မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်များသည် အခြားသူများကို ဟောပြောသင့်သလော

ခရစ်ယာန်များသည် အခြားသူများကို ဟောပြောသင့်သလော

သမ္မာကျမ်းစာ​ရှုထောင့်

ခရစ်ယာန်​များသည် အခြား​သူများကို ဟောပြော​သင့်​သလော

သင် ကြီးပြင်း​လာ​သည့်​ဝန်းကျင် သို့​မဟုတ် ယဉ်ကျေးမှု​က မိသားစု သို့​မဟုတ် ချာ့ခ်ျ​ပြင်ပ​၌ ဘာသာရေး​အကြောင်း ဆွေးနွေး​ပြောဆိုခြင်း​မပြုရ​ဟု ပြဋ္ဌာန်း​ကောင်း​ပြဋ္ဌာန်း​မည်။ ထို့​ကြောင့် လူတစ်ဦး​သည် ကျမ်းစာ​ကို​ကိုင်​၍ သင့်​အိမ်​သို့ မပြော​မဆို​ရောက်လာ​ပါ​က သင်​စိတ်​အနှောင့်အယှက်​ဖြစ်​ပေမည်။ အချို့​သူများ ဤသို့​ရှုမြင်ကြ​ခြင်း​မှာ ဘာသာရေး​သမိုင်း​တွင် လူ​တို့အား ကယ်တင်​ရေး​ဟူသော ကင်ပိန်း​များ​ကို​ဗန်း​ပြပြီး အကြမ်းဖက်​လုပ်ရပ်များ လုပ်ဆောင်ခဲ့​သောကြောင့်​ဖြစ်သည်။

အလုံးအရင်း​ဖြင့် လူ​တို့​ဘာသာ​ပြောင်း​ကြ​ခြင်း​သည် ခရစ်တော်​အား​ချစ်သော​ကြောင့်​မဟုတ်ဘဲ ဓား​မိုး​ခံရ​သောကြောင့်​ဖြစ်​ကြောင်း နိုင်ငံ​များစွာ​၏​သမိုင်းက ဖော်ပြ​သည်။ များစွာ​သော​သူတို့သည် နှိပ်စက်​ညှဉ်းပန်း​သူများ​၏ ဘာသာ​သို့​ပြောင်း​ဝင်​မည့်​အစား ပုန်းရှောင်​ခဲ့​ကြသည်၊ နေအိမ်​နှင့် တိုင်းပြည်​ကို​စွန့်ခွာ​ခဲ့​ကြသည် သို့​မဟုတ် အသက်​ပင် ဆုံးရှုံး​ခံ—အချို့​တို့​မှာ သစ်တိုင်ပေါ်​မီးရှို့​သတ်ဖြတ်​ခြင်း​ခံ—ခဲ့​ကြသည်။

ဤသို့​အတင်းအကျပ် ဘာသာ​ပြောင်း​စေသည့်​လုပ်ရပ်များ​ကို မှုတ်သွင်းခံ​ကျမ်းစောင်​များ​က မထောက်ခံ​ပါ။ သို့​ဖြစ်​လျှင် အခြားသူများ​အား မိမိ၏​ဘာသာရေး​ယုံကြည်ချက်များ ဝေမျှခြင်း​ကို ယင်းက တားမြစ်​သလော။ သမ္မာကျမ်းစာ​ကိုယ်တိုင်​က အဖြေပေး​ပါ​သည်။

အခွင့်အာဏာဖြင့်​သွန်သင်

ဦးဆုံး ယေရှု​ခရစ်​ချမှတ်​ခဲ့​သော စံနမူနာ​ကို သုံးသပ်ကြည့်​ပါ။ ကိုယ်တော်​သည် နားဆင်​သူများ​၏​အသက်တာကို ဩဇာ​လွှမ်းမိုး​ခဲ့​သော ကျွမ်းကျင်​ပိုင်နိုင်​သည့် ဆရာ​တစ်ဦး​ဖြစ်သည်။ (ယောဟန် ၁၃:၁၃၊ ၁၅) တောင်ပေါ်​တရားတော်​တွင် ကိုယ်တော်​၏​သွန်သင်ချက်​များသည် ရိုးရှင်း​သော်လည်း တန်ခိုး​ပါ​၏။ အကျိုးဆက်​မှာ ကိုယ်တော်​အား နားဆင်​သူတို့သည် “အလွန်​အံ့သြ​ကြ​၏။ အကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆရာ​နည်းတူ​မဟုတ်၊ အစိုးရ​သော​သူ​နည်းတူ ဆုံးမ . . . တော်​မူ​၏။” (မဿဲ ၇:၂၈၊ ၂၉) အနှစ် ၂,၀၀၀ ခန့်​လွန်ပြီး​နောက် ကိုယ်တော်​၏​သွန်သင်ချက်​များသည် ယင်းကို ဆန်းစစ်​သုံးသပ်​သူများ​၏​အသက်တာ​များ​အပေါ် ဩဇာ​လွှမ်းမိုး​ဆဲ​ဖြစ်သည်။ ဤ​အချက်​ကို​အတည်ပြု​ရာ​၌ ပါမောက္ခ ဟန်းစ် ဒီ​တာ ဘက်​ဇ်​က “တောင်ပေါ်​တရားတော်​၏ ဩဇာ​ညောင်း​မှု​သည် ဂျူး​ဘာသာ​နှင့် ခရစ်ယာန်​ဘာသာ​၏​နယ်​သတ်​မျဉ်း​ကို သို့​မဟုတ် အနောက်​တိုင်း​ယဉ်ကျေးမှုကို​ပင် ကျော်လွန် အကျိုး​သက်ရောက်မှု​ရှိသည်” ဟု​မှတ်ချက်ချ​ခဲ့​သည်။

