ​မှု​ပြ​သင့်​သည်။ ကျွန်ုပ်​တို့သည် အမြဲ​ကြင်နာ​တတ်​သည့် ယေဟောဝါ​ကို ကိုယ်စား​ပြု​ကြောင်း သတိရ​သင့်​သည်။—ထွက်မြောက်ရာ ၃၄:၆

၁၇ သင်၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကြင်နာ​မှု​ပြ​ရန် ကြိုးစား​အားထုတ်မှု​များ​၌ အဘယ်အရာ​ပါဝင်​သနည်း။ဥပမာတစ်ခု​အနေ​နှင့် လမ်းပေါ်​သက်သေခံ​နေစဉ် လူ​တို့​ထံ​ချဉ်းကပ်​သည့်​အခါ အတိုချုပ်​ပြော​ပြီး ထောက်ထား​စာနာ​ခြင်း​အားဖြင့် ကြင်နာ​မှု​ပြ​နိုင်​သည်။ လူ​သွား​စင်္ကြံ​များသည် လူ​သွား​လူ​လာ​များနှင့် အစဉ်​ပြည့်ကျပ်​နေရာ သင်သည် လူ​သွား​စင်္ကြံ​များ​တွင် ပိတ်ဆို့​မ​ရပ်​မိ​ရန် သတိပြုပါ။ ထို့​ပြင် စီးပွားရေး​ရပ်ကွက်တွင် သက်သေခံ​သည့်​အခါ ဆိုင်​ရှင်​များသည် ဝယ်​သူများကို အာရုံစိုက်​ကြ​ကြောင်း သတိရ​ကာ အတိုချုပ်​ပြော​ခြင်း​ဖြင့် ကြင်နာ​မှု​ပြ​ပါ။

၁၈။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကြင်နာ​မှု​ပြ​ရာ​၌ ပိုင်းခြား​သိမြင်မှု​သည် အဘယ်​ကဏ္ဍ​မှ ပါဝင်​သနည်း။

၁၈ တစ်အိမ်​မှ​တစ်အိမ်​အမှုဆောင်ရာတွင် ပိုင်းခြား​သိမြင်မှု​ကို​အသုံးပြုပါ။ အထူးသဖြင့် ရာသီဥတု​ဆိုးရွား​လျှင် သူတစ်ပါး​အိမ်​တွင် ကြာရှည်​မနေ​ပါ​နှင့်။ လူတစ်ဦး​သည် သင်​ရှိနေခြင်း​ကြောင့်​စိတ်မရှည်​နိုင်၊ စိတ်ဆိုး​လာ​သည်ကို သိရှိ​နိုင်​သလော။ သင်၏​ဒေသ​တွင်​ယေဟောဝါသက်သေ​များ မကြာခဏ​သွားရောက်​မှု​ကြောင့် ဖြစ်​နိုင်​ပေမည်။ ထိုသို့​ဖြစ်​လျှင် အထူး​စာနာ​ထောက်ထား​မှု​ပြပြီး အမြဲ​ကြင်နာ​ကာ ဖော်ရွေ​ပါ။ (သု.၁၇:၁၄) ထို​နေ့တွင် အိမ်ရှင် နားမထောင်​ရသည့်​အကြောင်းရင်းကို အသိအမှတ်ပြု​ရန် ကြိုးစား​ပါ။ သင်၏​ခရစ်ယာန်​ညီအစ်ကို သို့​မဟုတ် ညီအစ်မ​တစ်ဦးဦး​သည် မကြာမီ ထို​အိမ်​သို့ ပြန်သွား​မည်​ကို သတိရပါ။ ခက်ထန်​သူ​တစ်ဦး​နှင့် တွေ့ဆုံ​ရ​လျှင် ကြင်နာ​မှု​ပြ​ရန် အထူး​ကြိုးစား​ပါ။ အသံ​မမာ​ဘဲ သို့​မဟုတ် မျက်​မှောင်​မ​ကြုတ်​ဘဲ အေးဆေး​တည်ငြိမ်​စွာ ပြောဆို​ပါ။ ကြင်နာ​တတ်သော​ခရစ်ယာန်​တစ်ဦး​သည် အိမ်ရှင်ကို စကား​စစ်​ထိုး​ပြီး ဒေါသ​ထွက်​အောင် ပြုလုပ်​လို​မည်​မဟုတ်​ချေ။ (မဿဲ ၁၀:၁၁-၁၄) တစ်နေ့​နေ့တွင် ထို​သူသည် သတင်းကောင်းကို နားထောင်​ကောင်း နားထောင်​လာပေမည်။

အသင်းတော်​အစည်းအဝေး​များ​တွင် ကြင်နာ​မှု

၁၉၊ ၂၀။ အသင်းတော်တွင် အဘယ်ကြောင့် ကြင်နာ​မှု​ပြဖို့​လိုအပ်​ပြီး ယင်းကို မည်သို့​ပြသ​နိုင်​သနည်း။

၁၉ ယုံကြည်သူချင်း​များ​ကို ကြင်နာ​မှု​ပြ​ရန်​လည်း အရေးကြီး​သည်။ (ဟေဗြဲ ၁၃:၁) ကျွန်ုပ်​တို့သည် ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​အဝင်​ဖြစ်သော​ကြောင့် အချင်းချင်း​ဆက်ဆံ​ရာ​တွင် ကြင်နာ​မှု​ပြ​ရန် မရှိမဖြစ်​လိုအပ်​၏။

