မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

လူတချို့ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ

လူတချို့ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ

ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်းနှစ်ထောင်လောက်က ဒီဇင်ဘာ ၂၅ ရက်နေ့ရောက်တိုင်း ခရစ္စမတ်ပွဲကို ကျင်းပကြတယ်။ သန်း ၂၀၀ လောက်ကတော့ ဇန်နဝါရီ ၇ ရက်နေ့မှာ ယေရှုရဲ့မွေးနေ့ပွဲကို ကျင်းပကြပါတယ်။ တခြားသန်းနဲ့ချီတဲ့သူတွေကတော့ ခရစ္စမတ်ပွဲကို မကျင်းပဖို့ ရွေးချယ်ကြပါတယ်။ ဘာကြောင့်လဲ။

တစ်ချက်အနေနဲ့ သူတို့ဟာ ခရစ်ယာန်မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။ သူတို့ဟာ ဂျူး၊ ဟိန္ဒူ၊ ရှင်တိုဘာသာဝင်တို့နဲ့ ခရစ္စမတ်ကို ဒဏ္ဍာရီပုံပြင်လို့ ယူမှတ်ကြတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။

အံ့ဩစရာကောင်းတာက ယေရှုကို ယုံကြည်ပေမဲ့လည်း ခရစ္စမတ်ပွဲကို ငြင်းပယ်တဲ့သူတွေ အတော်များများ ရှိကြပါတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း လေးခုကြောင့်ဖြစ်ပါတယ်။

ပထမ၊ ယေရှုဟာ ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလမှာ မွေးဖွားတယ်လို့ သူတို့ မယုံကြည်ပါဘူး။ သမ္မာကျမ်းစာမှာ ယေရှုမွေးဖွားတဲ့နေ့ကို တိတိကျကျ မဖော်ပြထားပါဘူး။ အဲဒီအစား၊ ဒီလို ရိုးရိုးလေးလေးပဲ ဖော်ပြထားတယ်– ‘ထိုအရပ်ဒေသမှ သိုးထိန်းများသည် မိမိတို့၏ သိုးအုပ်များကို ညအခါ ကွင်းပြင်၌ ထိန်းကျောင်းလျက်ရှိကြ၏။ ယေဟောဝါဘုရားသခင်၏ ကောင်းကင်တမန်သည် သူတို့အနီးတွင် ရုတ်တရက် ပေါ်လာ၍ “သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် သင်တို့အတွက် ယနေ့ ဖွားမြင်ခြင်းကို ခံတော်မူပြီ” ဟုမြွက်ဆို၏။’—လုကာ ၂:၈-၁၂

ဒီကျမ်းချက်အရ၊ ညအချိန်မှာ သိုးထိန်းတွေ သိုးကျောင်းတတ်ကြတဲ့ အောက်တိုဘာ လဆန်းပိုင်းလောက်မှာ ယေရှု မွေးဖွားတာ ဖြစ်နိုင်တယ်။ ဘက်သလီဟင်မြို့ဝန်းကျင်မှာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလဟာ အအေးဆုံးလတွေ ဖြစ်ပါတယ်။ ဒါကြောင့် သိုးတွေကို ညအချိန်မှာ နွေးနွေးထွေးထွေးရှိအောင် အကာအကွယ်ရှိတဲ့နေရာမှာ ထားတတ်ကြတယ်။

ဒုတိယ၊ ယေရှုက သူ့ရဲ့မွေးနေ့ကိုမဟုတ်ဘဲ သေတဲ့နေ့ကို အောက်မေ့တဲ့အနေနဲ့ အထိမ်းအမှတ်ပွဲ ကျင်းပဖို့ သူ့ရဲ့တပည့်တွေကို သတ်သတ်မှတ်မှတ် ညွှန်ကြားခဲ့ပါတယ်။ (လုကာ ၂၂:၁၉၊ ၂၀) ခရစ်ဝင်ကျမ်းရေးသူတွေဖြစ်တဲ့ မာကုနဲ့ယောဟန်တို့က ယေရှုရဲ့ မွေးနေ့နဲ့ပတ်သက်ပြီး ဘာမှ မဖော်ပြထားဘူးဆိုတာ သတိပြုပါ။