ကောင်းကင်​သို့ မတက်ကြွမီ​ကလေး​တွင် ယေရှု​က ကိုယ်တော်​အစပြု​ခဲ့​သော သွန်သင်ခြင်း​လုပ်ငန်း​သည် မိမိ​သေဆုံး​ပြီး​နောက် ဆက်​တည်ရှိ​နေပြီး ပို​၍​ပင် တွင်ကျယ်​လာ​မည်​ဖြစ်​ကြောင်း မိန့်မှာ​ခဲ့​သည်။ (ယောဟန် ၁၄:၁၂) လူမျိုးအပေါင်း​မှ​လူ​တို့​ထံ​သွားပြီး ကိုယ်တော်​မိန့်မှာ​ခဲ့​သော ‘ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သွန်သင်ပေး’ ရန် တပည့်​များ​ကို ကိုယ်တော်​ညွှန်ကြား​ခဲ့​သည်။ ဤ​တာဝန်​၏​အဓိက​ရည်ရွယ်ချက်ကို ထို​ဖော်ပြချက်​၌ ယေရှု​ဤသို့​ရှင်းပြ​ခဲ့​သည်– “သင်တို့​သွား​၍ . . . တပည့်​ဖြစ်စေ . . . ကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀; တမန်​တော် ၁:၈

တမန်​တော်​ပေါလု​၏​ပုံ​နမူနာကို​လည်း သုံးသပ်ကြည့်​ပါ။ သူကိုယ်တိုင် ခရစ်ယာန်​ဘာသာ​သို့ ပြောင်း​ဝင်လာ​ပြီး​နောက် သူ​တွေ့ရှိ​ထား​ခါ​စ ယုံကြည်ချက်ကို မရှက်မကြောက်​ဝေမျှ​ခဲ့​သည်။ (တမန်​တော် ၉:၁၇-၁၉၊ ၂၂) တရား​ဇရပ်​များ​တွင် ဟောပြော​၍ “ခရစ်တော်​သည် အသေခံ​ရမည်။ သေခြင်း​မှ​ထမြောက်​ရမည် . . . ဟူသော အကြောင်းအရာ​တို့ကို [“အထောက်အထား​များ​ဖြင့်၊” က​ဘ]” သက်သေထူခြင်း​သည် ပေါလု​၏​ထုံးစံ​ဖြစ်​ခဲ့​သည်။ သူသည် “ယုဒ​လူ​နှင့် ဟေ​လ​သ​လူ​တို့ကို ဖြားယောင်း​သွေးဆောင်” ရန် “ကျမ်းစာ​ကို​အမှီပြု၍ ထို​သူတို့နှင့်” ကျွမ်းကျင်​လိမ္မာ​စွာ “ဆွေးနွေး​နှီးနှော” ခဲ့​သည်။ အကိုးအကား​စာအုပ်​တစ်အုပ်​အရ “သွေးဆောင်” အတွက်​အသုံးပြု​ထားသော ဂရိ​စကားလုံး​သည် “ကျိုးကြောင်း​ဆင်ခြင်မှု သို့​မဟုတ် ကျင့်ဝတ်​ဆိုင်ရာ​သုံးသပ်မှု​များ​၏​သြဇာလွှမ်း​မိုး​မှု​ဖြင့် စိတ်သဘောထား​ပြောင်းလဲ​စေခြင်း” ဟူ၍​အဓိပ္ပာယ်​ရှိသည်။ ပေါလု​သည် ဤသို့​သွေးဆောင်​၍ ကျိုးကြောင်း​ဆင်ခြင်​တတ်သော​ကြောင့် သူသည် “လူအပေါင်း​တို့ကို ဖြားယောင်း​သွေးဆောင် [“၍ ခံယူ​ချက်​ပြောင်း​စေ​ခဲ့၊” က​ဘ] သည်။—တမန်​တော် ၁၅:၃; ၁၇:၁-၄၊ ၁၇; ၁၈:၄; ၁၉:၂၆