၂၀ အသင်းတော်​တစ်ခု​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​ကို အခြား​အသင်းတော်​တစ်ခု၊ နှစ်ခု သို့​မဟုတ် ထို​ထက်​များသော အသင်းတော်များ​နှင့် မျှဝေ​အသုံးပြု​နေရ​လျှင် တခြား​အသင်းတော်​သားများ​ကို ဂုဏ်​တင်၍ ကြင်နာ​စွာ​ဆက်ဆံ​ရန် အရေးကြီး​၏။ အစည်းအဝေး​အချိန်​များနှင့် သန့်ရှင်းရေး သို့​မဟုတ် ပြုပြင်​ထိန်းသိမ်းရေး​အစ​ရှိသော လိုအပ်ရာ​များ အစီအစဉ်​ရေးဆွဲ​ရတော့​မည့်​အခါ ဂုဏ်ပြိုင်ခြင်း​သည် ပူးပေါင်း​ဆောင်ရွက်ရန် အခက်တွေ့​စေ​၏။ သဘောထား​ကွဲလွဲ​ချက်​အချို့​ရှိလျှင်​ပင် ကြင်နာ​ပြီး ထောက်ထား​စာနာ​ပါ။ ထိုသို့​ဖြင့် ကြင်နာ​မှု​သည် အောင်ပွဲခံ​ပြီး သူတစ်ပါး​အကျိုးကို သင်,စိတ်ဝင်စားမှု​ပြ​ခြင်း​အပေါ် ယေဟောဝါ​ကောင်းချီး​ပေး​ပါ​လိမ့်​မည်။

ကြင်နာ​မှု​ကို ဆက်​ပြ​လော့

၂၁၊ ၂၂။ ကောလောသဲ ၃:၁၂ နှင့်​အညီ ကျွန်ုပ်​တို့သည် မည်သို့​သန္နိ​ဋ္ဌာန်​ချ​သင့်​သနည်း။

၂၁ ကြင်နာ​မှု​သည် ကျွန်ုပ်​တို့၏​ဘဝ​ကဏ္ဍ​တိုင်း​အပေါ် လွှမ်းမိုးသည့် အရာခပ်သိမ်း​နှင့်​သက်ဆိုင်​သော အရည်အသွေး​တစ်ခု​ဖြစ်၏။ ထို့​ကြောင့် ကြင်နာ​မှု​ကို ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဥပဓိရုပ်​နှင့် ခွဲထုတ်​မရ​သော​အပိုင်း​တစ်ခု ဖြစ်စေ​သင့်​သည်။ အခြားသူများ​အား ကြင်နာ​မှု​ပြ​ခြင်း​ကို အကျင့်ဓလေ့​ဖြစ်စေ​သင့်​သည်။

၂၂ ကျွန်ုပ်​တို့အားလုံး အခြား​သူများကို နေ့စဉ် ကြင်နာ​မှု​ပြ​ကြ​ပြီး တမန်​တော်​ပေါလု​၏ ဤ​စကား​များ​ကို တစ်ဦးချင်း​စီ လိုက်လျှောက်​နိုင်​ကြ​ပါစေ– “သင်တို့သည် ဘုရားသခင်​ရွေးကောက်​သော​သူ၊ သန့်ရှင်းသော​သူ၊ ချစ်အပ်သော​သူ​ကဲ့သို့၊ သနားစုံမက်​ခြင်း၊ ကျေးဇူးပြု​ခြင်း [“ကြင်နာ​ခြင်း၊” က​ဘ]၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ စိတ်ရှည်ခြင်း​တို့ကို ယူတင်​ဝတ်ဆောင်​ကြလော့။”—ကောလောသဲ ၃:၁၂

သင်​မှတ်မိ​သလော

• ကြင်နာ​မှု​ပြ​ရန် ခရစ်ယာန်​တစ်ဦး​အတွက် အဘယ်အရာက အခက်တွေ့​စေ​သနည်း။

• မိသားစုတွင် ကြင်နာ​မှု​ပြ​ခြင်း​သည် အဘယ်ကြောင့် အရေးကြီး​သနည်း။

• ကျောင်းတွင်၊ အလုပ်ခွင်​တွင်​နှင့် အိမ်နီးချင်း​များ​ကို ကြင်နာ​မှု ပြ​ရာ​တွင် ကြုံတွေ့​ရသည့် စိန်ခေါ်ချက်​အချို့​ကား အဘယ်နည်း။

• ခရစ်ယာန်​များသည် လူထု​ဓမ္မ​အမှု​တွင် မည်သို့​ကြင်နာ​မှု​ပြ နိုင်​ပုံ​ကို ရှင်းပြပါ။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မိသားစုဝင်​အားလုံး ပြသ​သော ကြင်နာ​မှု​သည် စည်းလုံးမှု​နှင့် ပူးပေါင်း​ဆောင်ရွက်မှု​ကို​ဖြစ်စေ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သင်သည် လုပ်ဖော်ဆောင်ဖက်​တစ်ဦး သို့​မဟုတ် သူ၏​မိသားစု ဖျားနာ​သည့်​အခါ ကြင်နာ​မှု​ပြ​နိုင်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကဲ့ရဲ့​ပြောင်လှောင်မှု​ကြား​မှ စွဲမြဲ​စွာ ကြင်နာ​မှု​ပြ​သူများကို ယေဟောဝါ​ထောက်ပံ့

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လိုအပ်​နေသော​အိမ်နီးချင်း​တစ်ဦး​ကို ကူညီ​ပေးခြင်း​သည် ကြင်နာ​မှု​လုပ်ရပ်​တစ်ခု​ဖြစ်