ယေရှုက သူ့ရဲ့မွေးနေ့ကိုမဟုတ်ဘဲ သေတဲ့နေ့ကို အောက်မေ့တဲ့အနေနဲ့ အထိမ်းအမှတ်ပွဲကျင်းပဖို့ သူ့ရဲ့တပည့်တွေကို သတ်သတ်မှတ်မှတ် ညွှန်ကြားခဲ့

တတိယ၊ အစောပိုင်း ခရစ်ယာန်တွေဟာ ယေရှုရဲ့မွေးနေ့ပွဲကို ကျင်းပခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထား ဘာတစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကိုတော့ ကျင်းပခဲ့ကြပါတယ်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) ယေရှုမွေးဖွားပြီး အနှစ် ၃၀၀ ကြာပြီးနောက်မှပဲ ဒီဇင်ဘာ ၂၅ ရက်ကို ခရစ္စမတ်ပွဲနေ့အဖြစ် တရားဝင် ကျင်းပလာကြတာဖြစ်တယ်။ ၁၇ ရာစုအလယ်ပိုင်းလောက်က အင်္ဂလန်နိုင်ငံမှာ ခရစ္စမတ်ပွဲကျင်းပတာကို ပါလီမန်က ပိတ်ပင်တားမြစ်ခဲ့တာ စိတ်ဝင်စားစရာပါပဲ။ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်က ဥပဒေပြုတရားရုံးကလည်း ထပ်တူပိတ်ပင်ခဲ့တယ်။ ဘာကြောင့်လဲ။ စာအုပ်တစ်အုပ် (The Battle for Christmas) မှာဒီလိုဖော်ပြထားတယ်– “ဒီဇင်ဘာ ၂၅ ရက်က ယေရှုရဲ့မွေးနေ့ ဖြစ်ပါတယ်ဆိုတဲ့ ကျမ်းဆိုင်ရာ ဒါမှမဟုတ် သမိုင်းဆိုင်ရာ အထောက်အထား ဘာတစ်ခုမှ မရှိဘူး။” အဲဒီအပြင် “ခရစ္စမတ်ဟာ အယူမှားသူတွေရဲ့ ပွဲလမ်းသဘင်ကနေ ခရစ်ယာန်ဘာသာရေးပွဲအဖြစ် ပြောင်းလဲလိုက်တဲ့ပွဲဖြစ်တယ်” လို့ ပျူရီတန်တွေက (အင်္ဂလိပ် ပရိုတက်စတင့် ဂိုဏ်းခွဲဝင်) ယူမှတ်ကြတယ်ဆိုပြီး ရေးထားပါသေးတယ်။

ဒီအချက်က စတုတ္ထအကြောင်းရင်းကို ဖော်ပြပေးပါတယ်– အဲဒါကတော့ ခရစ္စမတ်ပွဲရဲ့ မနှစ်မြို့ဖွယ်ကောင်းတဲ့ ဇာစ်မြစ်ပါ။ ခရစ္စမတ်ပွဲရဲ့ နောက်ကြောင်းကို ခြေရာခံကြည့်လိုက်တဲ့အခါ စိုက်ပျိုးရေးနတ်ဘုရား ဆက်တန်၊ နေနတ်ဘုရား မိသရတို့ကို ဂုဏ်တင်တဲ့ ပွဲလမ်းသဘင်တွေနဲ့ ဆက်နွှယ်နေတာကို တွေ့ရပါတယ်။ စာအုပ်တစ်အုပ် (Pagan Christmas) ရဲ့ ပူးတွဲစာရေးဆရာနဲ့ မနုဿဗေဒပညာရှင်တွေဖြစ်တဲ့ ခရစ်ရှန် ရက်ခ်ျနဲ့ ကလောဒီယာ မူလာ အေဘလင်တို့က ဒီလိုရေးသားခဲ့တယ်– “ခရစ်ယာန်မတိုင်ခင်က ဓလေ့ထုံးစံနဲ့ ယုံကြည်ချက်များစွာလိုပဲ နှစ်စဉ် နေနတ်ဘုရားပြန်လာတဲ့ အထိမ်းအမှတ်အနေနဲ့ အရင်က ကျင်းပခဲ့တဲ့ပွဲကို ယခုအခါ ယေရှုရဲ့ မွေးနေ့ပွဲအဖြစ် ပြောင်းလဲကျင်းပလိုက်ကြတယ်။”

ဖော်ပြပါအချက်တွေအရ ခရစ်ယာန်စစ်တွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပရသလဲဆိုတာကို သင် သဘောပေါက်ပြီလား။