အကျပ်ကိုင်​ခြင်း သို့​မဟုတ် သွေးဆောင်ခြင်း—မည်သည့်​နည်းဖြင့်​နည်း

မျက်မှောက်ခေတ်တွင် “ဘာသာ​ပြောင်း​စေခြင်း” ဟူသော​ဝေါဟာရ​ကို ဘာသာ​တစ်မျိုး​မှ နောက်​တစ်မျိုး​သို့ အတင်းအကျပ်​ပြောင်း​စေသည့်​အဓိပ္ပာယ်​ဖြင့် အသုံးပြု​ကြပြီ​ဖြစ်သည်။ ဤသို့​သော​အလေ့အကျင့်ကို သမ္မာကျမ်းစာ မထောက်ခံ​ပါ။ ယင်းအစား လူတို့သည် မည်သို့​အသက်ရှင်​မည်​ကို ကိုယ်တိုင်​ရွေးချယ်​ရန် အခွင့်အရေး၊ တာဝန်​များနှင့်​အတူ လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်​ရှိ​သူများ​အဖြစ် ဖန်ဆင်း​ခံရ​ကြောင်း သွန်သင်ပေး​သည်။ ဤ​တွင် ဘုရားသခင်​အား မည်သို့​ဝတ်ပြု​မည်​ဟူသော​ဆုံးဖြတ်ချက်​လည်း ပါဝင်​သည်။—တရားဟောရာ ၃၀:၁၉၊ ၂၀; ယောရှု ၂၄:၁၅

မိမိ၏​အဆို​အမိန့်များ​ကို​လက်ခံရန် လူတစ်ဦးကို အကျပ်ကိုင်​ဖို့ အံ့ဖွယ်​တန်ခိုးတော်​နှင့် အခွင့်အာဏာကို တစ်ခါမျှ​အသုံးမပြု​ဘဲ​နေခြင်း​ဖြင့် ယေရှုသည် ဘုရားသခင်​ပေး​သော ဤ​အခွင့်အရေး​ကို လေးစား​ခဲ့​သည်။ (ယောဟန် ၆:၆၆-၆၉) နားဆင်​သူတို့၏ နှလုံး​ထဲ​ရောက်​စေဖို့​ရည်ရွယ်ချက်​ဖြင့် ခိုင်လုံ​သော​ကျိုးကြောင်း​ဆင်ခြင်မှု၊ ပုံ​ဥပမာ​များ၊ သဘောထား​မေးခွန်းများကို အသုံးပြုခြင်း​အားဖြင့် သူတို့ကို ကိုယ်တော်​လှုံ့ဆော်ပေး​ခဲ့​သည်။ (မဿဲ ၁၃:၃၄; ၂၂:၄၁-၄၆; လုကာ ၁၀:၃၆) သူတစ်ပါးကို အလားတူ​လေးစားမှု​တင်ပြ​ရန် မိမိ၏​တပည့်​များ​ကို ယေရှု​သင်ကြား​ပေး​ခဲ့​သည်။—မဿဲ ၁၀:၁၄

ပေါလု​သည် သူ၏​ဓမ္မ​အမှု​တွင် ယေရှုကို စံပြ​အဖြစ်​ထားခဲ့​ကြောင်း ထင်ရှား​ပါ​သည်။ နားဆင်​သူများကို ကျမ်းစာ​ထဲ​မှ ခိုင်လုံ​သော​ကျိုးကြောင်း​ဆင်ခြင်မှု​ဖြင့် သွေးဆောင်​စဉ်​တွင် ပေါလု​သည် အခြားသူများ​၏​ခံစားချက်​များနှင့် ရှုမြင်ပုံ​များ​ကို လေးစားမှု​ပြ​ခဲ့​သည်။ (တမန်​တော် ၁၇:၂၂၊ ၂၃၊ ၃၂) ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အား တက်တက်ကြွကြွ​အမှုထမ်း​ခြင်း​သည် ဘုရားသခင်​နှင့် ခရစ်တော်​ကို ချစ်သော​ကြောင့်​ဖြစ်​ရမည်ကို သူ​နားလည်ခဲ့​သည်။ (ယောဟန် ၃:၁၆; ၂၁:၁၅-၁၇) ထို့​ကြောင့် ကျွန်ုပ်​တို့​ကိုယ်ပိုင် ဆုံးဖြတ်ချက်​ဖြစ်​ရမည်။

ကိုယ်ပိုင်​ဆုံးဖြတ်ချက်

အဘယ်​အိမ်ကို​ဝယ်​မည်၊ အဘယ်တွင် အလုပ်လုပ်​၍ သားသမီး​များ​ကို မည်သို့​ကျွေးမွေး​ပြုစု​မည် စ​သော​အဓိကကျ​သည့် ဘဝ​ဆုံးဖြတ်ချက်​များ​ကို​ချ​သည့်​အခါ ဆင်ခြင်​ဉာဏ်​ရှိသူ​များသည် စိတ်ကူး​ပေါက်​ရာ​မပြု​လုပ်ကြပါ။ သူတို့​စိတ်ကြိုက်​ရွေးချယ်​ပြီး မိမိတို့၏​တွေ့ရှိချက်​များ​ကို စဉ်းစား​ဆင်ခြင်​ကာ အကြံဉာဏ်​တောင်း​ကြ​ပေမည်။ ဤ​အရာများ​ကို ထည့်သွင်း​စဉ်းစား​ပြီး​နောက်​မှ​သာ သူတို့​ဆုံးဖြတ်ချက်​ချ​ကြ​မည်။

ဘုရားသခင်​အား မည်သို့​ဝတ်ပြု​ကိုးကွယ်​သင့်​သည်​ဟူသော ဆုံးဖြတ်ချက်​သည် မည်သည့်​ဘဝ​ဆုံးဖြတ်ချက်​မဆို​ထက် ကျွန်ုပ်​တို့၏​အချိန်​နှင့် အားစိုက်ထုတ်မှု​ကို ပို​၍​ရထိုက်​ပါ​သည်။ ယင်းသည် ယခု ကျွန်ုပ်​တို့၏​အသက်ရှင်​နေထိုင်ပုံ​နှင့် သာ၍​အရေးကြီး​သည်​မှာ အနာဂတ်​တွင် ကျွန်ုပ်​တို့၏​ထာဝရ​အသက် မျှော်လင့်ချက်ကို အကျိုး​သက်ရောက်​ပါ​လိမ့်​မည်။ ဤ​အချက်​ကို ပထမ​ရာစု​မှ ဗေရိ​မြို့သား​ခရစ်ယာန်​များ ရှင်းလင်းစွာ​သဘောပေါက်​နားလည်ခဲ့​ကြသည်။ သတင်းကောင်းကို သူတို့အား တမန်​တော်​ပေါလု​ကိုယ်တိုင် ရှင်းပြ​ခဲ့​သည့်​တိုင် မိမိတို့​သွန်သင်ခံ​နေရ​သော​အရာများ​သည် မှန်​ကြောင်း​သေချာ​စေဖို့ ကျမ်းစာ​ကို နေ့စဉ် အသေအချာ​ဆန်းစစ်​ခဲ့​ကြသည်။ ရလဒ်​အနေ​နှင့် “ယုဒ​လူ​အမျိုး​တို့သည် ယုံကြည်ခြင်း​သို့​ရောက်​ကြ​၏။”—တမန်​တော် ၁၇:၁၁၊ ၁၂

ယေရှု​စီစဉ်​ခဲ့​သော သွန်သင်ခြင်း​နှင့် တပည့်​ဖြစ်စေခြင်း​လုပ်ငန်း​ကို ယနေ့ ယေဟောဝါသက်သေ​များ ဆက်လက်​ဆောင်ရွက်​နေကြ​သည်။ (မဿဲ ၂၄:၁၄) ကိုယ်ပိုင်​ဘာသာ​တရား​ရှိသော အခြား​သူတို့၏​အခွင့်အရေး​ကို သူတို့​လေးစား​ကြသည်။ သို့သော် မိမိတို့၏​ဘာသာရေး​ခံယူ​ချက်​များ​ကို သူတစ်ပါး​အား​ဝေမျှပေး​သောအခါ သမ္မာ​ကျမ်းစာပါ စံနမူနာ​ကို သူတို့​လိုက်လျှောက်​ကြသည်။ အသက်ကယ်​သည့်​လုပ်ငန်း​အဖြစ် သူတို့​ယူမှတ်​ရာ​ကို ကျမ်းစာ​မှ ရိုးရိုးသားသား​ကျိုးကြောင်း​ဆင်ခြင်​ပြ​ကြ​ပါ​သည်။—ယောဟန် ၁၇:၃; ၁ တိမောသေ ၄:၁၆